ကမ္ဘာဦးကျမ်း 32
32
ဧသောနှင့်တွေ့ဆုံရန် ပြင်ဆင်ခြင်း
1ယာကုပ်သည် ခရီးဆက်သွားရာ ဘုရားသခင်၏ကောင်းကင်တမန်တို့သည် သူနှင့်လာတွေ့ကြ၏။ 2ယာကုပ်သည် သူတို့ကိုမြင်သောအခါ “ဤနေရာသည် ဘုရားသခင်၏တပ်စခန်းဖြစ်၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို မဟာနိမ် ဟုခေါ်၏။ 3ထို့နောက် ယာကုပ်သည် စိရပြည်၊ ဧဒုံအရပ်ရှိ မိမိအစ်ကိုဧသောထံသို့ စေတမန်တို့ကို ရှေ့ပြေးအဖြစ်စေလွှတ်၍ 4“သင်တို့သည် ငါ၏သခင်ဧသောအား သခင်၏အစေအပါးယာကုပ်က ‘အကျွန်ုပ်သည် လာဗန်ထံ၌ ယခုထိတိုင် တည်းခိုနေထိုင်ခဲ့ပါ၏။ 5အကျွန်ုပ်တွင် နွားများ၊ မြည်းများ၊ သိုးဆိတ်များနှင့် ကျွန်ယောက်ျားများ၊ ကျွန်မိန်းမများရှိပါ၏။ အကျွန်ုပ်သည် သခင့်ရှေ့၌မျက်နှာရမည့်အကြောင်း လူလွှတ်၍ အကျွန်ုပ်၏သခင်အား ကြိုတင်ကြားလျှောက်ပါ၏’ဟူ၍ ပြောရမည်”ဟု မှာကြားလိုက်လေ၏။
6စေတမန်တို့သည် ယာကုပ်ထံသို့ပြန်ရောက်လာ၍ “အကျွန်ုပ်တို့သည် သခင်၏အစ်ကိုဧသောထံသို့ရောက်ခဲ့ပါပြီ။ သူသည်လည်း သခင်နှင့်တွေ့ဆုံရန် လူလေးရာနှင့်အတူ လာနေပါသည်”ဟု လျှောက်ကြ၏။ 7ထိုအခါ ယာကုပ်သည် အလွန်ကြောက်၍ စိတ်ပူပန်သဖြင့် မိမိနှင့်အတူရှိသောလူတို့ကိုလည်းကောင်း၊ သိုးဆိတ်၊ နွားနှင့် ကုလားအုတ်တို့ကိုလည်းကောင်း အုပ်စုနှစ်စုခွဲထား၏။ 8ယာကုပ်က “အကယ်၍ ဧသောသည် တစ်စုကိုလာ၍တိုက်ခိုက်လျှင် ကျန်တစ်စုသည် လွတ်လိမ့်မည်”ဟု ဆို၏။
9ထို့နောက် ယာကုပ်က “အကျွန်ုပ်အဖအာဗြဟံ၏ဘုရား၊ အကျွန်ုပ်အဖဣဇက်၏ဘုရား၊ အကျွန်ုပ်အား ‘သင့်ပြည်၊ သင့်ဆွေမျိုးသားချင်းတို့ထံသို့ ပြန်သွားလော့။ ငါသည် သင့်ကိုကောင်းစားစေမည်’ဟု မိန့်တော်မူသောထာဝရဘုရား၊ 10ကိုယ်တော်၏အစေအပါးအပေါ်ထားတော်မူသော မေတ္တာကရုဏာတော်အလုံးစုံ၊ သစ္စာတော်အလုံးစုံကို အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် ဤဂျော်ဒန်မြစ်ကို ဖြတ်ကူးခဲ့စဉ်က တောင်ဝှေးတစ်ချောင်းသာပါပါ၏။ ယခုမူကား အုပ်စုနှစ်စုဖြစ်လာပါပြီ။ 11အကျွန်ုပ်အစ်ကိုဧသော၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကြောင်းမူကား သူသည်လာ၍ အကျွန်ုပ်ကိုလည်းကောင်း၊ ကလေးနှင့်မိခင်တို့ကိုလည်းကောင်း တိုက်ခိုက်မည်ကိုအကျွန်ုပ်ကြောက်ပါ၏။ 12သို့သော် ကိုယ်တော်က ‘ငါသည် သင့်ကိုအမှန်ပင်ကောင်းစားစေ၍ သင်၏သားစဉ်မြေးဆက်တို့ကို မရေတွက်နိုင်အောင် များပြားသောပင်လယ်သဲပွင့်ကဲ့သို့ဖြစ်စေမည်’ဟူ၍ မိန့်တော်မူခဲ့ပါပြီ”ဟု လျှောက်လေ၏။
