Luke 4
4
1ထို့နောက် ကိုယ်တော်ယေရှုသည် ဉာဏ်အလင်းတော်နှင့်အတူရှိတော်မူလျှက် ဂျော်ဒန်မြစ်မှ ပြန်လာပြီး ဉာဏ်အလင်းတော်၏ဦးဆောင်မှုဖြင့် တောကန္တာရထဲသို့ ကြွတော်မူ၏။ 2ထိုနေရာ၌ မာရ်နတ်၏ဖြားယောင်းသွေးဆောင်ခြင်းကို ရက်ပေါင်းလေးဆယ်ကြာမျှ ခံတော်မူ၏။ ထိုနေ့ရက်များတွင် ကိုယ်တော်သည် မည်သည့်အစာကိုမျှ သုံးဆောင်ခြင်းမရှိခဲ့သည့်အတွက် ၎င်းနေ့ရက်များ ကုန်ဆုံးသွားသည့်အခါ ဆာလောင်လာလေ၏။ 3ထိုအခါ မာရ်နတ်က ကိုယ်တော်အား “သင်သည် ဘုရားရှင်၏သားတော်ဆိုလျှင် ဤကျောက်တုံးကို မုန့်ဖြစ်စေဟု အမိန့်ပေးလိုက်ပါ” ဟုဆို၏။ 4သို့သော် ကိုယ်တော်က “လူသည် အစားအစာတစ်ခုတည်းဖြင့်သာ အသက်ရှင်ရမည်မဟုတ်၊ ဘုရားရှင်၏နှုတ်ကပတ်တော်နှင့် အသက်ရှင်ရမည်ဟု ကျမ်းစာ၌ ဖော်ပြထားသည်” ဟုမိန့်တော်မူ၏။ 5ထို့နောက် မာရ်နတ်သည် ကိုယ်တော်အား အလွန်မြင့်မားသော တောင်ထိပ်ပေါ်သို့ ခေါ်ဆောင်ကာ ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံအားလုံးကို တခဏချင်းတွင် ပြသလိုက်ပြီးနောက် 6မာရ်နတ်က ကိုယ်တော်အား “ဤတန်ခိုးအာဏာအပေါင်းနှင့် ဘုန်းစည်းစိမ်တို့သည် ငါ၌ပေးအပ်ထားသည်ဖြစ်၍ သင် သို့မဟုတ် ငါပေးလိုသောသူကို ပေးနိုင်၏။ 7သို့ဖြစ်၍ သင်သည် ငါ့ကို ဝတ်ပြုကိုးကွယ်လျှင် ဤအရာအားလုံးကို သင့်အား ငါပေးမည်” ဟုဆိုလေ၏။ 8ထိုအခါ ကိုယ်တော်ကလည်း “ကျမ်းစာ၌ သင်၏အရှင်သခင်ဖြစ်တော်မူသည့် ဘုရားရှင်တစ်ပါးတည်းကိုသာလျှင် ဝတ်ပြုကိုးကွယ်၍ သူ၏အမှုတော်ကိုသာ ထမ်းဆောင်ရမည်ဟုဖော်ပြထား၏” ဟု မာရ်နတ်အား ပြန်လည်ဖြေကြားလိုက်၏။ 9တဖန် မာရ်နတ်သည် ကိုယ်တော်အား ဂျေရုဆလင်မြို့ရှိ ဗိမာန်တော်၏အမြင့်ဆုံးနေရာသို့ ခေါ်ဆောင်သွားပြီး “သင်သည် ဘုရားရှင်၏သားတော်မှန်လျှင် ဤနေရာမှ ခုန်ချပြလော့။ 10အကြောင်းမူကား ကျမ်းစာ၌ ‘ဘုရားရှင်သည် သင့်ကိုစောင့်ရှောက်ရန် နတ်ဒေဝါတို့ကို မိန့်မှာထားသည့်အတွက် 11သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေရန်
နတ်ဒေဝါတို့သည် သင့်ကို သူတို့၏လက်ဖြင့် ချီပင့်ကြလိမ့်မည်’
ဟူ၍ဖော်ပြထားသည်မဟုတ်လော” ဟုဆိုလေ၏။ 12ထိုအခါ ကိုယ်တော်ကလည်း “ကျမ်းစာ၌ ‘သင်၏အရှင်သခင်ဖြစ်တော်မူသော ဘုရားရှင်ကို စမ်းသပ်ခြင်းမပြုရ’ ဟုလည်း ဖော်ပြထား၏” ဟုပြန်လည်မိန့်ဆိုလေ၏။ 13မာရ်နတ်သည်လည်း ကိုယ်တော်အား အမျိုးမျိုးဖြားယောင်းသွေးဆောင်ပြီးနောက် ကိုယ်တော့်ထံမှ ထွက်ခွါသွားကာ နောက်တစ်ချိန် အခွင့်အခါကောင်းကို စောင့်နေလေ၏။ 14ထို့နောက် ကိုယ်တော်ယေရှုသည် ဉာဏ်အလင်းတော်၏ဦးဆောင်မှုဖြင့် ဂါလိလဲပြည်သို့ ပြန်လည်ကြွတော်မူ၏။ သူ၏ဂုဏ်သတင်းတို့သည်လည်း အရပ်ဒေသအနှံ့ ပျံ့လွင့်လျှက်ရှိလေ၏။ 15ထို့နောက် ကိုယ်တော်သည် ထိုအရပ်ဒေသရှိ ဓမ္မာရုံpများတွင် ဟောပြောသွန်သင်တော်မူလေရာ လူထုပရိသတ်တို့ကလည်း ကိုယ်တော်အား ချီးမွမ်းထောပနာပြုကြလေ၏။ 16ထို့နောက် ကိုယ်တော်ယေရှုသည် သူကြီးပြင်းရာအရပ်ဖြစ်သော နာဇရက်မြို့သို့ ပြန်လာ၏။ တစ်ခုသော ဥပုသ်နေ့တွင် ကိုယ်တော်သည် ဓမ္မာရုံသို့ သွားနေကျအတိုင်း သွားရောက်ပြီး ထိုနေရာတွင် သူသည် ကျမ်းစာဖတ်ရန် မတ်တပ်ရပ်လေ၏။ 17ထို့နောက် ကိုယ်တော်အား အရိယာသူတော်စင်ဟေရှာယ၏ကျမ်းစာလိပ်ကို ပေးလိုက်သဖြင့် သူသည် ဖွင့်၍ဖတ်လေ၏။ 18“ဉာဏ်အလင်းတော်သည် ငါနှင့်အတူ ရှိနေတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဆင်းရဲသားများအတွက် မင်္ဂလာသတင်းကောင်းကို
ဟောကြားရန်အလို့ငှာ ဘုရားရှင်က ငါ့ကို ရွေးကောက်ထားတော်မူ၍
အကျဉ်းကျနေသူများ လွတ်မြောက်ခြင်းရရန်၊
မျက်စိကွယ်သူများ မြင်စေရန်၊
ဒုက္ခဆင်းရဲခံစားနေရသူများကို လွတ်မြောက်ရာသို့ပို့ဆောင်ရန်နှင့် 19ဤအချိန်ကာလသည် ဘုရားရှင်မှ သူ၏လူမျိုးတို့အား သူ၏မဟာကရုဏာမေတ္တာတော်ကို
ပြသသည့်အချိန်ကာလဖြစ်ကြောင်းကို ကြေညာရန် ငါ့ကိုစေလွှတ်တော်မူပြီဖြစ်သောကြောင့်ဖြစ်၏”
ဟူ၍ ဖြစ်၏။ 20ထိုသို့ဖတ်ရှုပြီးနောက် ကိုယ်တော်သည် ကျမ်းစာကို လိပ်၍ ဓမ္မာရုံတာဝန်ခံအား လှမ်းပေးပြီးနောက် ထိုင်လိုက်သည့်အချိန်၌ ဓမ္မာရုံရှိ လူအပေါင်းတို့သည်လည်း ကိုယ်တော်ကို အနီးကပ်စောင့်ကြည့်နေကြ၏။ 21ထို့နောက် ကိုယ်တော်က လူတို့အား “သင်တို့ ကြားနာလိုက်ရသည့် ဤကျမ်းစာပိုဒ်သည် ယနေ့ပင် အမှန်တကယ် ဖြစ်လာပြီ” ဟုမိန့်တော်မူသဖြင့် 2 22လူအပေါင်းတို့သည် အစပထမ၌ ကိုယ်တော့်ကို ချီးကျူးကြပြီး ကိုယ်တော်မိန့်ဆိုသည့်စကားတို့ကို အံ့ဩမင်သက်လျက်ရှိကြကုန်၏။ သို့သော် အချို့သောသူတို့ကမူ “ဤသူသည် ယောသပ်၏သားမဟုတ်လော” ဟုအချင်းချင်းပြောဆိုကြလေ၏။ 23ထိုအခါ ကိုယ်တော်က “သင်တို့သည် ငါ့အား ‘ဆေးဆရာ၊ မိမိကိုယ်ကို ကုသလော့’ ဟုဆိုသည့် ဆိုရိုးစကားအတိုင်း ‘ကပေရနောင်မြို့၌ သင်ပြုခဲ့သည်ဟု အကျွန်ုပ်တို့ကြားရသည့်အမှုအရာများကို သင်၏နေရင်းမြို့ဖြစ်သော ဤအရပ်၌လည်း ပြုပါလော့’ ဟု ဧကန်မုချ ဆိုကြလိမ့်မည်” ဟုမိန့်ဆိုပြီးနောက် 24ကိုယ်တော်က ဆက်လက်၍ “သင်တို့အား ငါအမှန်ဆိုသည်ကား မည်သည့်အရိယာသူတော်စင်မျှ မိမိနေရင်းမြို့၌ လက်ခံကြိုဆိုခြင်းမခံရတတ်။ 25ငါဆိုသည်ကို တွေးတောကြည့်ကြလော့။ အရိယာသူတော်စင်ဧလိယခေတ်အခါက အစ္စရေးပြည်၌ သုံးနှစ်ခွဲကြာမျှ မိုးခေါင်၍ တစ်ပြည်လုံးတွင် ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်း ကျရောက်စဉ်၌ အစ္စရေးလူမျိုးများထဲတွင် မုဆိုးမပေါင်းမြောက်များစွာရှိခဲ့သည်မှာ မှန်၏။ 26သို့သော် ဘုရားရှင်သည် ထိုသူတို့ထဲမှ မည်သူ့ထံကိုမျှ ဧလိယကို စေလွှတ်တော်မမူဘဲ ဇိဒုန်ပြည်အနီး ဇရတ္တမြို့မှ မုဆိုးမတစ်ဦးထံသို့သာ အကူအညီပေးရန် စေလွှတ်တော်မူ၏။ 27ထိုကဲ့သို့ပင် အရိယာသူတော်စင်ဧလိရှဲခေတ်အခါ၌လည်း အစ္စရေးလူမျိုးများထဲတွင် အနာကြီးရောဂါသည် မြောက်များစွာရှိခဲ့ကြ၏။ သို့သော်လည်း ထိုသူတို့ထဲမှ ဆီးရီးယားပြည်သား လူမျိုးခြားဖြစ်သော နေမန်တစ်ဦးတည်းကလွဲ၍ မည်သူ့ကိုမျှ မပျောက်ကင်းစေခဲ့ပါ” ဟုမိန့်တော်မူ၏။ 28ဓမ္မာရုံထဲရှိ လူအပေါင်းတို့သည်လည်း ကိုယ်တော်မိန့်ဆိုသောစကားကို ကြားရသောအခါ အလွန်ဒေါသထွက်သဖြင့် 29ထ၍ ကိုယ်တော်ကို မြို့ပြင်သို့ နှင်ထုတ်ကြပြီးလျှင် ချောက်ကမ်းပါးပေါ်မှ တွန်းချရန် ထိုမြို့တည်ရာ တောင်ထိပ်စွန်းအထိ ဆောင်သွားကြ၏။ 30သို့ရာတွင် ကိုယ်တော်သည် လူအုပ်ကြားထဲမှ ဖြတ်လျှောက်၍ ကြွသွားတော်မူ၏။ 31ထို့နောက် ကိုယ်တော်သည် ဂါလိလဲပြည်ရှိ ကပေရနောင်မြို့သို့ သွားရောက်ပြီး ဥပုသ်နေ့၌ ဓမ္မာရုံတွင် ဟောပြောသွန်သင်တော်မူ၏။ 32ကိုယ်တော်သည် အခွင့်အာဏာဖြင့် ဟောပြောသွန်သင်သဖြင့် လူတို့သည် သူ၏သွန်သင်ချက်တို့ကို အံ့ဩချီးမွမ်းကြလေ၏။ 33ထိုဓမ္မာရုံထဲတွင် မကောင်းဆိုးဝါးပူးကပ်နေသော လူတစ်ဦးရှိလေသည်။ ထိုသူက ကိုယ်တော်အား 34“နာဇရက်မြို့သား ယေရှု၊ အသင် ကျွန်ုပ်တို့ကို မည်သို့ပြုမည်နည်း။ ကျွန်ုပ်တို့ကို ဖျက်ဆီးဖို့လာသလော။ သင်မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ သင်သည် ဘုရားရှင်ထံတော်မှလာသော မြင့်မြတ်သောသူဖြစ်ပါ၏” ဟုကျယ်လောင်သောအသံဖြင့် အော်ဟစ်ပြောဆိုလေ၏။ 35ထိုအခါ ကိုယ်တော်က မကောင်းဆိုးဝါးအား ဆုံးမလျက် “တိတ်လော့၊ သူ့အထဲမှ ထွက်သွားလော့” ဟုအမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် မကောင်းဆိုးဝါးသည် ထိုလူအား လူများအလယ်တွင် မြေပြင်ပေါ်သို့ လှဲချလိုက်ပြီး မနာကျင်စေဘဲ ထွက်ခွာသွားလေ၏။ 36ဓမ္မာရုံမှ လူအပေါင်းတို့သည်လည်း အံ့ဩလျက် “ဤသည်ကား မည်သို့သောစကားနည်း။ ဤသူ မောင်းထုတ်လိုက်သည်နှင့် မကောင်းဆိုးဝါးသည် ထွက်ခွာသွားရသည့် အခွင့်အာဏာနှင့် တန်ခိုးများ ဤသူ၌ရှိနေပါသည်တကား” ဟုအချင်းချင်း ပြောဆိုကြကုန်၏။ 37ထို့နောက် ကိုယ်တော်၏ဂုဏ်သတင်းတို့သည်လည်း ပတ်ဝန်းကျင်ဒေသတစ်ခွင်လုံးသို့ ပျံ့နှံ့သွားလေတော့၏။ 38ကိုယ်တော်သည် ဓမ္မာရုံမှ ထွက်ခွာ၍ ရှိမုန်ဆိုသူ၏အိမ်သို့ ကြွရောက်တော်မူသောအချိန်တွင် ရှိမုန်၏ယောက္ခမသည် အပြင်းအထန်ဖျားနာနေသဖြင့် လူတို့သည် သူမအား ကုသပေးရန် ကိုယ်တော်အား တောင်းလျှောက်ကြလေသည်။ 39ထို့ကြောင့် ကိုယ်တော်သည် သူမအနီးသို့ သွား၍ အဖျားရောဂါကို ပျောက်ကင်းစေရန် အမိန့်ပေးလိုက်သည်နှင့် သူမသည် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ သူတို့ကို ဧည့်ဝတ်ပြုလေ၏။ 40နေဝင်ချိန်ရောက်သော် လူတို့သည် ရောဂါဝေဒနာအမျိုးမျိုး စွဲကပ်နေသော လူနာများစွာတို့ကို ကိုယ်တော်ထံ ခေါ်လာခဲ့ကြရာ ကိုယ်တော်သည် ထိုလူနာတစ်ဦးစီ၏ကိုယ်ပေါ်တွင် လက်တော်ကိုတင်၍ ရောဂါဝေဒနာများကို ပျောက်ကင်းစေလေ၏။ 41မကောင်းဆိုးဝါးတို့သည်လည်း လူနာများထံမှ ထွက်လာကြပြီး “အသင်သည် ဘုရားရှင်၏သားတော်ဖြစ်တော်မူ၏” ဟုအော်ဟစ်ကြ၏။ ကိုယ်တော်ယေရှုသည် ကယ်တင်ရှင်မေရှိယဖြစ်သည်ကို ထိုမကောင်းဆိုးဝါးတို့သိကြသောကြောင့် ကိုယ်တော်က သူတို့ကို ဆုံးမ၍ စကားပြောဆိုခွင့်ပေးတော်မမူ။ 42နောက်တစ်နေ့မိုးလင်းသောအခါ ကိုယ်တော်သည် လူသူကင်းဝေးရာအရပ်သို့ ကြွတော်မူလေ၏။ လူထုကလည်း ကိုယ်တော်ကို လိုက်လံရှာဖွေ၍ တွေ့ရှိသွားပြီး မိမိတို့ထံမှ ထွက်ခွာမသွားရန် လျှောက်ထားတောင်းပန်ကြ၏။ 43သို့ရာတွင် ကိုယ်တော်က “ငါသည် အခြားသောမြို့ရွာများ၌လည်း ဘုရားရှင်၏သာသနာတော်qနှင့်ဆိုင်သော မင်္ဂလာသတင်းကောင်းကို ဟောပြောရပေဦးမည်။ အကြောင်းမူကား ဤသို့ဟောပြောရန်အတွက် ငါ့အား ဘုရားရှင်က စေလွှတ်တော်မူခဲ့ခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။ 44
Currently Selected:
Luke 4: TPV-RV
Tya elembo
Kabola
Copy

Olingi kobomba makomi na yo wapi otye elembo na baapareyi na yo nyonso? Kota to mpe Komisa nkombo
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.