မဿဲ 9

9
လေဖြတ်သူ​တစ်ဦး​ကို ကျန်းမာစေတော်မူခြင်း
1ထို့နောက် ယေရှု​သည် လှေ​ပေါ်သို့​တက်​၍ အိုင်​တစ်ဖက်ကမ်း​သို့ ကူးဖြတ်​ကာ မိမိ​နေရပ်မြို့​သို့​ကြွတော်မူ၏။ 2ထိုအခါ လူ​တချို့​သည် လေဖြတ်သူ​တစ်ဦး​ကို ထမ်းစင်​ပေါ်​တင်​၍ ယေရှု​ထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှု​သည် ထို​သူတို့​၏ ယုံကြည်ခြင်း​ကို မြင်​သောအခါ လေဖြတ်သူ​အား “ငါ့​သား… မစိုးရိမ်နှင့်။ သင်​၏​အပြစ်များ​ကို ခွင့်လွှတ်ပြီ” ဟု မိန့်တော်မူ၏။
3ထိုအခါ ကျမ်းတတ်ဆရာ​တချို့​က “ဤ​သူ​သည် ဘုရားသခင်​ကို စော်ကား​ပြောဆိုနေသည်” ဟု စိတ်ထဲ​၌ တွေးတောနေကြ၏။
4ယေရှု​သည် ထို​သူတို့​၏ စိတ်​ကို​သိမြင်တော်မူ​သဖြင့် “သင်တို့​၏ စိတ်​ထဲတွင် အဘယ်ကြောင့် မကောင်းသော​အတွေးများ​ကို တွေးတော​နေကြသနည်း။ 5‘သင်​၏​အပြစ်များ​ကို ခွင့်လွှတ်ပြီ’ ဟု ပြော​ရန် ပို​၍ လွယ်ကူသလော။ သို့မဟုတ် ‘ထ​၍ လမ်းလျှောက်လော့’ ဟု ပြော​ရန် ပို​၍ လွယ်ကူသလော။ 6လူသား#9:6 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​သည် ဤ​လောက​တွင် အပြစ်​လွှတ်ပိုင်သော​အခွင့်အာဏာ​ရှိကြောင်း သင်တို့​ကို ငါ​သက်သေပြမည်” ဟု ဆို​ကာ လေဖြတ်သူ​အား “ထလော့။ သင့်​ထမ်းစင်​ကို ယူ​၍ အိမ်​သို့ ပြန်လော့” ဟု မိန့်တော်မူ၏။
7ထို​သူ​သည်လည်း ထ​၍ အိမ်​သို့ ပြန်လေ၏။ 8ထို​အဖြစ်အပျက်​ကို မြင်သော် လူထု​ပရိသတ်တို့​သည် အလွန်​ကြောက်ရွံ့ကြ၏။ ထိုကဲ့သို့သော​အခွင့်အာဏာ​ကို လူတို့​အား ပေးတော်မူ​သည့် ဘုရားသခင်​၏ ဂုဏ်တော်​ကိုလည်း ချီးမွမ်းကြ၏။
မဿဲ​ကို ခေါ်ဖိတ်တော်မူခြင်း
9ယေရှု​သည် ထို​အရပ်​မှ ကြွ​သောအခါ မဿဲ​အမည်​ရှိသောသူ​တစ်ဦး​သည် အကောက်ခွန်ရုံး​တွင် ထိုင်နေသည်​ကို တွေ့မြင်တော်မူ​၍ “ငါ့​နောက်သို့ လိုက်​၍ ငါ့​တပည့်​အဖြစ်​ခံယူလော့” ဟု မိန့်တော်မူ၏။ သူ​သည် ထ​၍ ယေရှု​နောက်တော်​သို့ လိုက်လေ၏။
10ထို့နောက် ယေရှု​နှင့် တပည့်တော်တို့​သည် မဿဲ​၏​အိမ်​တွင် ညစာ​သုံးဆောင်ကြ၏။#9:10 မူရင်း​ဂရိကျမ်း​တွင် “လျောင်းတော်မူ​စဉ်” ဟု တွေ့ရှိရသည်။ ပထမ​ရာစု​အရှေ့အလယ်ပိုင်း​၌ အစာ​စားသုံးရာ​တွင် စားပွဲ​ရှေ့၌​ထိုင်​၍ စားသုံးလေ့​မရှိပါ။ ကြမ်းပြင်​ပေါ်၌ အခြား​တစ်ဦး​အပေါ် မှီလျောင်း​၍ စားပွဲ​ကို​ဦးတည်​ကာ စားသောက်လေ့​ရှိသည်။ ထို​နေရာ​၌ အခွန်ကောက်သူများ​နှင့် အပြစ်သားများ​လည်း ပါကြ၏။ 11ထို​အရာ​ကို ဖာရိရှဲတို့ မြင်​သောအခါ ယေရှု​၏ တပည့်တော်တို့​အား “သင်တို့​၏ ဆရာ​သည် အဘယ်ကြောင့် အခွန်​ကောက်သူများ၊ အပြစ်သားများ​နှင့်အတူ စားသောက်သနည်း” ဟု မေးကြ၏။
