ရှင်ယောဟန် 13

13
1ထိုအခါပသခါပွဲမတိုင်မီ ယေရှုသည်ခမည်းတော်ထံ ဤလောကမှပြောင်းကြွရမည့်အချိန်ရောက်ကြောင်း သိတော်မူ၍ ဤလောက၌ချစ်ခင်သော ကိုယ်ပိုင်ဆိုင်သူတို့ကို စုံလင်စွာချစ်တော်မူသည့်အတိုင်း ညစာစားလျက်နေကြစဉ်၊ 2ရှိမုန်၏သား ယုဒဣရှကာရုတ်စိတ်၌ ကိုယ်တော်ကိုပို့အပ်ရန် မာရ်နတ်အကြံပေးပြီးဖြစ်လျက်ပင်၊ 3ကိုယ့်လက်သို့ အရာခပ်သိမ်းကို ခမည်းတော်လွှဲအပ်ခဲ့သည်ကိုလည်းကောင်း၊ ဘုရားသခင်ထံမှထွက်လာ၍ ဘုရားသခင့်ထံပြန်သွားတော့မည်ကိုလည်းကောင်း သိတော်မူသော်လည်း၊ 4စားတော်ခေါ်ရာမှထ၍ ဝတ်လုံတော်ကိုချွတ်ထားပြီးလျှင် ပုဝါတစ်ထည်ကိုကိုင်ယူခါးစည်းလျက် အင်တုံတွင်ရေထည့်၍၊ 5တပည့်တော်တို့ခြေများကိုဆေးခြင်း၊ ခါးစည်းပုဝါနှင့်သုတ်ခြင်းကိုပြုတော်မူ၏။ 6ရှိမုန်ပေတရုထံရောက်တော်မူသော် အရှင်ဘုရား၊ ကိုယ်တော်သည် တပည့်တော်ခြေကို ဆေးတော်မူမည်လောဟုလျှောက်ရာ၊ 7ယေရှုက ငါပြုရာကိုယခုသင်မသိသော်လည်း နောင်နားလည်လိမ့်မည်ဟု ပြန်၍မိန့်တော်မူ၏။ 8ပေတရုကလည်း တပည့်တော့်ခြေကိုမည်သည့်ကာလမျှ ဆေးတော်မူရမည်မဟုတ်ပါဟုလျှောက်သော် သင့်ကိုငါမဆေးရလျှင် သင်သည်ငါ့ဘက်ပါမဟုတ်ဟု ယေရှုပြန်၍မိန့်တော်မူသောကြောင့်၊ 9ရှိမုန်ပေတရုက အရှင်ဘုရား၊ တပည့်တော့်ခြေကိုသာမဟုတ်၊ လက်နှင့်ဦးခေါင်းကိုလည်း ဆေးတော်မူပါဟု လျှောက်သည့်ကာလ၊ 10ယေရှုက ရေချိုးပြီးသူသည် ကိုယ်လုံးစင်ကြယ်သည့်အလျောက် ခြေမှတစ်ပါးဆေးရန်မလို။ သင်တို့စင်ကြယ်ကြ၏။ သို့ရာတွင် သင်တို့ရှိသမျှစင်ကြယ်ကြသည်မဟုတ်ဟု မိန့်တော်မူ၏။ 11သင်တို့ရှိသမျှ စင်ကြယ်ကြသည်မဟုတ်ဟုမိန့်ဆိုသည်မှာ ပို့အပ်မည့်သူ့ကိုသိတော်မူသောကြောင့်တည်း။ 12ကိုယ်တော်သည် တပည့်တော်တို့၏ခြေများကိုဆေး၍ ဝတ်လုံတော်ကိုဝတ်ဆင်ပြီးလျှင် ထိုင်ပြန်တော်မူသည့်ကာလ၊ သင်တို့၌ငါပြုခဲ့သောအမှုကို နားလည်ကြသလော။ 13ငါ့ကိုဆရာတော်ဟူ၍လည်းကောင်း၊ အရှင်ဘုရားဟူ၍လည်းကောင်း ခေါ်ကြသည်မှာ ထိုသို့ငါဖြစ်သောကြောင့်ခေါ်သင့်၏။ 14-15အရှင်ဘုရားနှင့် ဆရာတော်ဖြစ်သောငါသည် သင်တို့ခြေများကိုဆေးလျှင် သင်တို့၌ ငါပြုသည့်နည်းတူပြုကြစေရန် ငါပုံစံပြထားသည့်အလျောက် သင်တို့လည်းအချင်းချင်းတို့ခြေကိုဆေးထိုက်၏။ 16ငါဧကန်အမှန်ဆိုသည်ကား ကျွန်သည်သခင့်ထက်လည်းကောင်း၊ တမန်သည်စေလွှတ်သူထက်လည်းကောင်း ကြီးမြတ်သည်မဟုတ်။ 17သင်တို့သည် ဤအခြင်းအရာများကိုသိ၍ပြုကျင့်လျှင် မင်္ဂလာရှိ၏။ 18သင်တို့သိသမျှနှင့်စပ်၍ထိုသို့ငါပြောသည်မဟုတ်။ ငါသိလျက်နှင့် လူတို့ကိုရွေးကောက်သည်မှာ ငါ့ထမင်းကိုစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်ကန်လေပြီဟူသော ကျမ်းချက်အတိုင်းပြည့်စုံစေခြင်းငှါတည်း။ 19ထိုသို့ဖြစ်ပျက်သည့်ကာလ၊ ငါဖြစ်သည်ကိုသင်တို့ယုံကြည်ကြစေရန် ယခုကငါဆိုနှင့်လေပြီ။ 20ငါဧကန်အမှန်ဆိုသည်ကား၊ ငါစေလွှတ်လိုက်သူ့ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူလည်း ငါ့ကိုစေလွှတ်တော်မူလိုက်သောအရှင်ကိုလက်ခံသည်ဟု မိန့်တော်မူ၏။
21ထိုသို့မိန့်တော်မူပြီးနောက် စိတ်တော်မသာ၍ ယေရှုက ငါဧကန်အမှန်ဆိုသည်ကား သင်တို့အနက် တစ်ယောက်ယောက်သည် ငါ့ကိုပို့အပ်လိမ့်မည်ဟုမိန့်တော်မူရာ၊ 22မည်သူ့ကိုမိန့်တော်မူကြောင်းတပ်အပ်မသိသဖြင့် တပည့်တော်တို့သည်အချင်းချင်းကြည့်ကြ၏။ 23ထိုအခါ ယေရှုချစ်တော်မူ၍ ရင်ခွင်တော်၌လျောင်းနေသောတပည့်တော်တစ်ပါးအား၊ 24ရှိမုန်ပေတရုသည် မည်သူ့ကိုမိန့်တော်မူကြောင်းပြောပါဟု မျက်ရိပ်ဖြင့်မေးသည့်အတိုင်း၊ 25ထိုတပည့်တော်သည်နေရင်းမှ ရင်တော်ကိုမော့ကပ်ပြီးလျှင် အရှင်ဘုရား၊ မည်သူပါနည်းဟုလျှောက်ရာ 26တစ်လုပ်စာနှစ်၍ ငါပေးမည့်သူဖြစ်သည်ဟုမိန့်တော်မူလျက် ရှိမုန်ဣရှကာရုတ်၏သား ယုဒကိုပေးတော်မူ၏။ 27ထိုတစ်လုပ်စာကိုယူပြီးသော် သူ့အတွင်းသို့စာတန်ဝင်ပြီးဖြစ်၍ ယေရှုက သင်ပြုမည့်အရာကို အမြန်ပြုလော့ဟုမိန့်တော်မူ၏။ 28မည်သည့်အကြောင်းနှင့် ထိုသို့မိန့်တော်မူသည်ကို ထိုစားပွဲထိုင်ဘက်တစ်ယောက်မျှမသိကြ။ 29အချို့က ယုဒ၌ငွေအိတ်ရှိသောကြောင့် ပွဲအတွင်းလိုရာကိုဝယ်စေရန်ဟူ၍လည်းကောင်း၊ သူဆင်းရဲတို့အားတစ်စုံတစ်ရာပေးစေရန်ဟူ၍လည်းကောင်း အမိန့်ရှိတော်မူသည်ဟု ထင်မှတ်ကြ၏။ 30ယုဒလည်း ထိုတစ်လုပ်စာကိုခံယူပြီးလျှင်ပြီးချင်း ထွက်သွားလေ၏။ ထိုအချိန်ကား ညဉ့်အချိန်တည်း။
31ထိုသူထွက်သွားပြီးနောက် ယေရှုက လူ့သားသည်ယခုဘုန်းထင်ရှားလေပြီ။ ဘုရားသခင်လည်း လူ့သားအားဖြင့်ဘုန်းတော်ထင်ရှားလေပြီ။ 32ဘုရားသခင်သည် လူ့သားအားဖြင့်ဘုန်းတော်ထင်ရှားပြီဖြစ်လျှင် လူ့သား၏ဘုန်းကိုကိုယ်တော်တိုင် ထင်ရှားစေတော်မူလိမ့်မည်။ မကြာမီပင် ထင်ရှားစေတော်မူလိမ့်မည်။ 33ချစ်သားတို့၊ ငါသည် သင်တို့နှင့်ခဏမျှဆက်လက်နေရ၏။ သင်တို့သည်ငါ့ကိုရှာကြသော်လည်း ယုဒလူမျိုးတို့အား ငါပြောခဲ့သည့်အတိုင်း၊ ငါသွားရာသို့သင်တို့မရောက်နိုင်ကြဟု သင်တို့အားငါဆို၏။ 34အချင်းချင်းချစ်ကြလော့ ဟူသောပညတ်တော်သစ်ကို သင်တို့အားငါပေး၏။ ငါသည် သင်တို့ကိုချစ်သည့်နည်းတူပင် သင်တို့လည်းအချင်းချင်းချစ်ကြလော့။ 35အချင်းချင်းချစ်ကြလျှင် သင်တို့သည်ငါ့တပည့်များဖြစ်ကြောင်း လူခပ်သိမ်းတို့သိကြလိမ့်မည်ဟု မိန့်တော်မူ၏။
36ထိုအခါ ရှိမုန်ပေတရုက အရှင်ဘုရား၊ မည်သည့်အရပ်သို့ကြွတော်မူအံ့နည်းဟု မေးလျှောက်သော်၊ ယေရှုက ငါသွားရာသို့ယခုသင်မလိုက်နိုင်၊ နောင်လိုက်ရလိမ့်မည်ဟု ဖြေဆိုတော်မူရာ၊ 37ပေတရုက အရှင်ဘုရား၊ အဘယ်ကြောင့်ယခုမလိုက်နိုင်ပါသနည်း။ တပည့်တော်သည် ကိုယ်တော့်အတွက် အသက်စွန့်ပါမည်ဟုလျှောက်သည့်ကာလ၊ 38ယေရှုက ငါ့အတွက်အသက်စွန့်မည်လော။ ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့ကိုသုံးကြိမ်တိုင် သင်မငြင်းဆိုမီ ကြက်တွန်မည်မဟုတ်။

ಪ್ರಸ್ತುತ ಆಯ್ಕೆ ಮಾಡಲಾಗಿದೆ:

ရှင်ယောဟန် 13: GHB

Highlight

ಶೇರ್

ಕಾಪಿ

None

Want to have your highlights saved across all your devices? Sign up or sign in