ရှင်မဿဲ 13
13
မျိုးစေ့ကြဲသူဥပမာ
(မာ၊ ၄:၁-၉။ လု၊ ၈:၄-၈။)
1ထိုနေ့၌ ယေရှုသည် အိမ်ကထွက်၍ အိုင်နားမှာ ထိုင်နေတော်မူသည်တွင်၊- 2များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံ၍ စုဝေးလျက်ရှိကြသောကြောင့်၊ လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် ကုန်းပေါ်မှာ ရပ်နေကြ၏။-#လု၊ ၅:၁-၃။ 3ထိုအခါ ဥပမာစကားများတို့ကို မြွက်ဆိုတော်မူသည်မှာ၊ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။- 4အစေ့ကိုကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် ငှက်တို့သည် လာ၍ကောက်စားကြ၏။- 5အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသော အရပ်၌ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ချင်း အပင်ပေါက်သော်လည်း၊- 6နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။- 7အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲကြ၏။- 8အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးကြ၏။- 9ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။-
ဥပမာများ၏ရည်ရွယ်ချက်
(မာ၊ ၄:၁၀-၁၂။ လု၊ ၈:၉-၁၀။)
10တပည့်တော်တို့သည် ချဉ်းကပ်လျက်၊ ကိုယ်တော်သည် အဘယ်ကြောင့် ဥပမာကိုဆောင်၍ ဤလူတို့အား ဟောပြောတော်မူသနည်းဟု မေးလျှောက်ကြလျှင်၊- 11ကိုယ်တော်က၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ နက်နဲသော အရာတို့ကို သိရသောအခွင့် ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ၊- 12အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှာ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နုတ်လိမ့်မည်။-#မ၊ ၂၅:၂၉။ မာ၊ ၄:၂၅။ လု၊ ၈:၁၈၊ ၁၉:၂၆။ 13ထိုကြောင့် သူတို့သည် မြင်လျက်မမြင်၊ ကြားလျက်မကြား၊ အနက်ကိုလည်း နားမလည်သောကြောင့် ဥပမာကိုဆောင်၍ ငါဟောပြော၏။- 14ဟေရှာယ ဟောဖူးသော အနာဂတ်စကားဟူမူကား၊ သင်တို့သည် ကြားလျက်ပင် အနက်ကိုနားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်။-#ဟေရှာ၊ ၆:၉-၁၀။ 15အကြောင်းမူကား၊ ဤလူမျိုးသည် မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့ အနာရောဂါကို ငါမငြိမ်းစေရသည် တိုင်အောင်၊ သူတို့စိတ်နှလုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကိုပိတ်လျက် ရှိကြ၏ ဟူသောစကားသည် ဤလူတို့၌ ပြည့်စုံခြင်းသို့ရောက်သတည်း။- 16သင်တို့မျက်စိသည် မြင်သောကြောင့် မင်္ဂလာရှိ၏။ သင်တို့နားသည်လည်း ကြားသောကြောင့် မင်္ဂလာရှိ၏။-#လု၊ ၁၀:၂၃-၂၄။ 17ငါအမှန်ဆိုသည်ကား၊ သင်တို့ မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ဖြောင့်မတ်သော သူများတို့သည် မြင်ခြင်းငှာ အလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ကြားရသော အရာတို့ကို ကြားခြင်းငှာ အလိုရှိသော်လည်း မကြားရကြ။-
မျိုးကြဲသူဥပမာကိုရှင်းပြခြင်း
(မာ၊ ၄:၁၃-၂၀။ လု၊ ၈:၁၁-၁၅)
18မျိုးစေ့ကြဲသောသူ၏ ဥပမာအနက်အဓိပ္ပာယ်ကို နားထောင်ကြလော့။- 19လမ်း၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ နိုင်ငံတော်၏ တရားစကားကိုကြား၍ နှလုံးမသွင်းသည် ရှိသော်၊ နတ်ဆိုးလာ၍ နှလုံး၌ကြဲသောအစေ့ကို နုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။- 20ကျောက်ပေါသောအရပ်၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ချင်းခံယူသော်လည်း၊- 21စိတ်နှလုံး၌ အမြစ်မစွဲ၊ ခဏသာတည်သဖြင့်၊ တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ချင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။- 22ဆူးပင်တို့တွင် အစေ့ကိုကြဲခြင်း အကြောင်းအရာကား တရားစကားကိုကြား၍ လောကီအမှု၌ စိုးရိမ်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။- 23ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။
