ကမ္ဘာဦး 3

3
လူ၏​မ​နာ​ခံ​ခြင်း
1မြွေ​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော မြေ​တိ​ရ​စ္ဆာန်​တ​ကာ​တို့​ထက် လိ​မ္မာ​သည်​ဖြစ်​၍၊ မိန်း​မ​အား၊ သင်​တို့​သည် ဥ​ယျာဉ်၌​ရှိ​သ​မျှ​သော​အ​ပင်​တို့၏​အ​သီး​ကို​မ​စား​ရ​ဟု ဧ​ကန်​စင်​စစ် ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သ​လော​ဟု မေး၏။ 2မိန်း​မ​က​လည်း၊ ငါ​တို့​သည် ဥ​ယျာဉ်၌​ရှိ​သော​အ​ပင်​တို့၏ အ​သီး​ကို​စား​ရ​သော အ​ခွင့်​ရှိ၏။ 3ဥ​ယျာဉ်​အ​လယ်၌​ရှိ​သော အ​ပင်၏​အ​သီး​ကို​ကား၊ သင်​တို့​သည် မ​ကိုင်​မ​စား​ဘဲ နေ​ကြ​လော့။ သို့​မ​ဟုတ်​သေ​မည်​ဟု ဘု​ရား​သ​ခင် အ​မိန့်​တော်​ရှိ​သည်​ဟု မြွေ​အား​ဆို၏။ 4မြွေ​က​လည်း၊ သင်​တို့​သည် ဧ​ကန်​အ​မှန်​သေ​ရ​မည်​မ​ဟုတ်။ 5အ​ကြောင်း​မူ​ကား၊ ထို​အ​သီး​ကို​စား​သော​နေ့၌ သင်​တို့​သည် မျက်​စိ​ပွင့်​လင်း​လျက် ကောင်း​မ​ကောင်း​ကို​သိ၍၊ ဘု​ရား​သ​ခင်​ကဲ့​သို့ ဖြစ်​ကြ​လ​တ္တံ့​သည်​ကို၊ ဘု​ရား​သ​ခင်​သိ​တော်​မူ​သည်​ဟု မိန်း​မ​အား​ဆို၏။ 6ထို​အ​ပင်​သည် စား​ဖွယ်​ကောင်း​ခြင်း၊ အ​ဆင်း​လည်း​လှ​ခြင်း၊ ပ​ညာ​တိုး​ပွား​စေ​လို​သော​ငှာ၊ နှစ်​သက်​ဖွယ်​သော​အ​ပင်​ဖြစ်​ခြင်း​ကို မိန်း​မ​သည်​မြင်​လျှင်၊ အ​သီး​ကို ယူ၍​စား၏။ မိ​မိ​ခင်​ပွန်း​အား​လည်း​ပေး၍ သူ​သည်​လည်း​စား၏။ 7ထို​သူ​နှစ်​ယောက်​တို့​သည် မျက်​စိ​ပွင့်​လင်း၍၊ မိ​မိ​တို့၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို သိ​မြင်​လျှင်၊ မိ​မိ​တို့​ဝတ်​ရန်​ဖို့ သင်္ဘော​သ​ဖန်း​ပင်​အ​ရွက်​တို့​ကို​ချုပ်​စပ်၍ ခါး​စည်း​ကို​လုပ်​ကြ၏။
8နေ​ဧ​သော​အ​ချိန်​တွင်၊ ထို​ဥ​ယျာဉ်၌ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ကြွ​တော်​မူ​သော​အ​သံ​ကို လူ​လင်​မ​ယား​တို့​သည်​ကြား​လျှင်၊ အ​ထံ​တော်​မှ​လွတ်​ခြင်း​ငှာ၊ ဥ​ယျာဉ်​အ​ပင်​တို့​တွင် ပုန်း​ကွယ်​လျက်​နေ​ကြ၏။ 9ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု၊ လူ​ကို​ခေါ်​တော်​မူ၏။ 10လူ​က​လည်း၊ ဥ​ယျာဉ်၌ ကိုယ်​တော်၏​အ​သံ​ကို ကျွန်​တော်​ကြား​လျှင်၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ကြောင့်၊ ကြောက်၍ ပုန်း​လျက်​နေ​ပါ​သည်​ဟု လျှောက်​လေ၏။ 11ဘု​ရား​သ​ခင်​က​လည်း၊ သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို သင်​အား​အ​ဘယ်​သူ​ပြော​သ​နည်း။ မ​စား​ရ​ဟု ငါ​ပ​ညတ်​သော အ​ပင်၏​အ​သီး​ကို​စား​ပြီ​လော​ဟု မေး​တော်​မူ၏။ 12လူ​က​လည်း ကျွန်​တော်၌​အပ်​ပေး​တော်​မူ​သော မိန်း​မ​သည် ထို​အ​ပင်၏​အ​သီး​ကို​ပေး၍ ကျွန်​တော်​စား​မိ​ပါ​သည်​ဟု လျှောက်​လေ၏။ 13ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း​ဟု မိန်း​မ​အား​မေး​တော်​မူ​လျှင်၊ မိန်း​မ​က မြွေ​သည် ကျွန်​တော်​မ​ကို​လှည့်​စား၍၊ ကျွန်​တော်​မ​သည်​စား​မိ​ပါ​ပြီ​ဟု လျှောက်​လေ၏။
14ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြွေ​ကို​ခေါ်၍ သင်​သည် ဤ​အ​မှု​ကို​ပြု​သော​ကြောင့်၊ သား​ယဉ်​သား​ရဲ​အ​ပေါင်း​တို့​ထက် ကျိန်​ခြင်း​ကို​ခံ​ရ၏။ သင်​သည် ဝမ်း​ဖြင့်​သွား၍ မြေ​မှုန့်​ကို တစ်​သက်​လုံး​စား​ရ​မည်။ 15သင်​နှင့် မိန်း​မ​ကို​လည်း​ကောင်း၊ သင်၏​အ​မျိုး​အ​နွယ်​နှင့် မိန်း​မ၏​အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ ငါ​သည်​ရန်​ငြိုး​ဖွဲ့​စေ​မည်။ သူ​သည် သင်၏​ခေါင်း​ကို ကြိတ်​လိမ့်​မည်၊ သင်​သည် သူ၏​ဖ​နောင့်​ကို ကြိတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
16မိန်း​မ​ကို​လည်း၊ သင်၌​ကိုယ်​ဝန်​ဆောင်​ခြင်း​ဝေ​ဒ​နာ​ကို ငါ​အ​လွန်​များ​ပြား​စေ​မည်။ ပင်​ပန်း​စွာ​ဝေ​ဒ​နာ​ကို​ခံ၍ သား​ဖွား​ရ​မည်။ ကိုယ်​ခင်​ပွန်း၏​အ​လို​သို့​လိုက်၍၊ သူ၏​အုပ်​စိုး​ခြင်း​ကို​လည်း​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။ 17ယောက်ျား​ကို​လည်း၊ ထို​အ​ပင်၏​အ​သီး​ကို​မ​စား​ရ​ဟု ငါ​ပ​ညတ်​သော်​လည်း၊ သင်​သည်​မ​ယား၏​စ​ကား​ကို​နား​ထောင်၍ စား​မိ​သော​ကြောင့်၊ မြေ​သည် သင်၏​အ​တွက် ကျိန်​ခြင်း​ကို ခံ​လျက်​ရှိ၏။ မြေ၏​အ​သီး​ကို တစ်​သက်​ပတ်​လုံး ပင်​ပန်း​စွာ စား​ရ​မည်။ 18ဆူး​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း သင်​အ​ဖို့ မြေ​ပေါက်​စေ​မည်။ လယ်၌​ဖြစ်​သော ဟင်း​သီး​ဟင်း​ရွက်​တို့​ကို သင်​စား​ရ​မည်။ 19သင်​ထွက်​ရာ​မြေ​သို့​မ​ပြန်​မီ​တိုင်​အောင်၊ သင်၏​မျက်​နှာ​မှ​ချွေး​ထွက်​လျက် အ​စာ​ကို​စား​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည်​မြေ​မှုန့်​ဖြစ်၍ မြေ​မှုန့်​သို့ ပြန်​ရ​မည်​ဟု မိန့်​တော်​မူ၏။
20ထို​အ​ခါ​လူ​သည် မိ​မိ​မ​ယား​ကို ဧ​ဝ​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ သူ​သည် အ​သက်​ရှင်​သော သူ​အ​ပေါင်း​တို့၏​အ​မိ ဖြစ်​သ​တည်း။
21ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​လည်း၊ လူ​လင်​မ​ယား​ဖို့​သား​ရေ​ဖြင့် ၀တ်​လုံ​ကို​လုပ်၍ ဝတ်​ခြုံ​စေ​တော်​မူ၏။
ဥ​ယျာဉ်​ထဲ​မှ​နှင်​ထုတ်​ခြင်း
22ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ လူ​သည် ငါ​တို့​တွင် တစ်​ပါး​ပါး​ကဲ့​သို့​ဖြစ်၍၊ ကောင်း​မ​ကောင်း​သိ​တတ်၏။ ယ​ခု​မှာ သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ခြင်း​ငှာ၊ လက်​ကို​ဆန့်​လျက် အ​သက်​ပင်၏​အ​သီး​ကို​ယူ၍ မ​စား​သင့်​ဟု မိန့်​တော်​မူ၍၊#ဗျာ၊ ၂၂:၁၄။ 23လူ​သည် မိ​မိ​ထွက်​သော​မြေ၌​လုပ်​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်၊ ဧ​ဒင်​ဥ​ယျာဉ်​ထဲ​က လွှတ်​လိုက်​တော်​မူ၏။ 24ထို​သို့​လူ​ကို​နှင်​ထုတ်​ပြီး​လျှင်၊ အ​သက်​ပင်​လမ်း​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ မီး​စက်​လက်​နက်​နှင့်​တ​ကွ ခေ​ရု​ဗိမ်​တို့​ကို ဥ​ယျာဉ်​အ​ရှေ့​ဘက်၌ ထား​တော်​မူ၏။

Pati Souliye

Pataje

Kopye

None

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte