ရှင်လုကာ 4
4
စုံစမ်းသွေးဆောင်ခံရခြင်း
(မ၊ ၄:၁-၁၁။ မာ၊ ၁:၁၂-၁၃)
1ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ ယော်ဒန်မြစ်နားမှ ပြန်စဉ်တွင် ဝိညာဉ်တော်သည် တောသို့ ပို့ဆောင်တော်မူ၏။- 2အရက်လေးဆယ်ပတ်လုံး မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ ထိုကာလပတ်လုံး အစာအာဟာရကို သုံးဆောင်တော်မမူ။ ထိုကာလလွန်ပြီးမှ မွတ်သိပ်တော်မူ၏။- 3မာရ်နတ်ကလည်း၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေခြင်းငှာ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။- 4ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ၌လာသည်ဟု ပြန်ပြောတော်မူ၏။#တရား၊ ၈:၃။
5တစ်ဖန် မာရ်နတ်သည် ယေရှုကို မြင့်လှသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကို တစ်ခဏချင်းတွင် ပြညွှန်၍၊- 6ဤဘုန်းတန်ခိုး အာနုဘော်ရှိသမျှကို ငါ၌အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူအား ပေးရသည်ဖြစ်၍ ကိုယ်တော်အား ပေးပါမည်။- 7ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ဥစ္စာ ဖြစ်လိမ့်မည်ဟု လျှောက်လေ၏။- 8ယေရှုကလည်း၊ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။#တရား၊ ၆:၁၃။
9တစ်ဖန် မာရ်နတ်သည် ယေရှုကို ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဗိမာန်တော်၏ အထွတ်၌ တင်ထားပြီးလျှင်၊- 10ကျမ်းစာလာသည်ကား၊ သင့်ကို စောင့်ရှောက်စေခြင်းငှာ ကောင်းကင်တမန်တို့အား သင့်အဖို့ မှာထားတော်မူသည်ဖြစ်၍၊-#ဆာ၊ ၉၁:၁၁။ 11သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်ဟု လာ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤအထွတ်မှ ကိုယ်ကို အောက်သို့ ချလိုက်တော်မူပါဟု လျှောက်လေ၏။-#ဆာ၊ ၉၁:၁၂။ 12ယေရှုကလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစကားရှိသည်ဟု ပြန်ပြောတော်မူ၏။-#တရား၊ ၆:၁၆။ 13ထိုသို့မာရ်နတ်သည် စုံစမ်းသွေးဆောင်ခြင်းအမှု အလုံးစုံကို အကုန်အစင်ပြုပြီးလျှင်၊ အထံတော်မှ ထွက်သွား၍ ကာလအတန်အရာ နေလေ၏။
အမှုတော်စတင်ခြင်း
(မ၊ ၄:၁၂-၁၇။ မာ၊ ၁:၁၄-၁၅)
14ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ဂါလိလဲပြည်သို့ပြန်၍၊ သတင်းတော်သည် ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။ တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးတော်မူ၍၊- 15လူအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြ၏။
နာဇရက်မြို့ကလက်မခံခြင်း
(မ၊ ၁၃:၅၃-၅၈။ မာ၊ ၆:၁-၆)
16ကြီးပွားတော်မူရာ နာဇရက်မြို့သို့ ရောက်ပြန်လျှင်၊ ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ကျမ်းစာကို ဖတ်ရွတ်ခြင်းငှာ ထတော်မူ၏။- 17ဇရပ်စောင့်သည် ပရောဖက်ဟေရှာယ၏ ကျမ်းစာကို ပေးသည်ဖြစ်၍၊ ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့သောအချက်စကား ဟူမူကား၊- 18ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။-#ဟေရှာ၊ ၆၁:၁-၂။ 19အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏အနာကို ပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှာလည်းကောင်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း။- 20ကျမ်းစာကိုလိပ်၍ ဇရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ ဇရပ်၌ရှိသော သူအပေါင်းတို့သည် ကိုယ်တော်ကို စေ့စေ့ကြည့်လျက်နေကြ၏။
21ယေရှုကလည်း၊ ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြားသည်အတိုင်း ပြည့်စုံလေပြီဟု မိန့်တော်မူ၏။- 22ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏သား မဟုတ်တုံလောဟု ဆိုကြ၏။- 23ယေရှုကလည်း၊ အကယ်၍ သင်တို့သည် ပုံပမာကိုဆောင်လျက်၊ အချင်းဆေးသမား၊ ကိုယ်အနာကို ငြိမ်းစေလော့။ ငါတို့သည် သတင်းကြားသည်အတိုင်း၊ သင်သည် ကပေရနောင်မြို့၌ ပြုသမျှသော အမှုအရာတို့ကို ကိုယ်နေရင်းမြို့၌လည်း ပြုပါဟူ၍ ငါ့အား ပြောဆိုကြလိမ့်မည်။ သို့သော်လည်း၊ ငါအမှန်ဆိုသည်ကား၊- 24အဘယ်ပရောဖက်မျှ မိမိနေရင်းမြို့၌ မျက်နှာမရတတ်။-#ယော၊ ၄:၄၄။ 25ငါအမှန်ဆိုပြန်သည်ကား၊ ပရောဖက် ဧလိယလက်ထက်၌ သုံးနှစ်နှင့် ခြောက်လပတ်လုံး မိုးခေါင်၍၊ ပြည်နိုင်ငံတစ်လျှောက်လုံး အစာအာဟာရ အလွန်ခေါင်းပါးခြင်း ရှိသောအခါ၊ ဣသရေလအမျိုးဖြစ်သော မုဆိုးမအများ ရှိကြ၏။-#၃ရာ၊ ၁၇:၁။ 26သို့သော်လည်း၊ ထိုမုဆိုးမတစ်ယောက်ရှိရာသို့မျှ ဧလိယကို စေလွှတ်တော်မမူ။ ဇိဒုန်ပြည် ဇရတ္တမြို့သူဖြစ်သော မုဆိုးမတစ်ယောက်ရှိရာသို့ စေလွှတ်တော်မူ၏။-#၃ရာ၊ ၁၇:၈-၁၆။ 27ပရောဖက်ဧလိရှဲ လက်ထက်တွင်လည်း၊ ဣသရေလအမျိုး၌ နူနာစွဲသောသူ အများရှိကြ၏။ သို့သော်လည်း၊ နေမန်အမည်ရှိသော ရှုရိလူမှတစ်ပါး အဘယ်သူမျှ သန့်ရှင်းခြင်းသို့မရောက်ဟု မိန့်တော်မူ၏။-#၄ရာ၊ ၅:၁-၁၄။ 28တရားဇရပ်၌ရှိသော လူအပေါင်းတို့သည် ထိုစကားတော်ကို ကြားသောအခါ ပြင်းစွာ အမျက်ထွက်သည်နှင့်၊- 29ထ၍ ကိုယ်တော်ကိုမြို့ပြင်သို့ နှင်ထုတ်ပြီးလျှင်၊ ထိုမြို့တည်ရာ တောင်ထိပ်စွန်းအငူမှ ဇောက်ထိုးတွန်းချခြင်းငှာ ဆောင်သွားကြ၏။- 30ကိုယ်တော်သည် သူတို့အလယ်၌ လျှောက်၍ ကြွသွားတော်မူ၏။
ညစ်ညူးသောနတ်စွဲသူ
(မာ၊ ၁:၂၁-၂၈)