13ယာကုပ်သည် ထိုညတွင် ထိုအရပ်၌ညအိပ်နားပြီးလျှင် အစ်ကိုဧသောအား လက်ဆောင်ပေးရန် မိမိ၏လက်ရှိဥစ္စာထဲမှ 14ဆိတ်မအကောင်နှစ်ရာ၊ ဆိတ်ထီးအကောင်နှစ်ဆယ်၊ သိုးမအကောင်နှစ်ရာ၊ သိုးထီးအကောင်နှစ်ဆယ်၊ 15နို့တိုက်ကုလားအုတ်အကောင်သုံးဆယ်နှင့် ၎င်းတို့၏သားပေါက်များ၊ နွားမအကောင်လေးဆယ်၊ နွားထီးဆယ်ကောင်၊ မြည်းမအကောင်နှစ်ဆယ်နှင့် မြည်းထီးဆယ်ကောင်တို့ကိုယူ၍ 16၎င်းတို့ကို သူ့အမျိုးနှင့်သူ အုပ်လိုက် အုပ်လိုက် မိမိကျွန်တို့လက်သို့အပ်လေ၏။ ထို့နောက် ထိုကျွန်တို့အား “ငါ့ရှေ့မှ ကူးသွားနှင့်ကြလော့။ တိရစ္ဆာန်တစ်အုပ်နှင့်တစ်အုပ်ကို ခပ်လှမ်းလှမ်းခွာထားလော့”ဟု ဆို၏။
17ထို့ပြင် ရှေ့ဆုံးမှသွားသောသူအား “ငါ့အစ်ကိုဧသောသည် သင့်ကိုတွေ့၍ ‘သင်သည် မည်သူ၏လူဖြစ်သနည်း။ မည်သည့်အရပ်သို့သွားမည်နည်း။ သင့်ရှေ့၌ရှိသောဤအရာတို့ကား မည်သူ၏ဥစ္စာဖြစ်သနည်း’ဟု သင့်ကိုမေးလျှင် 18‘သခင့်အစေအပါး ယာကုပ်၏ဥစ္စာဖြစ်ပါ၏။ ဤအရာတို့သည် သခင်ဧသောအား ဆက်သလိုက်သောလက်ဆောင်ဖြစ်ပါ၏။ သူသည်လည်း အကျွန်ုပ်တို့နောက်မှ လိုက်လာပါ၏’ဟူ၍ လျှောက်ရမည်”ဟု မှာကြားလေ၏။
19ဒုတိယလူ၊ တတိယလူနှင့် တိရစ္ဆာန်အုပ်နောက်မှလိုက်သောသူအပေါင်းတို့ကိုလည်း “သင်တို့သည် ဧသောကိုတွေ့သောအခါ ထိုအတိုင်းလျှောက်ရမည်။ 20ထို့ပြင် ‘အရှင့်အစေအပါး ယာကုပ်သည်လည်း အကျွန်ုပ်တို့နောက်မှ လိုက်လာပါ၏’ဟူ၍ လျှောက်ရမည်”ဟု မှာကြားလေ၏။ ယာကုပ်က “ငါ့အလျင်ရောက်နှင့်သောလက်ဆောင်ဖြင့် သူ့ကိုစိတ်ပြေစေပြီးမှ သူနှင့်ငါတွေ့ဆုံမည်။ သို့ပြုလျှင် သူသည် ငါ့ကိုလက်ခံကောင်းလက်ခံလိမ့်မည်”ဟု တွေးထင်သောကြောင့်ဖြစ်၏။
21ထိုသို့ ယာကုပ်သည် မိမိထက်အလျင် လက်ဆောင်ကို တစ်ဖက်ကမ်းသို့ပို့လိုက်၏။ သူကိုယ်တိုင်မူကား ထိုညတွင် စခန်းထဲ၌ ညအိပ်နားလေ၏။ 22သို့သော် ထိုညတွင် သူသည် ထ၍ မိမိ၏မယားနှစ်ယောက်၊ မိမိ၏ကျွန်မနှစ်ယောက်နှင့် မိမိ၏သားတစ်ဆယ့်တစ်ယောက်တို့ကိုခေါ်ဆောင်၍ ယဗ္ဗုတ်ရေဆိပ်မှ ဖြတ်ကူး၏။ 23ထိုသို့ သားမယားတို့ကို ချောင်းတစ်ဖက်ကမ်းသို့ဖြတ်ကူးစေပြီးလျှင် မိမိပိုင်ဆိုင်သောဥစ္စာတို့ကိုလည်း တစ်ဖက်ကမ်းသို့ပို့လိုက်၏။
ကောင်းကင်တမန်နှင့်ယာကုပ်နပန်းလုံးခြင်း
24ယာကုပ်သည် တစ်ယောက်တည်းကျန်ခဲ့၏။ ထိုအခါ လူတစ်ယောက်သည် အရုဏ်တက်ချိန်အထိ ယာကုပ်နှင့်နပန်းလုံးလေ၏။ 25ထိုသူသည် ယာကုပ်ကို မနိုင်မှန်းသိမြင်သောအခါ ယာကုပ်၏တင်ပါးဆုံအဆစ်ကိုထိုး၏။ ထို့ကြောင့် ထိုသူနှင့်နပန်းလုံးစဉ်တွင် ယာကုပ်၏တင်ပါးဆုံအဆစ်သည် လွဲလေ၏။ 26ထိုသူက “အရုဏ်တက်ပြီဖြစ်၍ ငါ့ကိုလွှတ်ပါ”ဟု ဆို၏။ သို့သော် ယာကုပ်က “အကျွန်ုပ်ကိုကောင်းချီးမပေးလျှင် အရှင့်ကို အကျွန်ုပ်မလွှတ်ပါ”ဟု ဆို၏။ 27ထိုသူကလည်း “သင့်နာမည်ကား အဘယ်နည်း”ဟု မေးလျှင် “ယာကုပ် ဖြစ်ပါသည်”ဟု ပြန်ဖြေ၏။ 28ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေး#32:28 “ဘုရားသခင်နှင့်ပြိုင်သောသူ”ဟူသောအဓိပ္ပာယ်ရှိ၏။ဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။ 29ယာကုပ်ကလည်း “အရှင်၏အမည်ကို သိပါရစေ”ဟု ဆိုလျှင် ထိုသူက “အဘယ်ကြောင့် ငါ၏အမည်ကိုမေးသနည်း”ဟု ဆိုပြီး ထိုအရပ်၌ ယာကုပ်ကို ကောင်းချီးပေးလေ၏။
30ထို့ကြောင့် ယာကုပ်က “ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်မြင်ရလျက်နှင့် အသက်ချမ်းသာရာရသေး၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို ပေနွေလ#32:30 “ဘုရားသခင်၏မျက်နှာတော်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုခေါ်၏။ 31ပေနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ နေထွက်ပြီဖြစ်၏။ သူသည် သူ၏တင်ပါးဆုံအဆစ်လွဲသွားသောကြောင့် ထော့နဲ့ထော့နဲ့ဖြင့်သွားလေ၏။ 32ထိုသို့ ယာကုပ်၏တင်ပါးဆုံအဆစ်၌ရှိသောအကြောကို ထိုးသောကြောင့် ယနေ့တိုင်အောင် အစ္စရေးအမျိုးသားတို့သည် တင်ပါးဆုံအဆစ်၌ရှိသောအကြောကို မစားကြချေ။
Jelenleg kiválasztva:
ကမ္ဘာဦးကျမ်း 32: MSBU
Kiemelés
Megosztás
Másolás
Szeretnéd, hogy a kiemeléseid minden eszközödön megjelenjenek? Regisztrálj vagy jelentkezz be
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative