ကမ္ဘာဦးကျမ်း 41
41
ဖာရောမင်းကြီး၏အိပ်မက်ကို ယောသပ်အနက်ဖွင့်ခြင်း
1နှစ်နှစ်ကြာသောအခါ ဖာရောမင်းကြီးအိပ်မက်မက်သည်မှာ သူသည် နိုင်းမြစ်နားတွင်ရပ်လျက်နေ၏။ 2အဆင်းလှ၍ဆူဖြိုးသောနွားမခုနစ်ကောင်သည် နိုင်းမြစ်မှတက်လာ၍ ကျူတော၌ကျက်စားနေကြ၏။ 3ထိုနွားများနောက်မှ အဆင်းမလှ၊ ပိန်ချုံးသော အခြားနွားမခုနစ်ကောင်သည် နိုင်းမြစ်မှတက်လာ၍ နိုင်းမြစ်ကမ်းစပ်ရှိ ဆူဖြိုးသောနွားမများဘေးတွင် ရပ်နေကြ၏။ 4ထို့နောက် အဆင်းမလှ၊ ကိုယ်ခန္ဓာပိန်ချုံးသောနွားမတို့သည် အဆင်းလှ၍ဆူဖြိုးသောနွားမခုနစ်ကောင်ကို ကိုက်စားလိုက်ကြ၏။ ထိုအခါ ဖာရောမင်းကြီးနိုးလာ၏။ 5တစ်ဖန် သူသည်အိပ်ပျော်၍ ဒုတိယအကြိမ်အိပ်မက်မက်၏။ အိပ်မက်ထဲ၌ အလုံးကြီး၍ကောင်းသော စပါးနှံခုနစ်နှံသည် ရိုးတံတစ်ခုတည်းမှထွက်လာ၏။ 6ထိုစပါးနှံတို့နောက်မှ သုန်ဖျင်း၍အရှေ့လေကြောင့်ညှိုးရော်နေသော စပါးနှံခုနစ်နှံသည်လည်း ပေါက်လာ၏။ 7သုန်ဖျင်းသောစပါးနှံတို့သည် အလုံးကြီး၍အဆန်အောင်သောစပါးနှံခုနစ်နှံကိုမျိုလေ၏။ ထို့နောက် ဖာရောမင်းကြီးသည် နိုးလာ၍ အိပ်မက်ဖြစ်ကြောင်းသိရ၏။
8နံနက်ရောက်သောအခါ ဖာရောမင်းကြီးသည် စိတ်မငြိမ်မသက်ဖြစ်လေ၏။ ထို့ကြောင့် လူလွှတ်၍ အီဂျစ်ပြည်ရှိ နတ်ဝိဇ္ဇာဆရာအပေါင်းတို့နှင့် ပညာရှိအပေါင်းတို့ကိုခေါ်ပြီးလျှင် မိမိ၏အိပ်မက်ကို သူတို့အား ပြောပြလေ၏။ သို့သော် ဖာရောမင်းကြီးအတွက် ထိုအိပ်မက်တို့၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။
9ထိုအခါ ဖလားတော်ဝန်က ဖာရောမင်းကြီးအား “အကျွန်ုပ်သည် ယနေ့ ကိုယ့်အပြစ်ကို ကိုယ်အောက်မေ့ပါ၏။ 10အရှင်ဖာရောမင်းကြီး၊ အရှင်သည် အစေအပါးတို့ကိုအမျက်ထွက်၍ အကျွန်ုပ်နှင့်စားတော်ဝန်ကို ကိုယ်ရံတော်မှူး၏အိမ်၌ အကျဉ်းချထားပါ၏။ 11အကျွန်ုပ်တို့သည် တစ်ညတည်း၌ အနက်ကိုယ်စီရှိသောအိပ်မက်ကို အသီးသီးမက်ကြပါ၏။ 12ထိုနေရာ၌ အကျွန်ုပ်တို့နှင့်အတူ ကိုယ်ရံတော်မှူး၏အစေအပါး ဟေဗြဲလူငယ်တစ်ယောက်ရှိပါ၏။ အကျွန်ုပ်တို့သည် သူ့အားပြောပြ၍ သူသည် အကျွန်ုပ်တို့၏အိပ်မက်အနက်ကိုဖွင့်ပြပေးပါ၏။ အကျွန်ုပ်တို့ကိုယ်စီမက်သောအိပ်မက်၏အနက်ကိုဖွင့်ပြပေးပါ၏။ 13အကျွန်ုပ်တို့အတွက် သူအနက်ဖွင့်ပြပေးသည့်အတိုင်း ဖြစ်လာခဲ့ပါ၏။ အရှင်သည် အကျွန်ုပ်အား အကျွန်ုပ်၏ရာထူးကိုပြန်ပေး၍ စားတော်ဝန်ကို သစ်တိုင်၌ချိတ်ဆွဲခဲ့ပါ၏”ဟု လျှောက်လေ၏။
14ထိုအခါ ဖာရောမင်းကြီးသည် လူလွှတ်၍ ယောသပ်ကိုခေါ်စေသဖြင့် ယောသပ်ကို မြေအောက်အကျဉ်းခန်းထဲမှ အလျင်အမြန်ထုတ်ဆောင်ကြ၏။ ယောသပ်သည် မုတ်ဆိတ်ရိတ်၍ အဝတ်အစားလဲပြီးလျှင် ဖာရောမင်းကြီးထံသို့အခစားဝင်လေ၏။ 15ဖာရောမင်းကြီးက ယောသပ်အား “ငါသည် အိပ်မက်တစ်ခုမြင်မက်၏။ ထိုအိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။ သို့ရာတွင် သင်သည် အိပ်မက်ကိုကြားသောအခါ အိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သည်ဟု သင့်အကြောင်းငါကြား၏”ဟု မိန့်ဆိုလေ၏။ 16ယောသပ်ကလည်း “အကျွန်ုပ်မတတ်နိုင်ပါ။ ဘုရားသခင်သာလျှင် အရှင်ဖာရောမင်းကြီးအတွက် သင့်မြတ်ကောင်းမွန်သောအဖြေကို ပေးတော်မူပါလိမ့်မည်”ဟု ဖာရောမင်းကြီးအားပြန်လျှောက်လေ၏။
17ထိုအခါ ဖာရောမင်းကြီးက ယောသပ်အား “ငါ့အိပ်မက်ထဲ၌ ငါသည် နိုင်းမြစ်ကမ်းစပ်တွင် ရပ်လျက်နေ၏။ 18ဆူဖြိုး၍ ပုံပန်းလှသောနွားမခုနစ်ကောင်သည် နိုင်းမြစ်မှတက်လာ၍ ကျူတော၌ကျက်စားနေကြ၏။ 19ထိုနွားများနောက်မှ ချည့်နဲ့၍ ပုံပန်းအလွန်ဆိုးပြီး ကိုယ်ခန္ဓာပိန်လှီသော အခြားနွားမခုနစ်ကောင်တက်လာ၏။ ဤမျှလောက် ကြည့်ရဆိုးသောနွားတို့ကို အီဂျစ်ပြည်တစ်ပြည်လုံး၌ ငါမတွေ့ဖူးပေ။ 20ပိန်လှီ၍ကြည့်ရဆိုးသောနွားမတို့သည် ဆူဖြိုးသောနွားမခုနစ်ကောင်ကို စားလိုက်ကြ၏။ 21ထိုနွားမတို့၏ဝမ်းထဲသို့ ရောက်သွားသော်လည်း ဝမ်းထဲသို့ရောက်သွားကြောင်းကို မသိသာဘဲနေ၏။ အကြောင်းမူကား ထိုနွားမတို့၏အဆင်းသဏ္ဌာန်သည် ယခင်ကဲ့သို့ပင်ကြည့်ရဆိုးလျက်ရှိသေး၏။ ထို့နောက် ငါနိုးလာ၏။ 22တစ်ဖန် ငါ့အိပ်မက်ထဲ၌ မြင်ရသည်မှာ အဆန်အောင်၍ကောင်းသောစပါးနှံခုနစ်နှံသည် ရိုးတံတစ်ခုတည်းမှထွက်လာ၏။ 23ထိုစပါးနှံတို့နောက်မှ ခြောက်သွေ့သုန်ဖျင်း၍ အရှေ့လေကြောင့် ညှိုးရော်နေသောစပါးနှံခုနစ်နှံထွက်လာ၏။ 24သုန်ဖျင်းသောစပါးနှံတို့သည် ကောင်းသောစပါးနှံခုနစ်နှံကိုမျိုကြ၏။ ငါသည် ထိုအိပ်မက်ကို နတ်ဝိဇ္ဇာဆရာတို့အားပြောပြသော်လည်း ငါ့အားဖော်ပြပေးနိုင်သောသူတစ်ယောက်မျှမရှိ”ဟု ဆိုလေ၏။
25ထိုအခါ ယောသပ်က ဖာရောမင်းကြီးအား “အရှင်ဖာရောမင်းကြီး၏အိပ်မက်နှစ်ခုသည် အတူတူပင်ဖြစ်ပါ၏။ ဘုရားသခင်သည် မိမိပြုမည့်အမှုကို အရှင်ဖာရောမင်းကြီးအား ဖော်ပြတော်မူပြီ။ 26ကောင်းသောနွားမခုနစ်ကောင်သည် ခုနစ်နှစ်ဖြစ်၏။ ကောင်းသောစပါးနှံခုနစ်နှံသည်လည်း ခုနစ်နှစ်ဖြစ်၏။ အိပ်မက်နှစ်ခုသည် အတူတူပင်ဖြစ်ပါ၏။ 27ဆူဖြိုးသောနွားမများနောက်မှ တက်လာသည့် ပိန်လှီ၍အရုပ်ဆိုးသောနွားမခုနစ်ကောင်သည် ခုနစ်နှစ်ဖြစ်၏။ အရှေ့လေကြောင့်ညှိုးရော်၍ သုန်ဖျင်းသောစပါးနှံခုနစ်နှံသည် ငတ်မွတ်ခေါင်းပါးသောခုနစ်နှစ်ဖြစ်၏။
28အရှင်ဖာရောမင်းကြီးအား အကျွန်ုပ်လျှောက်ထားခဲ့သည့်စကားအတိုင်း ဘုရားသခင်သည် မိမိပြုမည့်အမှုကို အရှင်ဖာရောမင်းကြီးအား ဖော်ပြတော်မူပြီ။ 29အီဂျစ်ပြည်တစ်ပြည်လုံးတွင် အလွန်ဝပြောသောနှစ် ခုနစ်နှစ်ရောက်လာလိမ့်မည်။ 30ထို့နောက်မှ ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်ဖြစ်လာလိမ့်မည်။ ထိုအခါ အီဂျစ်ပြည်၌ဝပြောခဲ့သမျှကိုမေ့လျော့ကြလိမ့်မည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် တစ်ပြည်လုံးကိုဖျက်ဆီးလိမ့်မည်။ 31ထိုငတ်မွတ်ခေါင်းပါးခြင်းဘေးသည် အလွန်ဆိုးရွားမည်ဖြစ်၏။ ဝပြောခြင်းနောက်တွင် ဖြစ်လာမည့် ထိုငတ်မွတ်ခေါင်းပါးခြင်းဘေးကြောင့် ထိုပြည်၌ဝပြောခြင်းရှိခဲ့သည်ကိုပင် သိမှတ်ကြတော့မည်မဟုတ်။ 32အရှင်ဖာရောမင်းကြီးသည် အိပ်မက်ကို နောက်တစ်ကြိမ်ထပ်၍မက်သည်မှာ ထိုအမှုကို ဘုရားသခင်အတည်ပြုတော်မူပြီဖြစ်၍ ဘုရားသခင်သည် ထိုအမှုကိုအလျင်အမြန်ပြုတော်မူမည်ဖြစ်၏။
33ထို့ကြောင့် အရှင်ဖာရောမင်းကြီး၊ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူကိုရှာပြီးလျှင် အီဂျစ်ပြည်ကိုအုပ်စိုးရန် ထိုသူကိုခန့်ထားပါလော့။ 34အရှင်ဖာရောမင်းကြီး ခန့်ထားသောသူသည်လည်း တိုင်းပြည် ကြီးကြပ်သူများကို ထပ်မံခန့်အပ်ထားပါစေ။ သူသည် အီဂျစ်ပြည်၌ဝပြောသောနှစ် ခုနစ်နှစ်တွင် ဂျုံစပါးငါးပုံတစ်ပုံကို ကောက်ယူပါစေ။ 35ထိုသူတို့သည် လာမည့်ကြွယ်ဝသောနှစ်များမှ အစားအစာရှိသမျှတို့ကို စုသိမ်းကြပါစေ။ ဖာရောမင်းကြီး၏အာဏာဖြင့် အစားအစာဂျုံစပါးကို မြို့များ၌စုဆောင်းထိန်းသိမ်းကြပါစေ။ 36ထိုအစားအစာတို့သည် အီဂျစ်ပြည်၌ဖြစ်လာမည့်ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်တွင် တိုင်းပြည်အတွက် အရန်သိုမှီးထားသောအစားအစာဖြစ်ရမည်။ သို့မှ တိုင်းပြည်သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးကြောင့် ပျက်စီးခြင်းသို့မရောက်ဘဲနေမည်”ဟု လျှောက်လေ၏။
ယောသပ်ကို ချီးမြှောက်ခြင်း
37ထိုအကြံဉာဏ်ကို ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းအပေါင်းတို့သည် နှစ်သက်သဘောကျကြ၏။ 38ဖာရောမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ဘုရားသခင်၏ဝိညာဉ်တော်ကိုရသည့် ဤသို့သောသူကို ငါတို့ရှာတွေ့နိုင်မည်လော”ဟု မိန့်ဆို၏။ 39ထို့နောက် ဖာရောမင်းကြီးက ယောသပ်အား “ဘုရားသခင်သည် ဤအမှုအလုံးစုံကို သင့်အားဖော်ပြတော်မူပြီဖြစ်၍ သင်ကဲ့သို့ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူတစ်ယောက်မျှမရှိ။ 40သင်သည် ငါ၏နန်းတော်အုပ်ဖြစ်ရမည်။ ငါ၏လူအပေါင်းတို့သည် သင်၏အမိန့်ကိုနာခံကြရမည်။ ငါသည် ရာဇပလ္လင်အားဖြင့်သာ သင့်ထက်ကြီးမြတ်မည်”ဟု မိန့်ဆို၏။ 41တစ်ဖန် ဖာရောမင်းကြီးက ယောသပ်အား “အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးရန် သင့်ကိုငါခန့်ထားပြီ”ဟု မိန့်ဆိုပြီးလျှင် 42ဖာရောမင်းကြီးသည် မိမိ၏လက်မှ တံဆိပ်တုံးလက်စွပ်ကိုချွတ်၍ ယောသပ်၏လက်၌စွပ်ပေး၏။ ပိတ်ချောထည်အဝတ်တို့ကိုလည်းဝတ်ပေး၍ သူ၏လည်ပင်း၌ ရွှေဆွဲကြိုးကိုဆွဲပေးပြီး 43မိမိ၏ဒုတိယရထားကို စီးစေ၏။ ရှေ့တော်ပြေးတို့ကိုလည်း “ဒူးထောက်ကြလော့”ဟု ဟစ်အော်စေ၏။ ဤသို့ဖြင့် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးရန် ယောသပ်အားခန့်ထားလေ၏။ 44ထို့ပြင် ဖာရောမင်းကြီးက ယောသပ်အား “ငါသည် ဖာရောမင်းကြီးဖြစ်၏။ သို့သော်လည်း သင်ခွင့်မပြုလျှင် အီဂျစ်ပြည်တစ်ပြည်လုံးရှိ လူတစ်စုံတစ်ယောက်မျှ မိမိလက်၊ မိမိခြေကိုမကြွရ”ဟု မိန့်ဆိုလေ၏။ 45ဖာရောမင်းကြီးသည် ယောသပ်၏အမည်ကို ဇာဖဏာသဖာဏ ဟုမှည့်ခေါ်၍ ယောသပ်ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်နှင့်ထိမ်းမြားပေး၏။ ထို့နောက် ယောသပ်သည် အီဂျစ်ပြည်ကိုလှည့်လည်ကြည့်ရှုရန်ထွက်သွား၏။
ယောသပ်၏စီမံခန့်ခွဲမှု
46ယောသပ်သည် အီဂျစ်ဘုရင်ဖာရောမင်းကြီးထံ၌ အမှုထမ်းသောအခါ အသက်သုံးဆယ်ရှိပြီဖြစ်၏။ ယောသပ်သည် ဖာရောမင်းကြီးထံမှထွက်လာ၍ အီဂျစ်ပြည်တစ်ပြည်လုံးကိုလှည့်လည်ကြည့်ရှု၏။
47ဝပြောသောနှစ် ခုနစ်နှစ်အတွင်း တိုင်းပြည်၌ သီးနှံအလျှံအပယ်ထွက်၏။ 48ယောသပ်သည် ခုနစ်နှစ်ပတ်လုံး အီဂျစ်ပြည်၌ထွက်သည့် အစားအစာရှိသမျှတို့ကိုစုသိမ်း၍ ထိုအစားအစာကို မြို့များ၌သိုလှောင်ထား၏။ မြို့အသီးသီး၏ပတ်ပတ်လည်ရှိ လယ်ယာမှထွက်သည့် အစားအစာကို ထိုမြို့အသီးသီး၌ပင်သိုလှောင်ထား၏။ 49ယောသပ်သည် ဂျုံစပါးကို ပင်လယ်သဲပွင့်နှင့်အမျှ မြောက်မြားစွာစုဆောင်းထား၏။ မခြင်တွယ်နိုင်အောင်များပြားလှသဖြင့် စာရင်းမမှတ်ဘဲနေလေ၏။
50ငတ်မွတ်ခေါင်းပါးသောနှစ်မရောက်မီ ယောသပ်သည် ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီးအာသနတ်နှင့် သားနှစ်ယောက်ရ၏။ 51ယောသပ်က “ဘုရားသခင်သည် ငါ၏အခက်အခဲပြဿနာအပေါင်းနှင့် ငါ့ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ကို ငါမေ့လျော့စေရန်ပြုတော်မူပြီ”ဟု ဆိုလျက် သားဦး၏အမည်ကို မနာရှေ#41:51 “မေ့လျော့စေပြီ”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုမှည့်ခေါ်လေ၏။ 52တစ်ဖန် ယောသပ်က “ဘုရားသခင်သည် ငါဖိစီးနှိပ်စက်ခံရသည့်ပြည်၌ ငါ့ကိုပွားများစေတော်မူပြီ”ဟု ဆိုလျက် ဒုတိယသား၏အမည်ကို ဧဖရိမ်#41:52 “ပွားများစေပြီ”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုမှည့်ခေါ်လေ၏။
53ထို့နောက် အီဂျစ်ပြည်တွင် ဝပြောသောနှစ် ခုနစ်နှစ်ကုန်ဆုံးလေ၏။ 54ယောသပ်ပြောခဲ့သည့်အတိုင်း ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်စတင်ဖြစ်လာ၏။ အပြည်ပြည်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြစ်သော်လည်း အီဂျစ်ပြည်တစ်ပြည်လုံးတွင်မူ အစားအစာရှိ၏။ 55အီဂျစ်ပြည်တစ်ပြည်လုံးဆာလောင်မွတ်သိပ်သောအခါ လူတို့သည် အစားအစာအတွက် ဖာရောမင်းကြီးထံ အော်ဟစ်ကြ၏။ ထိုအခါ ဖာရောမင်းကြီးသည် အီဂျစ်ပြည်သားအပေါင်းတို့အား “ယောသပ်ထံသို့ သွားကြလော့။ သင်တို့အား သူပြောသည့်အတိုင်းပြုကြလော့”ဟု မိန့်ဆို၏။ 56မြေတစ်ပြင်လုံး၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြစ်သောအခါ ယောသပ်သည် သိုလှောင်ရုံရှိသမျှတို့ကိုဖွင့်၍ အီဂျစ်ပြည်သားတို့အား အစားအစာကိုရောင်းချပေး၏။ အီဂျစ်ပြည်၌ ကျရောက်သော ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် ဆိုးရွားလှ၏။ 57အပြည်ပြည်မှလူတို့သည်လည်း အစားအစာဝယ်ယူရန် အီဂျစ်ပြည်ရှိ ယောသပ်ထံသို့လာကြ၏။ အကြောင်းမူကား မြေတစ်ပြင်လုံး၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် ဆိုးရွားလှ၏။
Jelenleg kiválasztva:
ကမ္ဘာဦးကျမ်း 41: MSBU
Kiemelés
Megosztás
Másolás
Szeretnéd, hogy a kiemeléseid minden eszközödön megjelenjenek? Regisztrálj vagy jelentkezz be
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative