မဿဲ 17
17
အဆင်းသဏ္ဌာန်တော်ပြောင်းလဲခြင်း
1ခြောက်ရက် ကြာသော် ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီ ယောဟန်တို့ကို မြင့်မားသောတောင် တစ်တောင်ပေါ်သို့ သီးခြားခေါ်ဆောင်သွားတော်မူ၏။ 2ထိုအခါ သူတို့ရှေ့တွင် ယေရှု၏ အဆင်းသဏ္ဌာန်တော်ပြောင်းလဲလေ၏။ မျက်နှာတော်သည် နေကဲ့သို့ထွန်းလင်းပြီး အဝတ်တော်တို့သည် အလင်းကဲ့သို့ ဖြူလာ၏။ 3မောရှေနှင့် ဧလိယတို့သည် ပေါ်လာ၍ ကိုယ်တော်နှင့် စကားပြောနေကြ၏။
4ထိုအခါ ပေတရုက “သခင်… ဤနေရာတွင် အကျွန်ုပ်တို့ရှိနေသည်မှာ ကောင်းပေ၏။ သခင် အလိုရှိပါက သခင့်အတွက် တဲတစ်ဆောင်၊ မောရှေအတွက် တစ်ဆောင်၊ ဧလိယအတွက် တစ်ဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်ဆောက်ပါမည်” ဟု လျှောက်လေ၏။
5ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။ 6တပည့်တော်တို့သည် ထိုအသံတော်ကို ကြားသောအခါ အလွန်အမင်းကြောက်ရွံ့၍ မြေပေါ်တွင် ပျပ်ဝပ်ကြ၏။
7ထိုအခါ ယေရှုသည် ကြွလာတော်မူ၍ သူတို့အား လက်တော်နှင့်တို့ထိကာ “ထကြ။ မကြောက်ကြနှင့်” ဟု မိန့်တော်မူ၏။ 8သူတို့သည် မော့ကြည့်သောအခါ ယေရှုမှလွဲ၍ မည်သူ့ကိုမျှ မမြင်ကြတော့ပေ။
9တောင်ပေါ်မှ ဆင်းလာကြစဉ် ယေရှုက “လူသား#17:9 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသောဂုဏ်ပုဒ်ဖြစ်သည်။သည် သေခြင်းမှ မထမြောက်မီအထိ သင်တို့မြင်တွေ့ခဲ့ရသော ရူပါရုံကို မည်သူ့ကိုမျှ မပြောကြနှင့်” ဟု သူတို့အား မှာကြားတော်မူ၏။
10ထိုအခါ တပည့်တော်တို့က “ဧလိယသည် ခရစ်တော်#17:10 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏ အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။ထက် စော၍ ကြွလာမည်ဟူ၍ ကျမ်းတတ်ဆရာများက အဘယ်ကြောင့်ပြောဆိုကြသနည်း” ဟု ယေရှုအား မေးလျှောက်ကြ၏။
11ယေရှုက “ဧလိယသည် အမှန်တကယ်လာ၍ အရာအားလုံးကို ပြန်လည်တည်ထောင်လိမ့်မည်။ 12သင်တို့အား ငါပြောဆိုသည်မှာ ဧလိယသည် ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့သည် သူ့ကို မသိကြဘဲ သူ့အပေါ် ပြုလိုသမျှပြုခဲ့ကြ၏။ ထိုနည်းတူ လူသားသည်လည်း သူတို့လက်အောက်တွင် ဒုက္ခခံရမည်” ဟု မိန့်တော်မူ၏။ 13ထိုအခါ တပည့်တော်တို့သည် ယေရှုမိန့်တော်မူသော ဧလိယဆိုသည်မှာ နှစ်ခြင်းဆရာယောဟန်ကို ရည်ညွှန်းကြောင်း သဘောပေါက်ကြ၏။
နတ်ဆိုးပူးသော သူငယ်တစ်ဦးကို ကျန်းမာစေတော်မူခြင်း
14ယေရှုနှင့် တပည့်တော်တို့သည် လူထုပရိသတ်ရှိရာသို့ရောက်ကြသောအခါ လူတစ်ဦးသည် ကိုယ်တော်ထံသို့ချဉ်းကပ်၍ ဒူးထောက်လျက် 15“သခင်… အကျွန်ုပ်၏သားကို သနားတော်မူပါ။ သူသည် ဝက်ရူးပြန်ရောဂါစွဲကပ်၍ ဝေဒနာပြင်းထန်စွာ ခံစားနေရပါ၏။ မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း မကြာခဏကျတတ်ပါ၏။ 16သူ့ကို ကိုယ်တော်၏တပည့်တော်များထံ ခေါ်ဆောင်လာခဲ့သော်လည်း သူတို့သည် မကျန်းမာစေနိုင်ကြပါ” ဟု လျှောက်၏။
17ယေရှုက “အို ယုံကြည်ခြင်းမဲ့၍ ဖောက်ပြန်သောအမျိုး… ငါသည် သင်တို့နှင့် မည်မျှကြာကြာ အတူနေရမည်နည်း။ ငါသည် သင်တို့ကို မည်မျှကြာကြာ သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံ ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။ 18ထို့နောက် ယေရှုသည် နတ်ဆိုးကို ဆုံးမသဖြင့် နတ်ဆိုးသည် သူငယ်အထဲမှ ထွက်သွား၏။ ထိုခဏချင်းတွင် သူငယ်သည် ကျန်းမာလာ၏။
19ထိုအခါ တပည့်တော်တို့သည် ယေရှုထံတော်သို့ သီးခြားချဉ်းကပ်၍ “အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်သနည်း” ဟု မေးလျှောက်ကြ၏။
20ယေရှုက “သင်တို့၏ ယုံကြည်ခြင်းသည် အားနည်းသောကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆို၏။ သင်တို့တွင် မုန်ညင်းစေ့ခန့်မျှသော ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ ဟု ဆိုလျှင် ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိပါက သင်တို့မတတ်နိုင်သောအရာမရှိ။ 21သို့သော် ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့်သာလျှင် ဤနတ်ဆိုးမျိုးကို နှင်ထုတ်နိုင်သည်#17:21 အချို့လက်ရေးမူကျမ်းများတွင် ဤအပိုဒ်ငယ်မပါဝင်ပါ။” ဟု မိန့်တော်မူ၏။
အသေခံတော်မူမည့်အကြောင်းကို ထပ်မံ၍ ကြိုတင်ဟောတော်မူခြင်း
22ယေရှုနှင့် တပည့်တော်တို့သည် ဂါလိလဲပြည်တွင် အတူစုဝေးနေကြစဉ် ယေရှုက “လူသားသည် လူတို့လက်သို့ အပ်နှံခံရလိမ့်မည်။ 23သူတို့သည် လူသားကို သတ်ကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည် အလွန်ဝမ်းနည်းကြ၏။
ဗိမာန်တော်ခွန်ပေးဆောင်ခြင်း
24ထို့နောက် ကပေရနောင်မြို့သို့ ရောက်ကြသောအခါ ဗိမာန်တော်အတွက်အခွန်#17:24 မူရင်းဂရိကျမ်းတွင် “ဒရက်မာနှစ်ပြား” ဟု ဖော်ပြထားသည်။ တစ်ဒရက်မာသည် တစ်နေ့တာလုပ်အားခနှင့်ညီမျှသည်။ကောက်ခံသူတို့က ပေတရုထံသို့ လာ၍ “သင်တို့၏ ဆရာသည် ဗိမာန်တော်ခွန်ပေးဆောင်သလော” ဟု မေးမြန်းကြ၏။
25ပေတရုက “ပေးဆောင်ပါသည်” ဟု ဖြေကာ အိမ်သို့ဝင်လေ၏။ ထိုအခါ ပေတရုမလျှောက်မီ ယေရှုက ကြိုတင်၍ “ပေတရု#17:25 မူရင်းဂရိကျမ်းတွင် “ရှိမုန်” ဟု ဖော်ပြထားသည်။… ဤအကြောင်းကို သင်မည်သို့ထင်သနည်း။ လောကီရှင်ဘုရင်တို့သည် အခွန်အကောက်များကို မည်သူ့ထံမှ ကောက်ခံကြသနည်း။ မိမိတို့၏နိုင်ငံသားထံမှလော၊ သို့မဟုတ် အခြားသူများထံမှလော” ဟု မေးတော်မူ၏။
26ပေတရုက “အခြားသူများထံမှ ကောက်ခံပါသည်” ဟု လျှောက်သော် ယေရှုက “ထိုသို့ဆိုလျှင် နိုင်ငံသားတို့သည် ကင်းလွတ်ခွင့်ရကြ၏။ 27သို့သော်လည်း သူတို့စိတ်အနှောင့်အယှက်မဖြစ်စေရန် အိုင်သို့ သွား၍ ငါးမျှားလော့။ အဦးဆုံးရသောငါးကို ယူ၍ ပါးစပ်ကို ဖွင့်လျှင် ငွေဒင်္ဂါးတစ်ပြား#17:27 မူရင်းဂရိကျမ်းတွင် ဂရိနိုင်ငံသုံး “ငွေကြေး စတာတဲ” ဟု ပါရှိသည်။ ၎င်းသည် ဒရက်မာလေးပြား၏တန်ဖိုးနှင့် ညီမျှသည်။ တစ်ဒရက်မာသည် တစ်နေ့တာလုပ်အားခနှင့်ညီမျှသည်။ကို တွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါနှင့် သင့်အတွက် အခွန်ကို ပေးဆောင်လော့” ဟု မိန့်တော်မူ၏။
Tällä hetkellä valittuna:
မဿဲ 17: BCB
Korostus
Jaa
Kopioi
Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.