31ဂါလိလဲပြည် ကပေရနောင်မြို့သို့ရောက်လျှင်၊ ဥပုသ်နေ့၌ ဆုံးမဩဝါဒပေးတော်မူ၏။- 32အာဏာနှင့် ဟောတော်မူသောကြောင့် ပရိသတ်တို့သည် ဒေသနာတော်ကို အလွန်အံ့ဩကြ၏။-#မ၊ ၇:၂၈-၂၉။ 33ထိုတရားဇရပ်၌ ညစ်ညူးသောနတ်ဆိုး စွဲသောသူတစ်ယောက် ရှိ၍၊- 34ဪ နာဇရက်မြို့သားယေရှု ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှာ လာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏၊ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ ဖြစ်ပါသည်ဟု ကြီးသောအသံနှင့် ဟစ်ကြော်လေ၏။- 35ယေရှုကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် ထိုသူကို လူအများအလယ်၌ လှဲချ၍ ဘေးဥပဒ်မပြုဘဲ ထွက်သွား၏။- 36လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤစကားသည် အဘယ်သို့သောစကားနည်း၊ ညစ်ညူးသောနတ်တို့ကို အာဏာတန်ခိုးနှင့် မှာထား၍ သူတို့သည် ထွက်သွားကြသည်တကားဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။- 37သတင်းတော်သည်လည်း၊ ပတ်ဝန်းကျင်အရပ်တို့၌ နှံ့ပြားကျော်စောလေ၏။
လူများစွာကိုကုသခြင်း
(မ၊ ၈:၁၄-၁၇။ မာ၊ ၁:၂၉-၃၄)
38တရားဇရပ်မှ ထွက်ပြီးလျှင် ရှိမုန်အိမ်သို့ကြွတော်မူ၏။ ရှိမုန်၏ ယောက္ခမသည် ပြင်းစွာသော ဖျားနာစွဲသည်ဖြစ်၍ သူ့အတွက် ကိုယ်တော်ကို တောင်းလျှောက်ကြ၏။- 39ကိုယ်တော်သည် ထိုမိန်းမ၏ အနားမှာရပ်၍ ဖျားနာကို ဆုံးမတော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ ဧည့်သည်ဝတ်ကိုပြုလေ၏။
40နေဝင်သောအခါ အမျိုးမျိုးသော အနာရောဂါစွဲသောသူတို့၏ အဆွေခင်ပွန်းအပေါင်းတို့သည် ထိုလူနာတို့ကို အထံတော်သို့ဆောင်ခဲ့၍၊ ကိုယ်တော်သည် ထိုလူနာအသီးအသီးတို့ အပေါ်၌ လက်တော်ကို တင်သဖြင့် အနာရောဂါကို ငြိမ်းစေတော်မူ၏။- 41နတ်ဆိုးတို့လည်း၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူ၏ဟု ဟစ်ကြော်လျက် လူများမှ ထွက်သွားကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို သူတို့သိကြသောကြောင့် စကားတစ်ခွန်းကိုမျှ မပြောစေခြင်းငှာ မြစ်တားတော်မူ၏။
တရားဇရပ်တွင်ဟောပြောခြင်း
(မာ၊ ၁:၃၅-၃၉)
42မိုးလင်းသောအခါ တောအရပ်သို့ ထွက်ကြွတော်မူ၍၊ လူများတို့သည် ကိုယ်တော်ကိုရှာကြ၏၊ အထံတော်သို့ရောက်လျှင်၊ မိမိတို့နေရာမှ ထွက်ကြွတော်မမူမည်အကြောင်း ဆီးတားကြ၏။- 43ကိုယ်တော်ကလည်း၊ ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို အခြားသောမြို့ရွာတို့၌ ငါဟောပြောရမည်။- 44ထိုသို့အလို့ငှာ ငါ့ကိုစေလွတ်လျက်ရှိသည်ဟု မိန့်တော်မူ၍၊ ဂါလိလဲပြည်မှာ တရားဇရပ်တို့၌ တရားဟောပြောလျက် နေတော်မူ၏။
Pašlaik izvēlēts:
ရှင်လုကာ 4: JBMLE
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Judson Bible Revision © Bible Society of Myanmar, 2021.