12ထိုသို့​မေးကြသည်​ကို ယေရှု​ကြားတော်မူ​လျှင် “ကျန်းမာသော​သူတို့​သည် ဆရာဝန်​ကို​မလိုအပ်ပါ။ ဖျားနာသော​သူတို့​သာလျှင် လိုအပ်ကြ၏။ 13‘ယဇ်ပူဇော်ခြင်း​ထက် သနားကြင်နာတတ်ခြင်း​ကို ငါ​ပို၍​အလိုရှိ၏’#9:13 ဟော ၆:၆။ ဟူသည့် ကျမ်းစကား​ကို သင်တို့ သွား​၍ သင်ယူကြလော့။ ဖြောင့်မတ်သောသူတို့​ကို နောင်တရ​စေရန်​အတွက် ငါ​လာ​၍ ခေါ်သည်​မဟုတ်။ အပြစ်သားများ​ကို နောင်တရ​စေရန်​အတွက် လာ​၍ ခေါ်သည်” ဟု မိန့်တော်မူ၏။
အစာရှောင်ခြင်း​အကြောင်း ဆွေးနွေးခြင်း
14တစ်နေ့​သောအခါ နှစ်ခြင်းဆရာ​ယောဟန်​၏ တပည့်များ​သည် ယေရှု​ထံသို့​လာ​၍ “အကျွန်ုပ်တို့​နှင့် ဖာရိရှဲတို့​သည် မကြာခဏ အစာရှောင်လေ့​ရှိကြ၏။ သို့ရာတွင် ဆရာတော်​၏​တပည့်များ​သည် အဘယ်ကြောင့် အစာမရှောင်ဘဲ​နေကြသနည်း” ဟု မေးလျှောက်ကြ၏။
15ထိုအခါ ယေရှု​က “သတို့သား​၏ မိတ်ဆွေ​အပေါင်းအသင်းများ​သည် ထို​သတို့သား​နှင့်အတူ​ရှိ​နေစဉ် ဝမ်းနည်းပူဆွေး​တတ်ကြသလော။ သို့သော်လည်း သတို့သား​ကို သူတို့​ထံမှ ခေါ်ယူ​သွားမည့်​အချိန် ရောက်လာ​လိမ့်မည်။ ထိုအခါ သူတို့​သည် အစာရှောင်ကြ​လိမ့်မည်။
16ထို့ပြင် မည်သူ​မျှ အထည်ဟောင်း​ကို ပိတ်စသစ်​ဖြင့် ဖာလေ့​မရှိ။ ထိုသို့​ဖာ​လျှင် ပိတ်စသစ်​သည် ရုန်း​သဖြင့် အထည်ဟောင်း​၏​စုတ်ပြဲရာ​အပေါက်​သည် ပို​၍ ကျယ်​လိမ့်မည်။
17ထို့အတူ မည်သူ​မျှ စပျစ်ဝိုင်​အသစ်​ကို သားရေဘူး​အဟောင်း​ထဲသို့ ထည့်လေ့​မရှိကြ။ ထိုသို့​ထည့်​လျှင် စပျစ်ဝိုင်​အသစ်​သည် သားရေဘူး​အဟောင်း​ကို ပေါက်ပြဲစေ​သဖြင့် စပျစ်ဝိုင်​ယိုထွက်​၍ သားရေဘူး​လည်း ပျက်စီး​လိမ့်မည်။ စပျစ်ဝိုင်​အသစ်​ကို သားရေဘူး​အသစ်​တွင်​သာ ထည့်ရ၏။ သို့မှသာ စပျစ်ဝိုင်​နှင့် သားရေဘူး နှစ်မျိုး​စလုံး​ကို ကြာရှည်​စွာ ထိန်းသိမ်း​နိုင်လိမ့်မည်” ဟု ထို​သူတို့​အား မိန့်တော်မူ၏။
သွေးသွန်​ရောဂါစွဲသော​အမျိုးသမီး​နှင့် သေရာ​မှ ပြန်ရှင်သော​မိန်းကလေး
18ဤ​အရာများ​ကို မိန့်တော်မူ​စဉ် ထို​အရပ်​မှ ခေါင်းဆောင်​တစ်ဦး​သည် ယေရှု​ထံတော်သို့​လာ​၍ ခြေတော်ရင်း​၌ ဝပ်တွားခယ​လျက် “အကျွန်ုပ်​၏​သမီး​သည် ယခု​ပင် သေဆုံးပါ၏။ သို့သော်လည်း အရှင်​သည်​ကြွလာ​၍ သူ့​အပေါ်​၌ လက်တော်​ကို တင်​ပါက သူ​သည် အသက်ရှင်ပါ​လိမ့်မည်” ဟု လျှောက်လေ၏။
19ထိုအခါ ယေရှု​သည် တပည့်တော်တို့​နှင့်တကွ ထို​သူ​နောက်သို့ လိုက်တော်မူ၏။ 20ထိုစဉ် ဆယ့်နှစ်နှစ်​ပတ်လုံး သွေးသွန်​ရောဂါစွဲသော အမျိုးသမီး​တစ်ဦး​သည် ယေရှု​နောက်တော်​သို့ ချဉ်းကပ်​၍ 21“သူ​၏​ဝတ်ရုံတော်​ကိုမျှ တို့​လျှင် ငါ​သည် ရောဂါ​ပျောက်ကင်း​လိမ့်မည်” ဟု စိတ်ထဲ​၌ ရေရွတ်​လျက် ဝတ်ရုံတော်​၏​အမြိတ်​ကို တို့လေ၏။
22ယေရှု​သည် လှည့်​၍ ထို​အမျိုးသမီး​ကို မြင်တော်မူ​လျှင် “သမီး… မစိုးရိမ်နှင့်။ သင်​၏​ယုံကြည်ခြင်း​သည် သင့်​ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။ ထိုအခါ ချက်ချင်း​ပင် ထို​အမျိုးသမီး​သည် ရောဂါပျောက်ကင်းလေ၏။
23ထို့နောက် ယေရှု​သည် ထို​ခေါင်းဆောင်​၏ အိမ်​သို့​ရောက်တော်မူ​လျှင် ဈာပနသီချင်း​ကို​တီးမှုတ်#9:23 မူရင်း​ဂရိကျမ်း​တွင် “ပလွေမှုတ်သော​သူများ” ဟု ဖော်ပြထားသည်။​၍ ဆူညံ​လျက်​ရှိသော​လူအုပ်​ကို တွေ့မြင်တော်မူ၏။ 24ထိုအခါ ကိုယ်တော်​က “ထွက်သွားကြလော့။ ဤ​မိန်းကလေး​သည် သေသည်​မဟုတ်။ အိပ်ပျော်နေခြင်း​သာ​ဖြစ်သည်” ဟု မိန့်တော်မူ​သော် ထို​သူတို့​သည် ကိုယ်တော်​ကို ပြက်ရယ်ပြုကြ၏။ 25သို့သော် ကိုယ်တော်​သည် ထို​လူအုပ်​ကို အပြင်​သို့ ထွက်စေ​ပြီးနောက် အထဲသို့​ဝင်တော်မူ​၍ မိန်းကလေး​၏ လက်​ကို ကိုင်တော်မူ​လျှင် ထို​မိန်းကလေး​သည် ထလေ၏။ 26ဤ​သတင်း​သည် ထို​နယ်​တစ်ခွင်လုံး​သို့ ပျံ့နှံ့သွားလေ၏။
မျက်မမြင်တို့​ကို မျက်စိ​မြင်စေတော်မူခြင်း
27ယေရှု​သည် ထို​နေရာ​မှ ထွက်ကြွတော်မူ​စဉ် မျက်မမြင်​နှစ်ယောက်​က “ဒါဝိဒ်မင်း​၏​သားတော် ယေရှု၊ အကျွန်ုပ်တို့​ကို သနားတော်မူပါ” ဟု ဟစ်အော်​လျက် နောက်တော်​သို့ လိုက်ကြ၏။
28ယေရှု​သည် အိမ်​ထဲသို့​ဝင်တော်မူ​သောအခါ မျက်မမြင်​နှစ်ယောက်​သည် ကိုယ်တော်​ထံသို့ လာကြ၏။ ယေရှု​က “ငါ​သည်​သင်တို့​ကို မြင်စေနိုင်မည်​ဟု ယုံကြည်ကြ​သလော” ဟူ၍ မေးတော်မူ၏။ သူတို့​က “ယုံကြည်ပါ၏ သခင်” ဟု လျှောက်ကြ၏။
