Logo ya YouVersion
Elilingi ya Boluki

Luke 7

7
1ထို့နောက် ကိုယ်တော်ယေရှုသည် လူထုပရိသတ်ကို ဟောပြောသွန်သင်ပြီးနောက် ကပေရနောင်မြို့သို့ ကြွတော်မူ၏။ 2ထိုမြို့ရှိ ရောမတပ်မှူးyတစ်ဦး၌ သူလွန်စွာနှစ်သက်အားထားရသော အစေခံတစ်ဦးသည် ဖျားနာ၍ သေလုမျောပါးဖြစ်နေလေ၏။ 3ထိုတပ်မှူးသည် ကိုယ်တော့်သတင်းကို ကြားသိသောအခါ သူ၏အစေခံကို ကျန်းမာစေတော်မူရန် ဂျူးလူမျိုးအကြီးအကဲအချို့ကို စေလွှတ်၍ ကိုယ်တော်ကို ပင့်ဖိတ်စေ၏။ 4ထိုသူတို့သည်လည်း လာ၍ ကိုယ်တော်အား “ဤတပ်မှူးသည် ကိုယ်တော်၏အကူအညီကို ခံရထိုက်သူဖြစ်ပါ၏။ 5အကြောင်းမူကား သူသည် အကျွန်ုပ်တို့လူမျိုးများကို မေတ္တာထားသည့်အတွက်ကြောင့် အကျွန်ုပ်တို့အတွက် ဓမ္မာရုံတစ်ဆောင်ကိုလည်း ဆောက်လုပ်လှူဒါန်းပေးခဲ့သူဖြစ်ပါ၏” ဟုလျှောက်တင်ကြလေ၏။ 6ထို့ကြောင့် ကိုယ်တော်သည် သူတို့နှင့်အတူ လိုက်ပါသွားတော်မူပြီး တပ်မှူး၏အိမ်နှင့် မလှမ်းမကမ်းသို့ ရောက်လာသောအခါ တပ်မှူးသည် သူ၏မိတ်ဆွေအချို့ကို စေလွှတ်၍ ကိုယ်တော့်အား “ကိုယ်တော်၊ အကျွန်ုပ်၏အိမ်ကို ကိုယ်တော်ကြွလာဖို့ရန် အကျွန်ုပ်သည်မထိုက်တန်သည့်အတွက်ကြောင့် ကိုယ်တော်အပင်ပန်းခံ၍ ကြွလာတော်မမူပါနှင့်။ 7ထို့အပြင် အကျွန်ုပ်သည်လည်း ကိုယ်တော့်ထံ လာရောက်တွေ့ဆုံဖို့လည်း အကျွန်ုပ်မထိုက်တန်ပါ။ သို့ရာတွင် ကိုယ်တော်အမိန့်တော်ရှိရုံမျှနှင့် အကျွန်ုပ်၏အစေခံသည် ကျန်းမာလာပါလိမ့်မည်။ 8အကြောင်းမူကား အကျွန်ုပ်သည် အထက်အရာရှိ၏လက်အောက်တွင် ရှိသကဲ့သို့ အကျွန်ုပ်၏လက်အောက်တွင်လည်း တပ်သားများစွာရှိပါ၏။ အကျွန်ုပ်က တပ်သားတစ်ဦးကို ‘သွားပါ’ ဟုဆိုလျှင် သူသည် သွားရပြီး၊ ‘လာပါ’ ဟုဆိုလျှင်လည်း သူသည် လာရပါ၏။ အကျွန်ုပ်၏အစေခံများကိုလည်း ‘ဤသည်ကို ပြုပါ’ ဆိုလျှင် သူတို့ပြုရပါ၏” ဟုလျှောက်တင်စေလေ၏။ 9ထိုစကားကို ကိုယ်တော်ကြားရသောအခါ အံ့ဩလျှက် နောက်တော်သို့လိုက်ပါလာသူတို့ကို လှည့်ကြည့်၍ “သင်တို့အား ငါဆိုသည်ကား အစ္စရေးပြည်တစ်ခွင်၌ ဤမျှလောက်ယုံကြည်မှုကြီးမားသောသူ ငါမတွေ့သေး” ဟုမိန့်တော်မူလေ၏။ 10တပ်မှူးစေလွှတ်လိုက်သောသူတို့လည်း အိမ်သို့ ပြန်ရောက်သွားသည့်အခါ တပ်မှူး၏အစေခံသည် ကျန်းမာလျှက်ရှိသည်ကို တွေ့ကြရလေ၏။ 11နောက်တစ်နေ့တွင် ကိုယ်တော်သည် တပည့်တော်များနှင့်အတူ နာဣနဟုခေါ်သောမြို့သို့ ကြွတော်မူသဖြင့် လူထုပရိသတ်တို့သည်လည်း နောက်တော်သို့လိုက်ပါလာကြလေ၏။ 12မြို့တံခါးပေါက်အနီးသို့ ရောက်သောအခါ လူသေအလောင်းတစ်လောင်းကို သင်္ဂြိုဟ်ရန် လူတစ်စုက အလောင်းစင်ဖြင့်ထမ်း၍ မြို့ပြင်သို့ ထုတ်လာကြ၏။ သေဆုံးသူသည် မုဆိုးမတစ်ဦး၏တစ်ဦးတည်းသောသားဖြစ်ပြီး မြို့သူမြို့သားတို့သည်လည်း သူမနှင့်အတူ လိုက်ပါပို့ဆောင်ကြလေ၏။ 13ကိုယ်တော်သည် ထိုမုဆိုးမကို မြင်သောအခါ သူမအား အလွန်သနားကရုဏာသက်ဝင်၍ “မငိုနှင့်” ဟုမိန့်တော်မူ၏။ 14ထို့နောက် ကိုယ်တော်သည် လူတို့သယ်ဆောင်လာသော အလောင်းစင်အနီးသို့ ကြွတော်မူပြီးလျှင် အလောင်းစင်ကို လက်တော်နှင့် ထိတော်မူသဖြင့် အလောင်းစင်ထမ်းလာသူတို့သည်လည်း ရပ်ပေးလိုက်ကြရာ ကိုယ်တော်က “လူကလေး၊ သင့်ကို ငါဆိုမည်။ ထလော့” ဟုမိန့်တော်မူလေ၏။ 15ထိုအခါ သေနေသောသူသည် ထထိုင်လိုက်ပြီး စတင်စကားပြောလေ၏။ ကိုယ်တော်သည်လည်း သူ့အား မိခင်ထံသို့ ပြန်လည်အပ်နှံလေ၏။ 16လူအပေါင်းတို့သည်လည်း ထိတ်လန့်အံ့ဩလျှက် “ငါတို့၌ မြင့်မြတ်သောအရိယာသူတော်စင်တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားရှင်သည် ငါတို့အား ကြည့်ရှုစောင်မတော်မူလေပြီ” ဟုဆိုကြကာ ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းကြလေ၏။ 17ကိုယ်တော်နှင့်ပတ်သက်သော ဤဂုဏ်သတင်းတို့သည်လည်း ယုဒပြည်နယ်တစ်ခွင်လုံးနှင့် အနီးအနား ပတ်ဝန်းကျင်ဒေသအားလုံးသို့ ပျံ့နှံ့သွားလေတော့၏။ 18ထိုအချိန်၌ ရေနှစ်မင်္ဂလာဆရာယောဟန်သည် ထောင်ထဲ၌ရှိစဉ် သူ၏တပည့်များသည် ဤအကြောင်းအရာအလုံးစုံကို သူ့အား ပြောပြကြသဖြင့် ယောဟန်သည် တပည့်နှစ်ဦးကို ခေါ်ကာ 19ကိုယ်တော်ထံသို့ စေလွှတ်၍ “ကိုယ်တော်သည် အကျွန်ုပ်တို့မျှော်လင့်စောင့်စားနေရသည့် မေရှိယအရှင်ဟုတ်သလော၊ သို့မဟုတ် အကျွန်ုပ်တို့ အခြားသူတစ်ပါးကို စောင့်ရဦးမည်လော” ဟုမေးမြန်းလျှောက်တင်စေလေ၏။ 20ထိုတပည့်တို့သည်လည်း အထံတော်သို့ ရောက်လာကြသောအခါ ကိုယ်တော်အား “ရေနှစ်မင်္ဂလာဆရာယောဟန်က အကျွန်ုပ်တို့ကို ကိုယ်တော်ထံ စေလွှတ်၍ ‘ကိုယ်တော်သည် အကျွန်ုပ်တို့မျှော်လင့်စောင့်စားနေရသည့် မေရှိယအရှင်ဟုတ်သလော၊ သို့မဟုတ် အကျွန်ုပ်တို့ အခြားသူတစ်ပါးကို စောင့်ရဦးမည်လော’ ဟုမေးမြန်းစေပါ၏” ဟုလျှောက်တင်ကြလေ၏။ 21ထိုအချိန်၌ ကိုယ်တော်သည် ဖျားနာသူများကို ကျန်းမာစေ၍ မကောင်းဆိုးဝါးပူးကပ်ခံနေရသူများထံမှ မကောင်းဆိုးဝါးများကိုလည်း နှင်ထုတ်ပေးနေသည်သာမက မျက်မမြင်များစွာတို့ကိုလည်း မျက်စိအလင်းပြန်ရစေရန် အခွင့်ပေးနေတော်မူ၏။ 22ကိုယ်တော်ကလည်း ယောဟန်၏တပည့်များအား “သင်တို့မြင်တွေ့ရသည့်အရာတို့ကို ယောဟန်ထံ သွား၍ပြောပြကြလော့။ မျက်မမြင်တို့သည် မျက်စိမြင်ရကြပြီ။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်နိုင်ကြပြီ။ အနာကြီးရောဂါသည်တို့သည် ရောဂါပျောက်ကင်းကြပြီ။ နားမကြားသောသူတို့သည် ပြန်လည်ကြားနိုင်ကြပြီ။ သေသောသူတို့သည် အသက်ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့သည်လည်း မင်္ဂလာသတင်းကောင်းကို ကြားကြရပြီ။ 23ငါ့ထံ၌ ယုံကြည်ခြင်းတည်မြဲသောသူတို့သည် ဘုရားရှင်၏ကောင်းကြီးမင်္ဂလာကို ခံရ၏ဟုပြောပြကြလော့” ဟုမိန့်တော်မူ၏။ 24ထိုတပည့်တို့ပြန်သွားကြပြီးနောက် ရေနှစ်မင်္ဂလာဆရာယောဟန်၏အကြောင်းကို လူထုပရိသတ်တို့အား ကိုယ်တော်ဟောပြောတော်မူသည်မှာ “တောကန္တာရထဲကို သင်တို့လာရောက်ကြသည်မှာ အမှန်စင်စစ် လေယူရာယိမ်းနေသော ကျူပင်ရှည်များကို မြင်လို၍ လာကြသည်မဟုတ်။ 25သို့ဖြစ်လျှင် မည်သည့်အရာကို မြင်လို၍ ထိုအရပ်သို့လာကြသနည်း။ ဝတ်ကောင်းစားလှဝတ်ထားသည့် တစ်စုံတစ်ဦးကို မြင်လိုသလော။ ထိုသို့မဟုတ်။ ဝတ်ကောင်းစားလှဝတ်၍ စည်းစိမ်ခံစားနေကြသောသူများကို ဘုရင်၏နန်းတော်တွင်သာ မြင်နိုင်၏။ 26ဤသို့ဆိုလျှင် မည်သို့သောပုဂ္ဂိုလ်မျိုးကို မြင်လို၍ သင်တို့လာကြသနည်း။ ယောဟန်သည် အရိယာသူတော်စင်တစ်ပါးဖြစ်သောကြောင့် သင်တို့သည် သူ့ကိုမြင်လိုကြသလော။ မှန်ပေ၏။ သို့သော် သင်တို့အား ငါဆိုသည်ကား ယောဟန်သည် သာမန်အရိယာသူတော်စင်တစ်ပါးထက်သာ၍ ကြီးမြတ်ပေ၏။ 27အကြောင်းမူကား ရှေးယခင်ကအရိယာသူတော်စင်တစ်ပါးက ယောဟန်၏အကြောင်းကို ရေးသားထားသည်မှာ ‘ဘုရားရှင်သည် မေရှိယအား ဤသို့မိန့်ဆိုတော်မူ၏။ ၎င်းမှာ
“သင့်ကို မစေလွှတ်မီ ငါသည် ငါ၏စေတမန်ကို အလျင်ဦးစွာစေလွှတ်မည်။
သူသည် သင်၏လမ်းစဉ်ကို ပြင်ဆင်ပေးလိမ့်မည်”
ဟူ၍ဖြစ်၏။’ 28ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား မိန်းမတို့မှ မွေးဖွားလာသောသူတို့တွင် ယောဟန်ထက်ကြီးမြတ်သောသူမရှိ။ သို့သော်ငြား ဘုရားရှင်၏သာသနာတော်ထဲ၌ အရေးမပါဆုံးသောသူသည်ပင် သူ့ထက် ကြီးမြတ်ပေ၏” ဟုမိန့်တော်မူလေ၏။ 29ထိုအခါ အခွန်ကောက်ခံသူများမှစ၍ လူအပေါင်းတို့သည် ယောဟန်ထံတွင် ရေနှစ်မင်္ဂလာကိုခံယူခဲ့သဖြင့် ဤစကားကိုကြားနာရသောအခါ ဘုရားရှင်သည် ဖြောင့်မတ်ကြောင်းကို ဝန်ခံကြ၏။ 30သို့သော် ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာတို့သည် ယောဟန်ထံမှ ရေနှစ်မင်္ဂလာကိုမခံယူခဲ့သဖြင့် မိမိတို့အတွက် ဘုရားရှင်ကြံစည်ထားတော်မူသောအရာကို ငြင်းဆန်ပစ်ပယ်ကြ၏။ 31ထို့နောက် ကိုယ်တော်က ဆက်လက်၍ “ဤခေတ်ကာလလူများဖြစ်သော သင်တို့သည် မည်သည်နှင့်တူသနည်း။ မည်သည့်အရာနှင့်ခိုင်းနှိုင်းရမည်ဆိုလျှင်ကား 32သင်တို့သည် ဈေးအရပ်၌ထိုင်လျက်
‘ငါတို့ တီးမှုတ်ပြနေသော်လည်း
သင်တို့မကကြ။
ငါတို့ ငိုချင်းကိုသီဆိုသော်လည်း
သင်တို့သည် မငိုကြ’
ဟုအချင်းချင်းအော်ဟစ်ပြောဆိုနေသော ကလေးသူငယ်များနှင့်တူကြ၏။ 33အကြောင်းမူကား ရေနှစ်မင်္ဂလာဆရာယောဟန်သည် သာမန်အစားအစာzကိုလည်းမစား၊ မူးယစ်စေသောစပျစ်ရည်ကိုလည်း မသောက်ဘဲသွားလာနေသည်ကို မြင်လျှင် သင်တို့က ‘ယောဟန်သည် မကောင်းဆိုးဝါးပူးကပ်နေသောသူဖြစ်၏’ ဟုဆိုကြ၏။ 34ထိုသို့ပင် လူ့သားတော်သည် စားသောက်လျက်နေသောအခါ သင်တို့က ‘ဤသူသည် အစားအသောက်ကျူးသူဖြစ်ကာ အခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သားများနှင့် အပေါင်းအသင်းဖွဲ့နေ၏’ ဟုဆိုကြပြန်၏။ 35မည်သို့ပင်ဆိုစေကာမူ ဘုရားရှင်၏အသိဉာဏ်ပညာတော်သည် ဖြောင့်မတ်မှန်ကန်ကြောင်းကို ၎င်းကိုလိုက်နာကျင့်သုံးသောသူများအားဖြင့် သက်သေပြနေ၏” ဟုမိန့်တော်မူ၏။ 36ထို့နောက် ဖာရိရှဲတစ်ဦးသည် ကိုယ်တော်ယေရှုကို သူ၏အိမ်၌ အစားအစာသုံးဆောင်ရန် ပင့်ဖိတ်လေ၏။ ထို့ကြောင့် ကိုယ်တော်သည် ထိုသူ၏အိမ်သို့ ကြွတော်မူပြီး စားသောက်ရန် စားပွဲ၌ ထိုင်တော်မူ၏။ 37ထိုအခါ ထိုမြို့ရှိ အပြစ်များသောအမျိုးသမီးတစ်ဦးသည် ဖာရိရှဲ၏အိမ်၌ ကိုယ်တော်ထိုင်၍ စားသုံးနေကြောင်းကို ကြားသိရသဖြင့် အလွန်တန်ဖိုးကြီးသည့် ဆီမွှေးတစ်ပုလင်းကို ယူဆောင်ကာ ထိုနေရာသို့ လာလေ၏။ 38ထို့နောက် သူမသည် ကိုယ်တော်၏နောက်တော်ပါးသို့ လာ၍ ခြေတော်ရင်း၌ ငိုကြွေးလျှက် သူမ၏မျက်ရည်တို့ဖြင့် ကိုယ်တော်၏ခြေထောက်အား စိုစေကာ ဦးခေါင်းမှ ဆံပင်တို့ဖြင့် သုတ်၍ ခြောက်သွေ့စေ၏။ ထို့နောက် ကိုယ်တော်၏ခြေတော်အစုံကို နမ်းရှိုက်လိုက်ပြီး ဆီမွှေးဖြင့် လိမ်းကျံလေ၏။ 39ထိုအခါ ကိုယ်တော်ကိုပင့်ဖိတ်သောဖာရိရှဲသည် မြင်သဖြင့် “ဤသူသည် အရိယာသူတော်စင်မှန်ပါက သူ့ကိုတို့ထိနေသူ အမျိုးသမီးသည် မည်သို့သောမိန်းမမျိုး ဖြစ်သည်ကို သိသင့်သည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏” ဟုမိမိစိတ်ထဲ၌ တွေးတောလေ၏။ 40ကိုယ်တော်ကလည်း ဖာရိရှဲအား “ရှိမုန်၊ သင့်ကို ငါတစ်ခုပြောမည်” ဟုမိန့်တော်မူသဖြင့် ရှိမုန်ကလည်း