တောမျိုးစေ့ဥပမာ
24အခြားသော ဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို လယ်၌ကြဲသောသူနှင့် တူ၏။- 25လူတို့သည် အိပ်ပျော်သောအခါ သူ၏ရန်သူသည်လာ၍ ကောင်းသောစပါးနှင့် လက္ခဏာတူသော တောမျိုးစေ့ကို စပါးအထဲ၌ ကြဲ၍သွားလေ၏။- 26အပင်ပေါက်၍ အသီးအနှံထွက်သောအခါ၊ တောပင်များလည်း ထင်ရှားလျှင်၊- 27ကျွန်တို့သည် အိမ်ရှင်ထံသို့သွား၍ သခင်၊ ကောင်းသောမျိုးစေ့ကို လယ်၌ကြဲတော်မူသည် မဟုတ်လော။ တောပင်တို့သည် အဘယ်ကဖြစ်သနည်းဟု လျှောက်ကြလျှင်၊- 28အိမ်ရှင်က ဤအမှုကား ရန်သူပြုသောအမှုတည်းဟု ဆို၏။ အကျွန်ုပ်တို့သည် သွား၍ တောပင်တို့ကို ရွေးနုတ်စေခြင်းငှာ အလိုတော်ရှိသလောဟု လျှောက်ကြလျှင်၊- 29အိမ်ရှင်က ထိုသို့ ငါအလိုမရှိ။ တောပင်တို့ကို ရွေးနုတ်လျှင် စပါးပင်တို့ကိုရောနှော၍ နုတ်မိမည် စိုးရိမ်စရာအကြောင်းရှိ၏။- 30စပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူ ကြီးပွားပါလေစေ။ စပါးရိတ်သည်ကာလ ရောက်လျှင်၊ တောပင်တို့ကို ရှေ့ဦးစွာရွေးနုတ်၍ မီးရှို့ခြင်းငှာ စည်းနှောင်ကြလော့။ စပါးကိုကား ကျီ၌စုသိမ်း သွင်းထားကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည်ဟု မိန့်တော်မူ၏။
မုန်ညင်းစေ့ဥပမာ
(မာ၊ ၄:၃၀-၃၂။ လု၊ ၁၃:၁၈-၁၉။)
31အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌စိုက်သော မုန်ညင်းစေ့နှင့်တူ၏။- 32မုန်ညင်းစေ့သည် အစေ့တကာတို့ထက် ငယ်သော်လည်း၊ ကြီးပွားသောအခါ မြက်ပင်တကာတို့ထက် ကြီးသဖြင့် မိုးကောင်းကင်ငှက်တို့သည် လာ၍ အကိုင်းအခက်တို့၌ နားနေ မှီခိုလောက်သောအပင် ဖြစ်တတ်သည်ဟု မိန့်တော်မူ၏။
တဆေးဥပမာ
(လု၊ ၁၃:၂၀-၂၁။)
33အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သည်ဟု မိန့်တော်မူ၏။
ဥပမာများကိုအသုံးပြုခြင်း
(မာ၊ ၄:၃၃-၃၄။)
34ယေရှုသည် ဤဥပမာများတို့ကိုဆောင်၍ ပရိသတ်များတို့အား ဟောပြောတော်မူ၏။ ဥပမာကင်း၍ ဟောပြောတော်မမူ၊- 35ထိုသို့သောအားဖြင့် ပရောဖက်စကားဟူမူကား၊ ငါသည်နှုတ်ကိုဖွင့်၍ ဥပမာများကိုမြွက်ဆိုအံ့။ ကမ္ဘာဦးမှစ၍ ထိမ်ဝှက်သောအရာတို့ကို ဖော်ပြပေအံ့ဟု ဟောဖူးသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။-#ဆာ၊ ၇၈:၂။
တောမျိုးစေ့ဥပမာကိုရှင်းပြခြင်း
36ထိုနောက်မှ ယေရှုသည် လူအစုအဝေးများကိုလွှတ်၍ အိမ်သို့ဝင်တော်မူပြီးမှ၊ တပည့်တော်တို့သည် ချဉ်းကပ်၍၊ လယ်၌ကြဲသော တောမျိုးစေ့၏ ဥပမာအနက်အဓိပ္ပာယ်ကို အကျွန်ုပ်တို့အား ဖော်ပြတော်မူပါဟု လျှောက်ကြလျှင်၊- 37ကိုယ်တော်က၊ ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူသားဖြစ်၏။- 38လယ်ကား ဤလောကဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသားဖြစ်၏။- 39တောမျိုးစေ့ကိုကြဲသော ရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သောကာလ ဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။- 40တောပင်တို့ကိုရွေးနုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ ဖြစ်လတ္တံ့။- 41လူသားသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကိုပြုသောသူ ရှိသမျှတို့ကို နိုင်ငံတော်ထဲက ရွေးနုတ်၍၊- 42ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြလတ္တံ့။- 43ထိုအခါ ဖြောင့်မတ်သောသူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ၏ နိုင်ငံတော်၌ ထွန်းလင်းကြလတ္တံ့။ ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေ။
ဝှက်ထားသောဘဏ္ဍာဥပမာ
44တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌ဝှက်ထားသောဘဏ္ဍာနှင့် တူ၏။ ထိုဘဏ္ဍာကိုတွေ့သောသူသည် တစ်ဖန်ဖုံးအုပ်၍၊ ဝမ်းမြောက်သောစိတ်နှင့် သွားပြီးလျှင်၊ ရတတ်သမျှကို ရောင်း၍ ထိုလယ်ကို ဝယ်တတ်၏။
မြတ်သောပုလဲဥပမာ
45တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် မြတ်သောပုလဲတို့ကို ရှာသော ကုန်သည်နှင့် တူ၏။- 46ထိုကုန်သည်သည် အလွန်အဖိုးထိုက်သော ပုလဲကို တွေ့သောအခါ၊ သွား၍ မိမိ၌ရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကို ဝယ်လေ၏။-
ပိုက်ကွန်ဥပမာ
47တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ချ၍ အမျိုးမျိုးသောငါးတို့ကို အုပ်မိသော ပိုက်ကွန်နှင့်တူ၏။- 48ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ဆွဲတင်၍ ထိုင်လျက်၊ ကောင်းသောငါးကို ခြင်းထဲသို့ ရွေးချယ်ထည့်ထား၍၊ မကောင်းသောငါးကို ပြင်သို့ပစ်လိုက်ကြ၏။- 49ထိုနည်းတူ ကမ္ဘာအဆုံး၌ ကောင်းကင်တမန်တို့သည် ဆင်းလာပြီးလျှင်၊ ဖြောင့်မတ်သောသူတို့အထဲမှ ဆိုးသောသူတို့ကို နုတ်ယူခွဲထား၍၊- 50ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ ချကြလတ္တံ့။
ဘဏ္ဍာအသစ်နှင့်အဟောင်း
51ဤအရာအလုံးစုံတို့ကို သင်တို့သည် နားလည်ကြသလောဟု မေးတော်မူလျှင်၊ နားလည်ပါပြီသခင်ဟု တပည့်တော်တို့သည် လျှောက်ကြ၏။- 52ကိုယ်တော်ကလည်း၊ သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏ အကြောင်းအရာကို သင်ပြီးသောကျမ်းဆရာ မည်သည်ကား၊ မိမိဘဏ္ဍာထဲက အထူးထူးအပြားပြားသော အသစ်အဟောင်းတို့ကို ထုတ်ဖော်သောအိမ်ရှင်နှင့် တူသည်ဟု မိန့်တော်မူ၏။
နာဇရက်မြို့ကငြင်းပယ်ခြင်း
(မာ၊ ၆:၁-၆။ လု၊ ၄:၁၆-၃၀။)
53ထိုဥပမာစကားများကို အကုန်အစင်မိန့်မြွက်တော်မူပြီးလျှင် ထိုအရပ်မှကြွသွားတော်မူ၏။
54ထိုနောက်မှ မိမိမြို့သို့ရောက်တော်မူ၍ တရားဇရပ်၌ ဆုံးမဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်းမောတွေဝေခြင်း ရှိကြသဖြင့်၊ ဤသူသည် ဤပညာကိုလည်းကောင်း၊ ဤတန်ခိုးကိုလည်းကောင်း အဘယ်မှာရသနည်း။- 55သူသည် လက်သမားသား မဟုတ်လော။ သူ့အမိကား မာရိအမည်ရှိသည် မဟုတ်လော။ သူ့ညီကား၊ ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒဟုဆိုကြသည် မဟုတ်လော။- 56သူ့နှမများတို့သည်လည်း ငါတို့နှင့် အနီးအပါးနေကြသည် မဟုတ်လော။ သို့ဖြစ်လျှင် ဤသူသည် ဤအရာများကို အဘယ်မှာရသနည်းဟု ပြောဆိုလျက်၊- 57စေတနာစိတ် ပျက်ကြ၏။ ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအိမ်မှတစ်ပါး အခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ၏။-#ယော၊ ၄:၄၄။ 58မြို့သားများတို့သည် မယုံကြည်ကြသောကြောင့်၊ ထိုအရပ်၌ များစွာသောတန်ခိုးကို ပြတော်မမူ။-
Pašlaik izvēlēts:
ရှင်မဿဲ 13: JBMLE
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Judson Bible Revision © Bible Society of Myanmar, 2021.