ရှင်မဿဲ 8
8
နူနာကိုပျောက်ကင်းစေခြင်း
(မာ၊ ၁:၄၀-၄၅။ လု၊ ၅:၁၂-၁၆။)
1ကိုယ်တော်သည် တောင်ပေါ်မှဆင်းကြွတော်မူလျှင်၊ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ၏။- 2ထိုအခါ နူနာစွဲသောသူတစ်ယောက်သည် ညွှတ်ပျပ်လျက်၊ သခင်အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု လျှောက်လေ၏။- 3ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူလျက် လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏချင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။- 4ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူအားမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သူတစ်ပါး၌ သက်သေဖြစ်စေခြင်းငှာ မောရှေစီရင်မှာထားသော ပူဇော်သကာကို ဆက်လော့ဟု မိန့်တော်မူ၏။-#ဝတ်၊ ၁၄:၁-၃၂။
တပ်မှူး၏ငယ်သားကိုကုသခြင်း
(လု၊ ၇:၁-၁၀။)
5ထိုနောက်မှ ကပေရနောင်မြို့သို့ ကြွဝင်တော်မူလျှင်၊ တပ်မှူးတစ်ယောက်သည် အထံတော်သို့လာ၍၊- 6သခင်၊ ကျွန်တော်၏ ငယ်သားတစ်ယောက်သည် လက်ခြေသေသည်အနာနှင့် ပြင်းစွာခံရ၍ အိမ်တွင် တုံးလုံးနေပါသည်ဟု တောင်းပန်လေ၏။- 7ယေရှုကလည်း ငါလာ၍ ချမ်းသာပေးမည်ဟု မိန့်တော်မူလျှင်၊- 8တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံထိုက်ပါ။ အမိန့်တော်တစ်ခွန်းရှိလျှင် ကျွန်တော်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။- 9ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တစ်ဦးကိုသွားချေဟု ဆိုလျှင် သွားပါ၏။ တစ်ဦးကို လာခဲ့ဟုဆိုလျှင် လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ဟု ဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်လေ၏။- 10ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဖူးသေး။- 11ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတ္တံ့၊-#လု၊ ၁၃:၂၉။ 12နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချခြင်းကို ခံရကြလတ္တံ့ဟု နောက်တော်သို့ လိုက်သောသူတို့အား မိန့်တော်မူပြီးမှ၊-#မ၊ ၂၂:၁၃၊ ၂၅:၃၀။ လု၊ ၁၃:၂၈။ 13တပ်မှူးအား သင်သွားလော့။ ယုံကြည်သည်နှင့်အညီ သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူ၏ငယ်သားသည် အနာရောဂါကင်း၍ သက်သာခြင်းသို့ ရောက်လေ၏။-
ပေတရုယောက္ခမကိုကုသခြင်း
(မာ၊ ၁:၂၉-၃၄။ လု၊ ၄:၃၈-၄၁။)
14ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ၍ ပေတရု၏ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေသည်ကို တွေ့မြင်တော်မူ၏။- 15ထိုမိန်းမ၏လက်ကို တို့တော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ထ၍ ဧည့်သည်ဝတ်ကို ပြုလေ၏။-
16ညဉ့်ဦးယံ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ ဆောင်ခဲ့၍ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ်တို့ကို နှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ၏။- 17ထိုအကြောင်းအရာမူကား၊ သူသည် အကျွန်ုပ်တို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက်ဟေရှာယ ဟောဖူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။-#ဟေရှာ၊ ၅၃:၄။
ယေရှုနောက်သို့လိုက်သူများ
(လု၊ ၉: ၅၇-၆၂။)
18များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံလျက် နေကြသည်ကို မြင်တော်မူလျှင်၊ ကမ်းတစ်ဖက်သို့ ကူးမည့်အကြောင်း အမိန့်တော်ရှိ၏။- 19ထိုအခါ ကျမ်းပြုဆရာတစ်ယောက်သည် လာ၍ အရှင်ဘုရား၊ ကိုယ်တော်ကြွတော်မူရာ အရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ၏။- 20ယေရှုကလည်း မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာအရပ်ရှိ၏။ လူသားမူကား၊ ခေါင်းချရာမျှ မရှိဟု မိန့်တော်မူ၏။- 21အခြားသော တပည့်တော်ကလည်း၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။- 22ယေရှုကလည်း၊ ငါ့နောက်သို့လိုက်လော့။ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေဟု မိန့်တော်မူ၏။-
မုန်တိုင်းကိုဆုံးမခြင်း
(မာ၊ ၄:၃၅-၄၁။ လု၊ ၈:၂၂-၂၅။)
23ထိုအခါ လှေထဲသို့ ဝင်တော်မူ၍ တပည့်တော်တို့သည် လိုက်ကြ၏။ အိုင်၌ လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။- 24ကိုယ်တော်သည် ကျိန်းစက်၍ နေတော်မူ၏။- 25တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကို နှိုးပြီးလျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏။ ကယ်မတော်မူပါဟု လျှောက်ကြသော်၊- 26ကိုယ်တော်က၊ ယုံကြည်အားနည်းသော သူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်းဟု မေးတော်မူပြီးလျှင်၊ ထ၍ လေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။- 27ထိုလူတို့ကလည်း၊ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နားထောင်ပါသည်တကားဟု အံ့ဩကြ၏။-
နတ်ဆိုးကိုနှင်ထုတ်ခြင်း
(မာ၊ ၅:၁-၂၀။ လု၊ ၈:၂၆-၃၉။)
28ကမ်းတစ်ဖက်၊ ဂါဒရပြည်သို့ ရောက်တော်မူသောအခါ နတ်ဆိုးစွဲသော လူနှစ်ယောက်တို့သည် ထိုလမ်းကို အဘယ်သူမျှ မသွားနိုင်အောင် အလွန်ကြမ်းကြုတ်စွာပြုလျက်၊ သင်္ချိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုပြီးလျှင်၊- 29ဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အချိန်မရောက်မီ အကျွန်ုပ်တို့ကို ညှဉ်းဆဲခြင်းငှာ ကြွလာတော်မူသလောဟု အော်ဟစ်၍လျှောက်ကြ၏။- 30ထိုသူတို့နှင့် မနီးမဝေးသောအရပ်၌ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။- 31နတ်ဆိုးတို့လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကို နှင်ထုတ်လျှင်၊ ထိုဝက်အစုထဲသို့ ဝင်ရပါမည်အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်ကြသော်၊- 32သွားကြဟု မိန့်တော်မူ၏။ နတ်ဆိုးတို့သည် ထွက်၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုရှိသမျှသည် အိုင်ကမ်းဇောက်ကို တစ်ဟုန်တည်းပြေးဆင်း၍ ရေ၌သေကြ၏။- 33ဝက်ကျောင်းသော သူတို့သည်လည်း ပြေး၍ မြို့ထဲသို့ဝင်ပြီးလျှင်၊ နတ်ဆိုးစွဲသောသူတို့၏ အကြောင်းမှစ၍ ဖြစ်လေသမျှတို့ကို ကြားပြောကြသော်၊- 34တစ်မြို့လုံးလည်း ယေရှုကိုတွေ့အံ့သောငှာ ထွက်လာကြ၏။ ကိုယ်တော်ကိုတွေ့မြင်လျှင် မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။-
Pašlaik izvēlēts:
ရှင်မဿဲ 8: JBMLE
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Judson Bible Revision © Bible Society of Myanmar, 2021.