“ပြောပါ၊ ကိုယ်တော်” ဟုလျှောက်သော် 41ကိုယ်တော်က “ငွေချေးသူတစ်ဦးထံတွင် လူနှစ်ဦးသည် ငွေချေးငှားကြ၏။ တစ်ဦးက ဒေနာရီဒင်္ဂါးငါးရာ၊ အခြားတစ်ဦးက ဒေနာရီဒင်္ဂါးငါးဆယ် အကြွေးတင်ကြ၏။ 42ထို့နောက်တွင် သူတို့သည် အကြွေးရှင်ကို ပြန်မဆပ်နိုင်ကြသည့်အခါ၌ အကြွေးရှင်က သူတို့နှစ်ဦးစလုံးအား ‘သင်တို့ချေးထားသည့်ငွေများကို ပြန်ဆပ်စရာမလိုတော့ပါ’ ဟုဆိုလျှင် ထိုသူနှစ်ဦးမှ မည်သူသည် အကြွေးရှင်သာ၍ ကျေးဇူးတင်မည်နည်း” ဟုမေးတော်မူ၏။ 43ထိုအခါ ရှိမုန်ကလည်း “ငွေပို၍ ချေးထားသောသူသည် သာ၍ကျေးဇူးတင်ပါလိမ့်မည်” ဟုလျှောက်တင်လေ၏။
ကိုယ်တော်ကလည်း “သင်ဆိုသည်မှာ မှန်၏” ဟုမိန့်တော်မူပြီးနောက် 44ထိုအမျိုးသမီးဘက်သို့ ပြန်လှည့်ကြည့်ကာ ရှိမုန်အား “ဤအမျိုးသမီးကို ကြည့်လော့။ သင်သည် သင့်အိမ်ကို ငါလာသောအခါ ငါခြေဆေးရန် ရေကိုမပေးသော်လည်း သူမသည် ငါ့ခြေကို မျက်ရည်နှင့်ဆေးကြော၍ ဆံပင်နှင့် သုတ်၍ခြောက်သွေ့စေ၏။ 45ထိုသို့ပင် ငါလာသည့်အခါ၌ သင်သည် ငါ့အား နမ်း၍ မကြိုဆိုသော်လည်း သူမသည် ငါ့ခြေကို အဆက်မပြတ်နမ်းလျက်နေ၏။ 46သင်သည် ငါ့ခေါင်းကို သံလွင်ဆီဖြင့် မလိမ်းပေးခဲ့သော်လည်း သူမသည် အလွန်တန်ဖိုးကြီးသည့်ဆီမွှေးဖြင့် ငါ့ခြေကို လိမ်းကျံပေး၏။ 47ထို့ကြောင့် သင့်အား ငါဆိုသည်ကား ဘုရားရှင်သည် သူမ၏များပြားလှသောအပြစ်များကို ခွင့်လွှတ်ပေးတော်မူခဲ့ပြီဖြစ်သောကြောင့် သူမသည် များစွာသောမေတ္တာကရုဏာကို ပြသနေခြင်းဖြစ်၏။ ထိုသို့ပင် အနည်းငယ်သာခွင့်လွှတ်ခြင်းခံရသူသည် အနည်းငယ်သောမေတ္တာကိုသာ ပြ၏” ဟုမိန့်တော်မူ၏။ 48ထို့နောက် ကိုယ်တော်က ထိုအမျိုးသမီးအား “သင်၏အပြစ်ဒုစရိုက်များအားလုံးကို ခွင့်လွှတ်လိုက်ပြီ” ဟုမိန့်တော်မူ၏။ 49ထိုအခါ ကိုယ်တော်နှင့်အတူထိုင်နေသော အခြားသူများက “အပြစ်ဒုစရိုက်ကိုပင် ခွင့်လွှတ်နိုင်သည်ဟုဆိုနေသော ဤသူသည် အဘယ်သူနည်း” ဟုအချင်းချင်း တီးတိုးပြောဆိုနေကြလေ၏။ 50သို့သော်လည်း ကိုယ်တော်ယေရှုက ထိုအမျိုးသမီးအား “သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ။ ငြိမ်းချမ်းစွာ သွားလော့” ဟုမိန့်တော်မူလေ၏။

Currently Selected:

Luke 7: TPV-RV

Tya elembo

Kabola

Copy

None

Olingi kobomba makomi na yo wapi otye elembo na baapareyi na yo nyonso? Kota to mpe Komisa nkombo