ရှင်မာကုခရစ်ဝင် 13
13
ဗိမာန်တော်ပျက်စီးမည့်အကြောင်း ကြိုတင်မိန့်တော်မူခြင်း
1ယေရှုသည် ဗိမာန်တော်မှထွက်ခွာသွားတော်မူစဉ် တပည့်တော်တို့ထဲမှ တစ်ပါးက “ဆရာ၊ ကြည့်ပါ။ အလွန်ကြီးမားသောကျောက်တုံးများနှင့် အလွန်ထည်ဝါသောအဆောက်အအုံများပါတကား”ဟု လျှောက်လေ၏။
2ယေရှုကလည်း“ဤကြီးမားသောအဆောက်အအုံများကို သင်မြင်သည်မဟုတ်လော။ ဤနေရာ၌ ကျောက်တုံးတစ်တုံးသည် ဖြိုချမခံရဘဲ အခြားကျောက်တုံးတစ်တုံးပေါ်၌ ကျန်ရစ်ခဲ့သည်ဟူ၍ လုံးဝရှိလိမ့်မည်မဟုတ်”ဟု ထိုသူအား မိန့်တော်မူ၏။
ကပ်ကမ္ဘာကုန်ဆုံးချိန်၏နိမိတ်လက္ခဏာများ
3ထို့နောက် ကိုယ်တော်သည် သံလွင်တောင်ပေါ်၌ ဗိမာန်တော်ဘက်သို့မျက်နှာမူလျက် ထိုင်နေတော်မူစဉ် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အန္ဒြေတို့က 4“ထိုအရာများသည် မည်သည့်အချိန်၌ ဖြစ်ပျက်မည်ကိုလည်းကောင်း၊ ထိုအရာအားလုံးပြည့်စုံတော့မည့်အချိန်တွင် မည်သည့်အတိတ်နိမိတ်ဖြစ်ပေါ်မည်ကိုလည်းကောင်း အကျွန်ုပ်တို့အား မိန့်တော်မူပါ”ဟု ကိုယ်တော်ကို တိတ်တဆိတ်မေးလျှောက်ကြ၏။ 5ယေရှုကလည်း“မည်သူမျှ သင်တို့ကိုမလှည့်ဖြားစေရန် သတိပြုကြလော့။ 6များစွာသောသူတို့သည် ငါ၏နာမကိုခံယူသုံးစွဲ၍ ရောက်လာကာ ‘ငါသည် ထိုသူပင်ဖြစ်၏’ဟု ဆိုကြပြီး လူအမြောက်အမြားတို့ကို လှည့်ဖြားကြလိမ့်မည်။ 7သင်တို့သည် စစ်ပွဲများအကြောင်းနှင့် စစ်မက်သတင်းတို့ကို ကြားရသောအခါ စိုးရိမ်ထိတ်လန့်ခြင်းမရှိကြနှင့်။ ထိုအရာများသည် ဖြစ်ပျက်ရမည်။ သို့သော် အဆုံးသည်မရောက်သေး။ 8လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍ အရပ်ရပ်တို့၌ ငလျင်လှုပ်ခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းများဖြစ်ကြလိမ့်မည်။ ဤအရာတို့သည် သားဖွားခြင်းဝေဒနာ၏အစဖြစ်၏။
ညှဉ်းပန်းနှိပ်စက်ခြင်းခံရမည့်အကြောင်း ကြိုတင်မိန့်တော်မူခြင်း
9 သင်တို့ကိုယ်တိုင်လည်း သတိပြုကြလော့။ လူတို့သည် သင်တို့ကို တရားရုံးသို့အပ်နှံကြလိမ့်မည်။ သင်တို့သည် ဝတ်ပြုစည်းဝေးကျောင်းများ၌ ရိုက်နှက်ခြင်းခံရကြပြီး ဘုရင်ခံများနှင့်ရှင်ဘုရင်များရှေ့၌ရပ်လျက် သူတို့ထံ ငါ့အတွက်သက်သေဖြစ်ကြလိမ့်မည်။ 10ကောင်းမြတ်သောသတင်းကိုလည်း လူမျိုးတကာတို့အား ဦးစွာဟောပြောကြရမည်။ 11လူတို့သည် သင်တို့ကိုခေါ်ဆောင်သွား၍ အပ်နှံကြသောအခါ မည်သည့်အရာကိုပြောဆိုရမည်နည်းဟူ၍ ကြိုတင်စိုးရိမ်ခြင်းမရှိဘဲ ထိုအချိန်နာရီ၌ သင်တို့အား ဖော်ပြတော်မူသောအရာကိုသာ ပြောဆိုကြလော့။ အဘယ်ကြောင့်ဆိုသော် ပြောဆိုသောသူမှာ သင်တို့ကိုယ်တိုင်မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်ဖြစ်၏။
12 ညီအစ်ကိုချင်း တစ်ဦးက တစ်ဦးကိုလည်းကောင်း၊ အဖသည် သားသမီးကိုလည်းကောင်း သေခြင်းသို့အပ်နှံကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကို ဆန့်ကျင်ပုန်ကန်၍ သူတို့ကိုသေစေရန်ပြုကြလိမ့်မည်။ 13လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
ဘေးဒုက္ခကြီး
14 ပျက်စီးဆိတ်သုဉ်းခြင်းနှင့်ဆိုင်သောရွံရှာဖွယ်အရာသည် #
ဒံ 9:27၊ 11:31၊ 12:11။ မရပ်သင့်သောနေရာ၌ရပ်နေသည်ကို သင်တို့မြင်ကြသောအခါ (ဖတ်သောသူနားလည်ပါစေ) ယုဒနယ်၌ရှိသောသူတို့သည် တောင်များပေါ်သို့ထွက်ပြေးကြစေ။ 15လေသာဆောင်ပေါ်၌ရှိသောသူသည် အောက်သို့မဆင်းစေနှင့်။ မိမိအိမ်ထဲမှ တစ်စုံတစ်ခုကိုယူရန် အိမ်ထဲသို့လည်းမဝင်စေနှင့်။ 16လယ်၌ရှိသောသူသည်လည်း မိမိဝတ်ရုံကိုယူရန် နောက်သို့ပြန်မလှည့်စေနှင့်။ 17ထိုနေ့ရက်တို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့ကလေးငယ်ရှိသောမိခင်များသည် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြလိမ့်မည်။ 18ထိုနေ့ရက်တို့သည် ဆောင်းရာသီ၌ မကျရောက်စေရန် ဆုတောင်းကြလော့။ 19အကြောင်းမူကား ဘုရားသခင်ဖန်ဆင်းတော်မူသည့် ဖန်ဆင်းခံလောက၏အစအဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောင်တွင်လည်း လုံးဝဖြစ်မည်မဟုတ်သော ဆင်းရဲဒုက္ခမျိုးသည် ထိုကာလ၌ကျရောက်လိမ့်မည်။ 20ထာဝရဘုရားသည် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မမူလျှင် မည်သူမျှလွတ်နိုင်မည်မဟုတ်။ သို့သော် ကိုယ်တော်ရွေးကောက်ထားသည့် ရွေးကောက်ခံရသောသူတို့အတွက် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မူ၏။ 21ထိုအခါ တစ်စုံတစ်ယောက်က သင်တို့အား ‘ကြည့်လော့။ ခရစ်တော်သည် ဤအရပ်၌ရှိ၏’ သို့မဟုတ် ‘ကြည့်လော့။ ထိုအရပ်၌ရှိ၏’ဟု ဆိုလျှင်လည်း မယုံကြနှင့်။ 22အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင်လှည့်ဖြားရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုကြလိမ့်မည်။ 23သို့ဖြစ်၍ သင်တို့သည် သတိပြုကြလော့။ အရာခပ်သိမ်းတို့ကို သင်တို့အား ငါကြိုတင်ပြောထားပြီ။
လူ့သားပြန်ကြွလာခြင်း
24 သို့သော် ထိုနေ့ရက်တို့၌ ထိုဆင်းရဲဒုက္ခကျရောက်ပြီးနောက် နေသည် မှောင်မည်းသွား၍ လသည်လည်း မိမိ၏အလင်းရောင်ကို မပေးဘဲနေလိမ့်မည်။ 25ကြယ်တို့သည်လည်း ကောင်းကင်မှကြွေကျကာ အာကာသကောင်းကင်၏စွမ်းအားတို့သည် တုန်လှုပ်ကြလိမ့်မည်။ 26ထိုအခါ လူ့သားသည် ကြီးမားသောတန်ခိုးနှင့် ဘုန်းအသရေတို့ဖြင့် မိုးတိမ်များစီးလျက်ကြွလာသည်ကို လူတို့မြင်ရကြလိမ့်မည်။ 27ထို့နောက် လူ့သားသည် ကောင်းကင်တမန်တို့ကိုစေလွှတ်၍ မိမိရွေးကောက်ထားသောသူတို့ကို ကမ္ဘာမြေကြီးအစွန်းမှ မိုးကောင်းကင်အစွန်းတိုင်အောင် အရပ်လေးမျက်နှာမှ စုစည်းလိမ့်မည်။
သဖန်းပင်ပုံဥပမာ
28 သဖန်းပင်မှ ပုံဥပမာကို သင်ယူကြလော့။ ၎င်း၏အကိုင်းအခက်သည် နုလာပြီး အရွက်များထွက်လာသောအခါ နွေရာသီနီးပြီဖြစ်ကြောင်း သင်တို့သိကြ၏။ 29ထိုနည်းတူ သင်တို့သည်လည်း ဤအရာများဖြစ်ပျက်နေကြသည်ကို မြင်ရသောအခါ လူ့သားသည် တံခါးဝအနီးသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိမှတ်ကြလော့။ 30သင်တို့အား ငါအမှန်ဆိုသည်ကား ဤအရာများအားလုံးမဖြစ်ပျက်မီ ဤမျိုးဆက်သည် မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။ 31ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှကွယ်ပျောက်လိမ့်မည်မဟုတ်။
ထိုနေ့၊ ထိုအချိန်ကို မည်သူမျှမသိ
32 သို့သော် ထိုနေ့ရက်၊ သို့မဟုတ် ထိုအချိန်နာရီနှင့်ပတ်သက်၍မူကား ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ကောင်းကင်ရှိ ကောင်းကင်တမန်များလည်းမသိ။ သားတော်လည်းမသိ။ 33သတိပြု၍နိုးနိုးကြားကြားရှိကြလော့။ အကြောင်းမူကား ထိုအချိန်သည် မည်သည့်အခါ၌ကျရောက်မည်ကို သင်တို့မသိကြ။ 34ဤသည်ကား ခရီးထွက်မည့်လူတစ်ဦးသည် မိမိအိမ်မှထွက်ခွာရာတွင် မိမိအစေအပါးအသီးသီးတို့အား သူတို့လုပ်ဆောင်ရမည့်အမှုနှင့်တကွ အခွင့်အာဏာကိုပေး၍ တံခါးမှူးကိုလည်း သတိနှင့်စောင့်နေရန် မှာကြားသည်နှင့်တူ၏။ 35သို့ဖြစ်၍ အိမ်ရှင်သည် မှောင်ရီပျိုးစချိန်၊ သို့မဟုတ် သန်းခေါင်အချိန်၊ သို့မဟုတ် ကြက်ဦးတွန်ချိန်၊ သို့မဟုတ် နံနက်စောစောအချိန်တို့ထဲမှ မည်သည့်အချိန်၌ရောက်လာမည်ကို သင်တို့မသိသောကြောင့် သတိနှင့်စောင့်နေကြလော့။ 36သို့မဟုတ်လျှင် သူသည်ရုတ်တရက်ပြန်လာ၍ သင်တို့အိပ်ပျော်နေကြသည်ကို တွေ့လိမ့်မည်။ 37သတိနှင့်စောင့်နေကြလော့ဟု သင်တို့ကို ငါဆိုသည့်အတိုင်း လူခပ်သိမ်းတို့အား ငါဆို၏”ဟု မိန့်တော်မူ၏။
Currently Selected:
ရှင်မာကုခရစ်ဝင် 13: MSBU
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative