မဿဲ 9
9
လေဖြတ်သူတစ်ဦးကို ကျန်းမာစေတော်မူခြင်း
1ထို့နောက် ယေရှုသည် လှေပေါ်သို့တက်၍ အိုင်တစ်ဖက်ကမ်းသို့ ကူးဖြတ်ကာ မိမိနေရပ်မြို့သို့ကြွတော်မူ၏။ 2ထိုအခါ လူတချို့သည် လေဖြတ်သူတစ်ဦးကို ထမ်းစင်ပေါ်တင်၍ ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်သောအခါ လေဖြတ်သူအား “ငါ့သား… မစိုးရိမ်နှင့်။ သင်၏အပြစ်များကို ခွင့်လွှတ်ပြီ” ဟု မိန့်တော်မူ၏။
3ထိုအခါ ကျမ်းတတ်ဆရာတချို့က “ဤသူသည် ဘုရားသခင်ကို စော်ကားပြောဆိုနေသည်” ဟု စိတ်ထဲ၌ တွေးတောနေကြ၏။
4ယေရှုသည် ထိုသူတို့၏ စိတ်ကိုသိမြင်တော်မူသဖြင့် “သင်တို့၏ စိတ်ထဲတွင် အဘယ်ကြောင့် မကောင်းသောအတွေးများကို တွေးတောနေကြသနည်း။ 5‘သင်၏အပြစ်များကို ခွင့်လွှတ်ပြီ’ ဟု ပြောရန် ပို၍ လွယ်ကူသလော။ သို့မဟုတ် ‘ထ၍ လမ်းလျှောက်လော့’ ဟု ပြောရန် ပို၍ လွယ်ကူသလော။ 6လူသား#9:6 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသော ဂုဏ်ပုဒ်ဖြစ်သည်။သည် ဤလောကတွင် အပြစ်လွှတ်ပိုင်သောအခွင့်အာဏာရှိကြောင်း သင်တို့ကို ငါသက်သေပြမည်” ဟု ဆိုကာ လေဖြတ်သူအား “ထလော့။ သင့်ထမ်းစင်ကို ယူ၍ အိမ်သို့ ပြန်လော့” ဟု မိန့်တော်မူ၏။
7ထိုသူသည်လည်း ထ၍ အိမ်သို့ ပြန်လေ၏။ 8ထိုအဖြစ်အပျက်ကို မြင်သော် လူထုပရိသတ်တို့သည် အလွန်ကြောက်ရွံ့ကြ၏။ ထိုကဲ့သို့သောအခွင့်အာဏာကို လူတို့အား ပေးတော်မူသည့် ဘုရားသခင်၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းကြ၏။
မဿဲကို ခေါ်ဖိတ်တော်မူခြင်း
9ယေရှုသည် ထိုအရပ်မှ ကြွသောအခါ မဿဲအမည်ရှိသောသူတစ်ဦးသည် အကောက်ခွန်ရုံးတွင် ထိုင်နေသည်ကို တွေ့မြင်တော်မူ၍ “ငါ့နောက်သို့ လိုက်၍ ငါ့တပည့်အဖြစ်ခံယူလော့” ဟု မိန့်တော်မူ၏။ သူသည် ထ၍ ယေရှုနောက်တော်သို့ လိုက်လေ၏။
10ထို့နောက် ယေရှုနှင့် တပည့်တော်တို့သည် မဿဲ၏အိမ်တွင် ညစာသုံးဆောင်ကြ၏။#9:10 မူရင်းဂရိကျမ်းတွင် “လျောင်းတော်မူစဉ်” ဟု တွေ့ရှိရသည်။ ပထမရာစုအရှေ့အလယ်ပိုင်း၌ အစာစားသုံးရာတွင် စားပွဲရှေ့၌ထိုင်၍ စားသုံးလေ့မရှိပါ။ ကြမ်းပြင်ပေါ်၌ အခြားတစ်ဦးအပေါ် မှီလျောင်း၍ စားပွဲကိုဦးတည်ကာ စားသောက်လေ့ရှိသည်။ ထိုနေရာ၌ အခွန်ကောက်သူများနှင့် အပြစ်သားများလည်း ပါကြ၏။ 11ထိုအရာကို ဖာရိရှဲတို့ မြင်သောအခါ ယေရှု၏ တပည့်တော်တို့အား “သင်တို့၏ ဆရာသည် အဘယ်ကြောင့် အခွန်ကောက်သူများ၊ အပြစ်သားများနှင့်အတူ စားသောက်သနည်း” ဟု မေးကြ၏။
12ထိုသို့မေးကြသည်ကို ယေရှုကြားတော်မူလျှင် “ကျန်းမာသောသူတို့သည် ဆရာဝန်ကိုမလိုအပ်ပါ။ ဖျားနာသောသူတို့သာလျှင် လိုအပ်ကြ၏။ 13‘ယဇ်ပူဇော်ခြင်းထက် သနားကြင်နာတတ်ခြင်းကို ငါပို၍အလိုရှိ၏’#9:13 ဟော ၆:၆။ ဟူသည့် ကျမ်းစကားကို သင်တို့ သွား၍ သင်ယူကြလော့။ ဖြောင့်မတ်သောသူတို့ကို နောင်တရစေရန်အတွက် ငါလာ၍ ခေါ်သည်မဟုတ်။ အပြစ်သားများကို နောင်တရစေရန်အတွက် လာ၍ ခေါ်သည်” ဟု မိန့်တော်မူ၏။
အစာရှောင်ခြင်းအကြောင်း ဆွေးနွေးခြင်း
14တစ်နေ့သောအခါ နှစ်ခြင်းဆရာယောဟန်၏ တပည့်များသည် ယေရှုထံသို့လာ၍ “အကျွန်ုပ်တို့နှင့် ဖာရိရှဲတို့သည် မကြာခဏ အစာရှောင်လေ့ရှိကြ၏။ သို့ရာတွင် ဆရာတော်၏တပည့်များသည် အဘယ်ကြောင့် အစာမရှောင်ဘဲနေကြသနည်း” ဟု မေးလျှောက်ကြ၏။
15ထိုအခါ ယေရှုက “သတို့သား၏ မိတ်ဆွေအပေါင်းအသင်းများသည် ထိုသတို့သားနှင့်အတူရှိနေစဉ် ဝမ်းနည်းပူဆွေးတတ်ကြသလော။ သို့သော်လည်း သတို့သားကို သူတို့ထံမှ ခေါ်ယူသွားမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
16ထို့ပြင် မည်သူမျှ အထည်ဟောင်းကို ပိတ်စသစ်ဖြင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ပိတ်စသစ်သည် ရုန်းသဖြင့် အထည်ဟောင်း၏စုတ်ပြဲရာအပေါက်သည် ပို၍ ကျယ်လိမ့်မည်။
17ထို့အတူ မည်သူမျှ စပျစ်ဝိုင်အသစ်ကို သားရေဘူးအဟောင်းထဲသို့ ထည့်လေ့မရှိကြ။ ထိုသို့ထည့်လျှင် စပျစ်ဝိုင်အသစ်သည် သားရေဘူးအဟောင်းကို ပေါက်ပြဲစေသဖြင့် စပျစ်ဝိုင်ယိုထွက်၍ သားရေဘူးလည်း ပျက်စီးလိမ့်မည်။ စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်တွင်သာ ထည့်ရ၏။ သို့မှသာ စပျစ်ဝိုင်နှင့် သားရေဘူး နှစ်မျိုးစလုံးကို ကြာရှည်စွာ ထိန်းသိမ်းနိုင်လိမ့်မည်” ဟု ထိုသူတို့အား မိန့်တော်မူ၏။
သွေးသွန်ရောဂါစွဲသောအမျိုးသမီးနှင့် သေရာမှ ပြန်ရှင်သောမိန်းကလေး
18ဤအရာများကို မိန့်တော်မူစဉ် ထိုအရပ်မှ ခေါင်းဆောင်တစ်ဦးသည် ယေရှုထံတော်သို့လာ၍ ခြေတော်ရင်း၌ ဝပ်တွားခယလျက် “အကျွန်ုပ်၏သမီးသည် ယခုပင် သေဆုံးပါ၏။ သို့သော်လည်း အရှင်သည်ကြွလာ၍ သူ့အပေါ်၌ လက်တော်ကို တင်ပါက သူသည် အသက်ရှင်ပါလိမ့်မည်” ဟု လျှောက်လေ၏။
19ထိုအခါ ယေရှုသည် တပည့်တော်တို့နှင့်တကွ ထိုသူနောက်သို့ လိုက်တော်မူ၏။ 20ထိုစဉ် ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲသော အမျိုးသမီးတစ်ဦးသည် ယေရှုနောက်တော်သို့ ချဉ်းကပ်၍ 21“သူ၏ဝတ်ရုံတော်ကိုမျှ တို့လျှင် ငါသည် ရောဂါပျောက်ကင်းလိမ့်မည်” ဟု စိတ်ထဲ၌ ရေရွတ်လျက် ဝတ်ရုံတော်၏အမြိတ်ကို တို့လေ၏။
22ယေရှုသည် လှည့်၍ ထိုအမျိုးသမီးကို မြင်တော်မူလျှင် “သမီး… မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။ ထိုအခါ ချက်ချင်းပင် ထိုအမျိုးသမီးသည် ရောဂါပျောက်ကင်းလေ၏။
23ထို့နောက် ယေရှုသည် ထိုခေါင်းဆောင်၏ အိမ်သို့ရောက်တော်မူလျှင် ဈာပနသီချင်းကိုတီးမှုတ်#9:23 မူရင်းဂရိကျမ်းတွင် “ပလွေမှုတ်သောသူများ” ဟု ဖော်ပြထားသည်။၍ ဆူညံလျက်ရှိသောလူအုပ်ကို တွေ့မြင်တော်မူ၏။ 24ထိုအခါ ကိုယ်တော်က “ထွက်သွားကြလော့။ ဤမိန်းကလေးသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်သည်” ဟု မိန့်တော်မူသော် ထိုသူတို့သည် ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။ 25သို့သော် ကိုယ်တော်သည် ထိုလူအုပ်ကို အပြင်သို့ ထွက်စေပြီးနောက် အထဲသို့ဝင်တော်မူ၍ မိန်းကလေး၏ လက်ကို ကိုင်တော်မူလျှင် ထိုမိန်းကလေးသည် ထလေ၏။ 26ဤသတင်းသည် ထိုနယ်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားလေ၏။