29ထို့နောက် သူတို့​၏​မျက်စိ​ကို တို့ထိ​လျက် “သင်တို့​၏​ယုံကြည်မှု​အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ 30ထိုအခါ သူတို့​သည် မျက်စိ​မြင်လာကြ၏။ ယေရှု​က “ဤ​အကြောင်း​ကို မည်သူ့​ကိုမျှ မသိစေနှင့်” ဟု တင်းကျပ်​စွာ သတိပေးတော်မူ၏။ 31သို့သော်လည်း သူတို့​သည် ထွက်သွား​၍ ယေရှု​၏​သတင်းတော်​ကို ထို​နယ်​တစ်ခွင်လုံး​၌ ပျံ့နှံ့စေကြ၏။
32ထို​သူတို့ ထွက်ခွာသွားကြ​ပြီးနောက် လူ​တချို့​သည် နတ်ဆိုးပူးသော ဆွံ့အသူ​တစ်ဦး​ကို ယေရှု​ထံသို့ ခေါ်ဆောင်လာကြ၏။ 33ယေရှု​ကလည်း နတ်ဆိုး​ကို နှင်ထုတ်တော်မူ​သဖြင့် ထို​ဆွံ့အသူ​သည် စကားပြောလေ၏။ လူထု​ပရိသတ်တို့​သည် အံ့ဩ​၍ “အစ္စရေးလူမျိုး​တွင် ဤကဲ့သို့သော အဖြစ်အပျက်​ကို မည်သည့်​အခါမျှ မမြင်ခဲ့ဖူးပါ” ဟု ပြောဆိုကြ၏။
34သို့သော် ဖာရိရှဲတို့​က “သူ​သည် နတ်ဆိုးများ​ကို နှင်ထုတ်နိုင်ခြင်း​မှာ နတ်ဆိုးမင်း​၏​တန်ခိုး​ကို ရရှိထား​သောကြောင့်​ဖြစ်သည်” ဟု ပြောဆိုကြ၏။
ရိတ်သိမ်းသူများ လိုအပ်ခြင်း
35ထို့နောက် ယေရှု​သည် ထို​ဒေသ​၏ ရှိသမျှ​မြို့ရွာများ​သို့ လှည့်လည်​၍ ဂျူးဝတ်ပြုဆောင်များ​တွင် သွန်သင်​လျက် နိုင်ငံတော်​နှင့်​ဆိုင်သော သတင်းကောင်း​ကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့​၏ အနာရောဂါ​အမျိုးမျိုး​နှင့် ဖျားနာခြင်း​အမျိုးမျိုးတို့​ကိုလည်း ပျောက်ကင်းစေတော်မူ၏။ 36ယေရှု​သည် လူထု​ပရိသတ်တို့​ကို မြင်တော်မူ​သောအခါ သူတို့​ကို သနားကြင်နာသော​စိတ် ရှိတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သူတို့​သည် သိုးထိန်း​မရှိသော သိုးများ​ကဲ့သို့ အားကိုးရာမဲ့​လျက် လမ်းပျောက်နေကြ​သောကြောင့်​ဖြစ်၏။ 37ထိုအခါ တပည့်တော်တို့​အား “ရိတ်သိမ်း​ရန် စပါး​များစွာ ရှိ​သော်လည်း ရိတ်သိမ်းသူတို့​သည် နည်းလှ၏။ 38ထို့ကြောင့် ရိတ်သိမ်းသူများ​ကို လယ်​သို့ စေလွှတ်ပေး​ရန် လယ်ရှင်​ထံ တောင်းလျှောက်ကြလော့” ဟု မိန့်တော်မူ၏။

Jelenleg kiválasztva:

မဿဲ 9: BCB

Kiemelés

Megosztás

Másolás

None

Szeretnéd, hogy a kiemeléseid minden eszközödön megjelenjenek? Regisztrálj vagy jelentkezz be