ရှင်လုကာ 8
8
ယေရှုနှင့်လိုက်ပါသောအမျိုးသမီးများ
1ထိုနောက်မှ ကိုယ်တော်သည် မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော် နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။- 2တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ၏။ နတ်ဆိုးဘေး၊ အနာရောဂါဘေးနှင့် ကင်းလွတ်စေတော်မူသော မိန်းမအချို့သည်လည်း လိုက်ကြ၏။ ထိုမိန်းမတို့တွင် နတ်ဆိုးခုနစ်ယောက် ထွက်သော မာဂဒလဟုခေါ်ဝေါ်သော မာရိ၊-#မ၊ ၂၇:၅၅-၅၆။ မာ၊ ၁၅:၄၀-၄၁။ လု၊ ၂၃:၄၉။ 3ဟေရုဒ်မင်း၏စားတော်ကဲ ခုဇ၏မယားယောဟန္နနှင့် ရှုရှန္နမှစ၍ မိမိဥစ္စာကိုလှူ၍ ကိုယ်တော်ကို လုပ်ကျွေးသော အခြားမိန်းမအများ ပါကြ၏။
မျိုးကြဲသူဥပမာ
(မ၊ ၁၃:၁-၉။ မာ၊ ၄:၁-၉)
4များစွာသောလူအပေါင်းတို့သည် မြို့ရွာအရပ်ရပ်တို့မှ အထံတော်သို့လာ၍ စုဝေးလျက်ရှိကြသောအခါ၊ ဥပမာစကားအားဖြင့် မြွက်ဆိုတော်မူသည်မှာ၊- 5မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် ကျော်နင်းခြင်းကို ခံရ၍ မိုးကောင်းကင်ငှက်တို့သည် ကောက်စားကြ၏။- 6အချို့သောအစေ့တို့သည် ကျောက်ပေါ်၌ ကျသဖြင့် အပင်ပေါက်သောအခါ မြေဩဇာမရှိသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။- 7အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့် ဆူးပင်တို့သည် အတူပေါက်၍ ညှဉ်းဆဲကြ၏။- 8အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့် အပင်ပေါက်၍ အဆတစ်ရာပွားများ၍ အသီးသီးကြ၏ဟု မိန့်တော်မူပြီးမှ၊ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟု ကြွေးကြော်တော်မူ၏။
ဥပမာများ၏ရည်ရွယ်ချက်
(မ၊ ၁၃:၁၀-၁၇။ မာ၊ ၄:၁၀-၁၂။)
9တပည့်တော်တို့ကလည်း၊ ထိုဥပမာ၏ အနက်အဓိပ္ပာယ်ကား အဘယ်နည်းဟု မေးလျှောက်ကြလျှင်၊- 10ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့် ရှိကြ၏။ ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင်အနက်ကို နားမလည်ဘဲ ကြားရသည်တိုင်အောင် သူတို့အား ဥပမာအားဖြင့် ဟောရ၏။#ဟေရှာ၊ ၆:၉-၁၀။
မျိုးကြဲသူဥပမာ၏အဓိပ္ပာယ်
(မ၊ ၁၃:၁၈-၂၃။ မာ၊ ၄:၁၃-၂၀)
11ထိုဥပမာ အနက်အဓိပ္ပာယ်ကား မျိုးစေ့သည် ဘုရားသခင်၏တရားစကား ဖြစ်၏။- 12လမ်း၌ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက်စေခြင်းငှာ၊ မာရ်နတ်သည် လာ၍ တရားစကားကို နှလုံးထဲမှ နုတ်ယူသောသူကို ဆိုလိုသတည်း။- 13ကျောက်ပေါ်၌ရှိသောသူကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ခံယူသော်လည်း စိတ်နှလုံး၌ အမြစ်မစွဲ၊ ခဏသာယုံကြည်သဖြင့် စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသောအခါ ဖောက်ပြန်သောသူကို ဆိုလိုသတည်း။- 14ဆူးပင်တို့တွင် ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ လောကီစိုးရိမ်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်း၊ ကာမဂုဏ်ခံစားခြင်းတို့သည် နှိပ်စက်၍ အသီးမသီးသောသူကို ဆိုလိုသတည်း။- 15ကောင်းသောမြေ၌ ရှိသောသူကား၊ ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံးနှင့် တရားစကားကိုကြားလျှင်၊ စွဲလမ်းသောအားဖြင့် မြဲမြံစွာ အသီးသီးသောသူကို ဆိုလိုသတည်း။
အိုးဖြင့်ဖုံးထားသောဆီမီး
(မာ၊ ၄:၂၁-၂၅)
16ဆီမီးထွန်းပြီးလျှင် အိုးမှောက်၍ ဖုံးထားလေ့မရှိ။ ခုတင်အောက်၌လည်း ထားလေ့မရှိ။ ဝင်သောသူသည် အလင်းကိုမြင်စေခြင်းငှာ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။-#မ၊ ၅:၁၅။ လု၊ ၁၁:၃၃။ 17ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက် ရှိသမျှတို့သည်လည်း ထင်ရှားစွာ ပွင့်လင်းလိမ့်မည်။-#မ၊ ၁၀:၂၆။ လု၊ ၁၂:၂။ 18ထိုကြောင့်သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြောင်းမူကား၊ အကြင်သူသည် ရတတ်၏၊ ထိုသူ့အားပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ဥစ္စာရှိဟန်ဆောင်သမျှကိုပင် နုတ်လိမ့်မည်ဟု မိန့်တော်မူ၏။-#မ၊ ၂၅:၂၉။ လု၊ ၁၉:၂၆။ မာ၊ ၅း၁၃။
မယ်တော်နှင့်ညီများ
(မ၊ ၁၂:၄၆-၅၀။ မာ၊ ၃:၃၁-၃၅)
19ထိုအခါ မယ်တော်နှင့် ညီတော်တို့သည် လာ၍ စည်းဝေးသောသူများသောကြောင့်၊ ကိုယ်တော်ရင်းသို့ မချဉ်းကပ်နိုင်ဘဲ နေကြ၏။- 20လူအချို့ကလည်း၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုတွေ့လို၍ ပြင်မှာရပ်နေကြပါ၏ဟု လျှောက်လျှင်၊- 21ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုကြား၍ နားထောင်သောသူတို့သည် ငါ့အမိ၊ ငါ့ညီဖြစ်သတည်းဟု မိန့်တော်မူ၏။
မုန်တိုင်းကိုဆုံးမခြင်း
(မ၊ ၈:၂၃-၂၇။ မာ၊ ၄:၃၅-၄၁)
22တစ်နေ့သ၌ ယေရှုသည် တပည့်တော်တို့နှင့်အတူ လှေထဲသို့ဝင်၍၊ အိုင်တစ်ဖက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူပြီးလျှင် လွှင့်သွားကြ၏။- 23အိုင်ကိုကူးသောအခါ ယေရှုသည် ကျိန်းစက်တော်မူ၏။ အိုင်၌မိုးသက်မုန်တိုင်းဖြစ်၍၊ လှေသည် ရေနှင့် ပြည့်သောကြောင့် ဘေးရောက်လု၏။- 24တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးပြီးလျှင်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏ဟု လျှောက်ကြသော်၊ ကိုယ်တော်သည် ထ၍ လေနှင့် လှိုင်းတံပိုးကို ဆုံးမတော်မူသဖြင့်၊ လေနှင့် လှိုင်းတံပိုးသည် ငြိမ်း၍သာယာလေ၏။- 25ကိုယ်တော်ကလည်း၊ သင်တို့ ယုံကြည်ခြင်းစိတ်သည် အဘယ်မှာရှိသနည်းဟု မေးတော်မူလျှင်၊ သူတို့သည် ကြောက်ရွံ့အံ့ဩ၍၊ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ရေကိုပင် မှာထားတော်မူ၍၊ သူတို့သည် နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။
နတ်ဆိုးကိုနှင်ထုတ်ခြင်း
(မ၊ ၈:၂၈-၃၄။ မာ၊ ၅:၁-၂၀)
26ဂါလိလဲပြည်နှင့် အိုင်တစ်ဖက်ဖြစ်သော ဂါဒရပြည်သို့ ရောက်ကြ၍၊- 27ယေရှုသည် ကုန်းပေါ်သို့ တက်တော်မူလျှင်၊ ကာလတာရှည်စွာ နတ်ဆိုးစွဲသဖြင့် အဝတ်ကိုမဝတ်၊ အိမ်၌မနေ၊ သင်္ချိုင်းတစပြင်၌နေတတ်သော ဂါဒရပြည်သားတစ်ယောက်သည် ကိုယ်တော်ကို ခရီးဦးကြို ပြုလေ၏။- 28ကိုယ်တော်ကိုမြင်လျှင် ပျပ်ဝပ်၍၊ အမြင့်ဆုံးသောဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း အကျွန်ုပ်တောင်းပန်ပါသည်ဟု ကြီးသောအသံနှင့် အော်ဟစ်၍ လျှောက်လေ၏။- 29လျှောက်သည်အကြောင်းကား၊ နတ်ဆိုးသည် ထိုလူကို အဖန်များစွာဖမ်းဆီးလှပြီ။ ခြေချင်းသံကြိုးနှင့် အကျဉ်းထားသော်လည်း ခြေချင်းသံကြိုးကိုဆွဲဖြတ်၍ နတ်ဆိုးသည် တောအရပ်သို့ နှင်မြဲရှိကြောင်းကို ကိုယ်တော်သည်ထောက်၍၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။- 30ယေရှုကလည်း၊ သင်သည် အဘယ်အမည်ရှိသနည်းဟု မေးတော်မူလျှင်၊ ထိုလူကို နတ်ဆိုးအများ စွဲသောကြောင့် အကျွန်ုပ်အမည်ကား လေဂေါင်ဖြစ်ပါသည်ဟု လျှောက်ပြီးမှ၊- 31အနက်ဆုံးသော အရပ်သို့သွားစေခြင်းငှာ မနှင်ပါမည်အကြောင်း တောင်းပန်လေ၏။
32ထိုအရပ်၌ တောင်ပေါ်မှာ များစွာသောဝက်အစုသည် ကျက်စားလျက်ရှိ၏။ ထိုဝက်ထဲသို့ ဝင်ရပါမည်အကြောင်း အခွင့်ပေးတော်မူပါဟု နတ်ဆိုးတို့သည် တောင်းပန်ပြန်လျှင် အခွင့်ပေးတော်မူ၏။- 33နတ်ဆိုးတို့သည် လူမှထွက်၍ ဝက်ထဲသို့ဝင်သဖြင့်၊ ဝက်အစုသည် အိုင်ကမ်းဇောက်ကို တစ်ဟုန်တည်း ပြေးဆင်း၍ အသက်ဆုံးကြ၏။- 34ဝက်ကျောင်းသောသူတို့သည် ထိုအခြင်းအရာကို မြင်လျှင်ပြေး၍ မြို့ရွာတို့၌ သတင်းကြားပြောကြသော်၊- 35လူများတို့သည် ထိုအမှုအရာကို ကြည့်ရှုအံ့သောငှာ ထွက်လာကြ၏။ အထံတော်သို့ ရောက်သောအခါ နတ်ဆိုးထွက်သွားသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ယေရှု၏ခြေတော်ရင်း၌ ထိုင်နေသည်ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။- 36နတ်ဆိုးစွဲသောသူသည် အဘယ်သို့သောအားဖြင့် ကျန်းမာပကတိရှိသည်ကို သိမြင်သောသူတို့သည် နောက်လာသောသူတို့အား ပြန်ကြားပြီးမှ၊- 37ဂါဒရပြည်သူပြည်သား အပေါင်းတို့သည် အလွန်ကြောက်လန့်သောစိတ်စွဲ၍၊ မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြလျှင်၊ ကိုယ်တော်သည် လှေထဲသို့ ဝင်၍ပြန်တော်မူ၏။
38နတ်ဆိုးထွက်သွားသောသူသည် ကိုယ်တော်နှင့် အတူရှိပါမည်အကြောင်း တောင်းပန်လျှင်၊- 39ယေရှုက၊ သင်သည် ကိုယ်အိမ်သို့ပြန်သွားလော့။ ဘုရားသခင်သည် သင်၌အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို ကြားပြောလော့ဟူ၍ လွှတ်လိုက်တော်မူလျှင်၊ ထိုသူသည်သွား၍ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို တစ်မြို့လုံးတွင် အနှံ့အပြား သတင်းကြားပြောလေ၏။
ယာဣရုသမီးနှင့်အဝတ်တော်ကိုတို့သောမိန်းမ
(မ၊ ၉:၁၈-၂၆။ မာ၊ ၅:၂၁-၄၃)
40ယေရှုသည် ပြန်တော်မူလျှင်၊ လူအစုအဝေးအပေါင်းတို့သည် ကိုယ်တော်ကိုမျှော်လင့်လျက် နေကြသောကြောင့် ဝမ်းမြောက်စွာလက်ခံကြ၏။- 41ထိုအခါ ယာဣရုအမည်ရှိသော တရားဇရပ်မှူးသည် လာ၍ ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊- 42တစ်ဆယ်နှစ်နှစ်အရွယ်ရှိသော မိမိ၌ တစ်ယောက်တည်းသောသမီးသည် သေဆဲရှိသောကြောင့်၊ မိမိအိမ်သို့ ကြွတော်မူမည်အကြောင်း ကိုယ်တော်ကိုတောင်းပန်၍ ကြွတော်မူစဉ်တွင် လူအစုအဝေးတို့သည် ကိုယ်တော်ကို ထိခိုက်တိုက်မိကြ၏။- 43ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊ ဥစ္စာရှိသမျှကို ဆေးသမားတို့အားပေး၍ ကုန်သော်လည်း၊ အဘယ်ဆေးသမားလက်၌မျှ ချမ်းသာမရနိုင်သော မိန်းမတစ်ယောက်သည်၊- 44နောက်တော်သို့ ချဉ်းကပ်၍ အဝတ်တော်၏ပန်းပွားကို တို့သဖြင့်၊ ထိုခဏချင်းတွင် သွေးသွန်အနာပျောက်လေ၏။- 45ယေရှုကလည်း၊ ငါ့ကို အဘယ်သူတို့သနည်းဟု မေးတော်မူလျှင်၊ လူအပေါင်းတို့သည် ငြင်းလတ်သော်၊ ပေတရုမှစ၍ သူ၏အပေါင်းအဖော်တို့က၊ သခင်၊ လူအစုအဝေးတို့သည် ကိုယ်တော်အား ထိခိုက်တိုက်မိကြသည် ဖြစ်၍၊ ငါ့ကို အဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက်လေ၏။- 46ယေရှုကလည်း၊ တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုတို့လေပြီ။ ငါ့ကိုယ်မှ တန်ခိုးထွက်သည်ကို ငါသိ၏ဟု မိန့်တော်မူ၏။- 47ထိုမိန်းမသည် မိမိပုန်းရှောင်၍ မနေနိုင်သည်ကိုသိလျှင် တုန်လှုပ်လျက်လာ၍၊ အဘယ်အကြောင်းကြောင့် တို့သည်ကိုလည်းကောင်း၊ ချက်ချင်း ချမ်းသာရသည်ကိုလည်းကောင်း၊ လူအပေါင်းတို့ရှေ့မှာ ပျပ်ဝပ်လျက် ကြားလျှောက်လေ၏။- 48ကိုယ်တော်ကလည်း၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီ။ ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ၏။
49ထိုသို့ မိန့်တော်မူစဉ်တွင် တရားဇရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏ သမီးသေပါပြီ။ ဆရာကို မနှောင့်ယှက်ပါနှင့်ဟု ဆို၏။- 50ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တစ်ခုသာ ရှိစေလော့။ ထိုသို့ရှိလျှင် သူသည် ဘေးနှင့် လွတ်လိမ့်မည်ဟု တရားဇရပ်မှူးအား မိန့်တော်မူ၏။- 51အိမ်သို့ရောက်လျှင်၊ ပေတရု၊ ယောဟန်၊ ယာကုပ်နှင့် မိန်းမငယ်၏မိဘမှတစ်ပါး အဘယ်သူကိုမျှ အထဲသို့မဝင်စေခြင်းငှာ ဆီးတားတော်မူ၏။- 52လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြသည်ကို ကိုယ်တော်က၊ မငိုကြနှင့်။ သူငယ်သေသည် မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူလျှင်၊- 53သူငယ်သေကြောင်းကို ထိုသူတို့သည်သိသဖြင့် ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။- 54ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏လက်ကို ကိုင်တော်မူလျက်၊ သူငယ်ထလော့ဟု ခေါ်တော်မူသည်တွင်၊- 55စိတ်ဝိညာဉ်ပြန်လာ၍ မိန်းမငယ်သည် ချက်ချင်းထလေ၏။- 56သူ့အားစားစရာပေးလော့ဟု မိန့်တော်မူ၏။ မိဘတို့သည် မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။ ထိုအမှုအရာကို အဘယ်သူအားမျှ မပြောရမည်အကြောင်း ပညတ်တော်မူ၏။
Pašlaik izvēlēts:
ရှင်လုကာ 8: JBMLE
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Judson Bible Revision © Bible Society of Myanmar, 2021.