မျက်မမြင်တို့ကို မျက်စိမြင်စေတော်မူခြင်း
27ယေရှုသည် ထိုနေရာမှ ထွက်ကြွတော်မူစဉ် မျက်မမြင်နှစ်ယောက်က “ဒါဝိဒ်မင်း၏သားတော် ယေရှု၊ အကျွန်ုပ်တို့ကို သနားတော်မူပါ” ဟု ဟစ်အော်လျက် နောက်တော်သို့ လိုက်ကြ၏။
28ယေရှုသည် အိမ်ထဲသို့ဝင်တော်မူသောအခါ မျက်မမြင်နှစ်ယောက်သည် ကိုယ်တော်ထံသို့ လာကြ၏။ ယေရှုက “ငါသည်သင်တို့ကို မြင်စေနိုင်မည်ဟု ယုံကြည်ကြသလော” ဟူ၍ မေးတော်မူ၏။ သူတို့က “ယုံကြည်ပါ၏ သခင်” ဟု လျှောက်ကြ၏။
29ထို့နောက် သူတို့၏မျက်စိကို တို့ထိလျက် “သင်တို့၏ယုံကြည်မှုအတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ 30ထိုအခါ သူတို့သည် မျက်စိမြင်လာကြ၏။ ယေရှုက “ဤအကြောင်းကို မည်သူ့ကိုမျှ မသိစေနှင့်” ဟု တင်းကျပ်စွာ သတိပေးတော်မူ၏။ 31သို့သော်လည်း သူတို့သည် ထွက်သွား၍ ယေရှု၏သတင်းတော်ကို ထိုနယ်တစ်ခွင်လုံး၌ ပျံ့နှံ့စေကြ၏။
32ထိုသူတို့ ထွက်ခွာသွားကြပြီးနောက် လူတချို့သည် နတ်ဆိုးပူးသော ဆွံ့အသူတစ်ဦးကို ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ 33ယေရှုကလည်း နတ်ဆိုးကို နှင်ထုတ်တော်မူသဖြင့် ထိုဆွံ့အသူသည် စကားပြောလေ၏။ လူထုပရိသတ်တို့သည် အံ့ဩ၍ “အစ္စရေးလူမျိုးတွင် ဤကဲ့သို့သော အဖြစ်အပျက်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးပါ” ဟု ပြောဆိုကြ၏။
34သို့သော် ဖာရိရှဲတို့က “သူသည် နတ်ဆိုးများကို နှင်ထုတ်နိုင်ခြင်းမှာ နတ်ဆိုးမင်း၏တန်ခိုးကို ရရှိထားသောကြောင့်ဖြစ်သည်” ဟု ပြောဆိုကြ၏။
ရိတ်သိမ်းသူများ လိုအပ်ခြင်း
35ထို့နောက် ယေရှုသည် ထိုဒေသ၏ ရှိသမျှမြို့ရွာများသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် သွန်သင်လျက် နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့၏ အနာရောဂါအမျိုးမျိုးနှင့် ဖျားနာခြင်းအမျိုးမျိုးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။ 36ယေရှုသည် လူထုပရိသတ်တို့ကို မြင်တော်မူသောအခါ သူတို့ကို သနားကြင်နာသောစိတ် ရှိတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သိုးထိန်းမရှိသော သိုးများကဲ့သို့ အားကိုးရာမဲ့လျက် လမ်းပျောက်နေကြသောကြောင့်ဖြစ်၏။ 37ထိုအခါ တပည့်တော်တို့အား “ရိတ်သိမ်းရန် စပါးများစွာ ရှိသော်လည်း ရိတ်သိမ်းသူတို့သည် နည်းလှ၏။ 38ထို့ကြောင့် ရိတ်သိမ်းသူများကို လယ်သို့ စေလွှတ်ပေးရန် လယ်ရှင်ထံ တောင်းလျှောက်ကြလော့” ဟု မိန့်တော်မူ၏။
Tällä hetkellä valittuna:
မဿဲ 9: BCB
Korostus
Jaa
Kopioi
Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.