ကမ္ဘာဦးကျမ်း 2

2
1ဤသို့ဖြင့် ကောင်းကင်​၊ မြေကြီး​နှင့်တကွ ၎င်း​တို့​၌​ရှိ​သော​တန်ဆာ​အားလုံး​ပြီးစီး​လေ​၏​။ 2သတ္တမ​နေ့​၌ ဘုရားသခင်​လုပ်ဆောင်​သော​အမှု ပြီးဆုံး​လေ​၏​။ ထိုသို့ မိမိ​လုပ်ဆောင်​သော​အမှု​အလုံးစုံ​ပြီးဆုံး​၍ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​တော်မူ​၏​။#ဟေဗြဲ 4:4၊ 4:10။ 3ထို​သတ္တမ​နေ့​ကို ဘုရားသခင်​သည် ကောင်းချီးပေး​၍ သန့်ရှင်း​စေ​တော်မူ​၏​။ အကြောင်းမူကား ထို​နေ့​၌ ဘုရားသခင်​သည် မိမိ​လုပ်ဆောင်​သော​ဖန်ဆင်း​ခြင်း​အမှု အလုံးစုံ​ပြီးဆုံး​၍ ငြိမ်ဝပ်​စွာ​နေ​တော်မူ​၏​။
ဧဒင်ဥယျာဉ်ထဲမှ လူယောက်ျားနှင့်လူမိန်းမ
4ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​စဉ်​အခါက ၎င်း​တို့​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ ထာဝရအရှင်​ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​ရာ​ကာလ​တွင် 5မြေကြီး​ပေါ်၌ မည်သည့်​တော​ချုံ​မျှ​မ​ရှိ​သေး​၊ မည်သည့်​တော​မြက်ပင်​မျှ​လည်း​မ​ပေါက်​သေး​။ အကြောင်းမူကား ထာဝရအရှင်​ဘုရားသခင်​သည် မြေကြီး​ပေါ်၌ မိုး​ကို​ရွာ​စေ​တော်​မ​မူ​သေး​။ မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော​လူ​လည်း မ​ရှိ​သေး​ချေ​။ 6သို့သော် မြေကြီး​မှ​ရေခိုးရေငွေ့#2:6 သို့မဟုတ် “စမ်းရေ”။​ထွက်​၍ မြေ​တစ်ပြင်လုံး​ကို စိုစွတ်​စေ​၏​။ 7ထို့နောက် ထာဝရအရှင်​ဘုရားသခင်​သည် မြေမှုန့်​ဖြင့် လူ​ကို​ပုံဖော်ဖန်ဆင်း​၍ သူ​၏​နှာခေါင်း​ထဲသို့ ဇီဝ​အသက်​ကို မှုတ်သွင်း​တော်မူ​ရာ လူ​သည် သက်ရှိသတ္တဝါ​ဖြစ်လာ​၏​။#၁ကော 15:45။
8ထာဝရအရှင်​ဘုရားသခင်​သည် အရှေ့ဘက်​ရှိ​ဧဒင်​အရပ်​၌ ဥယျာဉ်​ကို​စိုက်ပျိုး​ပြီးလျှင် မိမိ​ပုံဖော်ဖန်ဆင်း​ထား​သော​လူ​ကို ထို​ဥယျာဉ်​၌ နေရာ​ချထား​တော်မူ​၏​။ 9ထာဝရအရှင်​ဘုရားသခင်​သည် ရှုချင်စဖွယ်​ကောင်း​သော​၊ စားဖွယ်​ကောင်း​သော​အပင်​အမျိုးမျိုး​ကို မြေ​မှ​ပေါက်​စေ​တော်မူ​၏​။ ဥယျာဉ်​အလယ်​၌ အသက်​ပင်​နှင့် အကောင်း​အဆိုး​သိကျွမ်း​ရာ​အပင်​ရှိ​၏​။
10ဥယျာဉ်​ကို​စိုစွတ်​စေရန် မြစ်​တစ်​မြစ်​သည် ဧဒင်​အရပ်​မှ​စီးထွက်​၍ ထို​နေရာ​မှ​လေး​ဖြာ​ကွဲ​ပြီး မြစ်​လေး​သွယ်​ဖြစ်​လေ​၏​။ 11ပထမ​မြစ်​၏​အမည်​ကား ဖိရှုန်​ဖြစ်​၏​။ ထို​မြစ်​သည် ရွှေ​ထွက်​သော ဟဝိလ​ပြည်​တစ်လျှောက်​ကို ကွေ့ပတ်​စီးဆင်း​လေ​၏​။ 12ထို​ပြည်​မှ​ထွက်​သော​ရွှေ​သည် ကောင်း​လှ​၏​။ ပယင်း​နှင့်​မဟူရာကြောင်ဝင်​ကျောက်​တို့​လည်း ထွက်​၏​။ 13ဒုတိယ​မြစ်​၏​အမည်​ကား ဂိဟုန်​ဖြစ်​၏​။ ထို​မြစ်​သည် ကုရှ​ပြည်​တစ်လျှောက် ကွေ့ပတ်​စီးဆင်း​လေ​၏​။ 14တတိယ​မြစ်​၏​အမည်​ကား တိုက်ဂရစ်​ဖြစ်​၏​။ ထို​မြစ်​သည် အဆီးရီးယား​ပြည်​၏​အရှေ့ဘက်​သို့ စီးဆင်း​လေ​၏​။ စတုတ္ထ​မြစ်​ကား ယူဖရေးတီး​မြစ်​ဖြစ်​၏​။
15ထာဝရအရှင်​ဘုရားသခင်​သည် လူ​ကို​ခေါ်ဆောင်​၍ ဧဒင်​ဥယျာဉ်​ကို​ပြုစု​စောင့်ရှောက်​စေရန် ထို​ဥယျာဉ်​၌​ထား​တော်မူ​၏​။ 16ထာဝရအရှင်​ဘုရားသခင်​က လူ​အား “​သင်​သည် ဥယျာဉ်​၌​ရှိသမျှ​သော​အပင်​၏​အသီး​ကို လွတ်လပ်​စွာ​စား​ခွင့်​ရှိ​၏​။ 17သို့သော် အကောင်း​အဆိုး​သိကျွမ်း​ရာ​အပင်​၏​အသီး​ကို မ​စား​ရ​။ အကြောင်းမူကား ထို​အသီး​ကို​စား​သော​နေ့​တွင် သင်​သည် မုချ​သေ​ရ​မည်​”​ဟု ပညတ်​ထား​တော်မူ​၏​။ 18ထို့နောက် ထာဝရအရှင်​ဘုရားသခင်​က “​လူ​သည် တစ်ယောက်တည်း​မ​နေ​ကောင်း​။ သူ​နှင့်​သင့်တော်​သည့် ကူညီမစသူ​ကို သူ့​အတွက် ငါ​ဖန်ဆင်း​ဦး​မည်​”​ဟု မိန့်​တော်မူ​၏​။ 19ထာဝရအရှင်​ဘုရားသခင်​သည် တောရိုင်းတိရစ္ဆာန်​အမျိုးမျိုး​နှင့် မိုးကောင်းကင်​ငှက်​အမျိုးမျိုး​တို့​ကို မြေကြီး​ဖြင့်​ပုံဖော်ဖန်ဆင်း​ပြီးလျှင် ၎င်း​တို့​ကို လူ​က​မည်သို့​မှည့်ခေါ်​မည်​ကို သိရှိ​ရန် လူ​ထံသို့ ခေါ်ဆောင်​လာ​ခဲ့​၏​။ သက်ရှိသတ္တဝါ​တို့​သည် လူ​မှည့်ခေါ်​သည့်​အတိုင်း နာမည်​အသီးသီး​ရ​ကြ​၏​။ 20ထိုသို့ လူ​သည် ယဉ်ပါးသောတိရစ္ဆာန်​အပေါင်း​တို့​နှင့် မိုးကောင်းကင်​ငှက်​တို့​ကို​လည်းကောင်း​၊ တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​ကို​လည်းကောင်း အမည်​မှည့်ခေါ်​လေ​၏​။ သို့သော် အာဒံ#2:20 သို့မဟုတ် “လူ”။​နှင့်​သင့်တော်​သည့် အထောက်အမ မ​ရှိ​သေး​ချေ​။ 21ထို့ကြောင့် ထာဝရအရှင်​ဘုရားသခင်​သည် လူ​ကို အိပ်မောကျ​စေ​တော်မူ​၍ သူ​အိပ်ပျော်​စဉ် သူ​၏​နံရိုး​တစ်​ချောင်း​ကို ထုတ်ယူ​ပြီးလျှင် ထို​နေရာ​ကို အသား​ဖြင့်​ပြန်ပိတ်​တော်မူ​၏​။ 22ထို့နောက် ထာဝရအရှင်​ဘုရားသခင်​သည် လူ​ထဲမှ​ထုတ်ယူ​သော​နံရိုး​ဖြင့် မိန်းမ​ကို​ဖန်ဆင်း​၍ လူ​ထံသို့ ခေါ်ဆောင်​လာ​ခဲ့​၏​။ 23ထိုအခါ လူ​က “​ယခု ဤ​သူ​သည် ငါ့​အရိုး​ထဲက​အရိုး​၊ ငါ့​အသား​ထဲက​အသား​ဖြစ်​၏​။ သူ့​ကို ယောက်ျား​ထဲမှ​ထုတ်ယူ​သောကြောင့် မိန်းမ ဟူ၍​မှည့်ခေါ်​မည်​”​ဟု ဆို​လေ​၏​။
24ထိုအကြောင်းကြောင့် ယောက်ျား​သည် မိဘ​ကို​စွန့်ခွာ​၍ မိမိ​မယား​နှင့်​ပေါင်းဖက်​သဖြင့် ထို​သူ​တို့​သည် တစ်သားတစ်ကိုယ်တည်း ဖြစ်​ကြ​လိမ့်မည်​။#မ 19:5၊ မာ 10:8၊ ၁ကော 6:16၊ ဧ 5:31။ 25ထို​လူ​လင်မယား​နှစ်ဦးစလုံး​တို့​သည် အဝတ်မပါ​အချည်းစည်း​နေ​ကြ​သော်လည်း ရှက်ကြောက်​ခြင်း​မ​ရှိ​ကြ​ပေ​။

Áherslumerki

Deildu

Afrita

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion notar vafrakökur til að sérsníða upplifun þína. Með því að nota vefsíðu okkar samþykkir þú notkun okkar á vafrakökum eins og lýst er í persónuverndarstefnu okkar