မဿဲ 15
15
အတွင်းစိတ် စင်ကြယ်ခြင်းအကြောင်း သွန်သင်တော်မူခြင်း
1ထိုအခါ ဂျေရုဆလင်မြို့မှ ဖာရိရှဲနှင့် ကျမ်းတတ်ဆရာတချို့သည် ယေရှုထံတော်သို့ လာ၍ 2“သင်၏တပည့်တို့သည် ရှေးလူကြီးများ၏ ဓလေ့ထုံးတမ်းကို အဘယ်ကြောင့် ချိုးဖောက်ကြသနည်း။ သူတို့သည် အစာမစားမီ ဂျူးဓလေ့ထုံးတမ်းအရလက်ဆေးခြင်းအစဉ်အလာကို မလိုက်နာဘဲ စားကြသည်” ဟု ဆိုကြ၏။
3ယေရှုက “သင်တို့သည်လည်း သင်တို့၏ ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ ပညတ်တော်ကို အဘယ်ကြောင့် ချိုးဖောက်ကြသနည်း။ 4ဘုရားသခင်က ‘မိဘကို ရိုသေလော့။#15:4 ထွ ၂၀:၁၂၊ တရား ၅:၁၆။ မိဘကို ကျိန်ဆဲသောသူသည် အမှန်သေရမည်’#15:4 ထွ ၂၁:၁၇၊ ဝတ် ၂၀:၉။ ဟု မိန့်တော်မူ၏။ 5သို့ရာတွင် သင်တို့ကမူ ‘မိဘအား ထောက်ပံ့ရန် ပစ္စည်းရှိသော်လည်း ထိုပစ္စည်းကို ဘုရားသခင်အား လှူဒါန်းပြီးဖြစ်ပါက သူတို့ကို ထောက်ပံ့ရန် မလိုတော့’ ဟု သွန်သင်ကြ၏။ 6ဤနည်းဖြင့် သင်တို့သည် မိဘကို ရိုသေရန် မလိုအပ်ကြောင်း လူတို့အား သွန်သင်ကြ၏။ သင်တို့သည် သင်တို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ကြ၏။ 7သူတော်ကောင်းယောင်ဆောင်သူတို့… သင်တို့အကြောင်းကို ဟေရှာယက
8‘ဤသူတို့သည် ငါ့ကို နှုတ်ဖြင့် ရိုသေကြ၏။
သို့သော် သူတို့၏ စိတ်နှလုံးမှာမူ ငါနှင့် ဝေးကွာလှ၏။
9သူတို့သည် လူ့စည်းမျဉ်းတို့ကို ဘုရားသခင်ထံမှလာသော သွန်သင်ချက်များအဖြစ် သွန်သင်ကြ၏။
သို့ဖြစ်၍ ငါ့ကို သူတို့ကိုးကွယ်ကြသည်မှာ အချည်းနှီးဖြစ်၏’#15:9 ဟေရှာ ၂၉:၁၃။
ဟူ၍ ကြိုတင်ဟောသည်မှာ မှန်လှ၏” ဟု မိန့်တော်မူ၏။
10ထို့နောက် ယေရှုသည် လူထုပရိသတ်ကို ခေါ်၍ “ငါ့စကားကို သင်တို့နားထောင်၍ နားလည်ရန်ကြိုးစားကြလော့။ 11ခံတွင်းသို့ ဝင်သောအရာသည် လူကို ညစ်ညမ်းစေသည်မဟုတ်ပါ။ သို့သော် ခံတွင်းမှ ထွက်လာသောအရာသည်သာ လူကို ညစ်ညမ်းစေ၏” ဟု မိန့်တော်မူ၏။
12ထိုအခါ တပည့်တော်တို့သည် ချဉ်းကပ်၍ “ကိုယ်တော်မိန့်တော်မူသောစကားကို ကြားသောအခါ ဖာရိရှဲတို့သည် မကျေမနပ်ဖြစ်ကြသည်ကို သိတော်မူသလော” ဟု လျှောက်ကြ၏။
13ယေရှုက “ကောင်းကင်ဘုံရှင် ငါ၏ခမည်းတော် မစိုက်ပျိုးသောအပင်ရှိသမျှတို့သည် အမြစ်မှနုတ်ယူခြင်းခံရလိမ့်မည်။ 14သူတို့ဘာသာ ရှိပါစေ။ ထိုသူတို့သည် မျက်မမြင်တို့ကို လမ်းပြသောမျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တစ်ဦးကို လမ်းပြပါက နှစ်ဦးလုံး တွင်းထဲသို့ကျလိမ့်မည်” ဟု မိန့်တော်မူ၏။
15ထိုအခါ ပေတရုက “ခံတွင်းသို့ ဝင်သောအရာသည် လူကို ညစ်ညမ်းစေသည်မဟုတ်ပါဟူသည့် ပုံဥပမာစကားကို အကျွန်ုပ်တို့အား ရှင်းပြတော်မူပါ” ဟု လျှောက်လေ၏။
16ထိုအခါ ယေရှုက “သင်တို့သည်လည်း နားမလည်ဘဲ ရှိနေကြသေးသလော။ 17ခံတွင်းသို့ ဝင်သမျှသောအရာသည် ဝမ်းထဲသို့ရောက်၍ ရေအိမ်သို့စွန့်ရသည်ကို နားမလည်သလော။ 18သို့သော် ခံတွင်းမှ ထွက်သောစကားသည် စိတ်နှလုံးမှ ထွက်လာသဖြင့် လူကို ညစ်ညမ်းစေ၏။ 19ဆိုးညစ်သောကြံစည်ခြင်း၊ လူသတ်ခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ခိုးခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်း၊ စော်ကားပြောဆိုခြင်း စသည်တို့သည် စိတ်နှလုံးမှ ထွက်လာ၏။ 20ဤအရာများသည်သာ လူကိုညစ်ညမ်းစေ၏။ လက်မဆေးဘဲအစာစားခြင်းသည် မညစ်ညမ်းစေပါ” ဟု မိန့်တော်မူ၏။
လူမျိုးခြားအမျိုးသမီးတစ်ဦး၏ ယုံကြည်ခြင်း
21ယေရှုသည် ဂါလိလဲပြည်မှ ထွက်ခွာ၍ တိုင်ရာမြို့နှင့် ဆီဒုန်မြို့တို့၏ အရပ်ဒေသများသို့ ကြွတော်မူ၏။ 22ထိုအခါ ထိုဒေသတွင်နေထိုင်သော လူမျိုးခြားအမျိုးသမီးတစ်ဦးသည်#15:22 မူရင်းဂရိကျမ်းတွင် “ခါနာန်အမျိုးသမီး” ဟု ဖော်ပြထားသည်။ အထံတော်သို့လာ၍ “အို သခင်… ဒါဝိဒ်မင်း၏သားတော်… ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူးသဖြင့် နတ်ဆိုးနှိပ်စက်ခြင်းကို ခံနေရပါသည်” ဟု အော်ဟစ်၍ လျှောက်လေ၏။
23သို့သော်လည်း ယေရှုသည် သူ့အား စကားတစ်ခွန်းမျှ တုံ့ပြန်တော်မမူဘဲ နေတော်မူ၏။ ထိုအခါ တပည့်တော်တို့သည် ယေရှုထံတော်သို့ချဉ်းကပ်၍ “ဤအမျိုးသမီးအား ပြန်စေတော်မူပါ။ သူသည် အကျွန်ုပ်တို့နောက်မှ လိုက်ကာ အော်ဟစ်၍ အနှောင့်အယှက်ဖြစ်စေပါသည်” ဟု လျှောက်ကြ၏။
24ထိုအခါ ယေရှုက ထိုအမျိုးသမီးအား “ငါသည် ဘုရားသခင်၏ ပျောက်သောသိုးများဖြစ်သည့် အစ္စရေးလူမျိုးထံသို့သာ စေလွှတ်ခြင်းခံရသည်” ဟု မိန့်တော်မူ၏။
25သို့သော် ထိုအမျိုးသမီးသည် ရှေ့တော်မှောက်သို့ချဉ်းကပ်၍ ဝပ်တွားခယလျက် “သခင်… ကျွန်မကို ကယ်တော်မူပါ” ဟု လျှောက်လေ၏။
26ယေရှုက “သားသမီးတို့၏ မုန့်ကိုယူ၍ ခွေးများအား ချမကျွေးသင့်” ဟု တုံ့ပြန်တော်မူ၏။
27အမျိုးသမီးက “မှန်ပါသည် သခင်။ သို့သော်လည်း ခွေးများပင်လျှင် သူတို့သခင်၏စားပွဲမှ ကျသောစားကြွင်းစားကျန်ကို စားခွင့်ရပါသည်” ဟု လျှောက်လေ၏။
28ထိုအခါ ယေရှုက “အို အမျိုးသမီး… သင်သည် ယုံကြည်ခြင်းအားကြီးလှ၏။ သင့်ဆန္ဒရှိသည့်အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထိုအချိန်တွင်ပင် ထိုအမျိုးသမီး၏ သမီးသည် ကျန်းမာလာလေ၏။
လူများစွာကို ကျန်းမာစေတော်မူခြင်း
29ယေရှုသည် ထိုဒေသမှ ထွက်ခွာတော်မူပြီးလျှင် ဂါလိလဲအိုင်နားသို့ ရောက်သော် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။ 30လူထုကြီးသည် ကိုယ်တော်ထံသို့လာ၍ ခြေမသန်သူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများ၊ ဆွံ့အသူများနှင့် အခြားမကျန်းမာသူများစွာကို ခေါ်ဆောင်လာကာ ခြေတော်ရင်းတွင် ထားကြ၏။ ယေရှုသည်လည်း သူတို့အား ကျန်းမာစေတော်မူ၏။ 31လူထုကြီးသည် ဆွံ့အသူများ စကားပြောကြသည်ကိုလည်းကောင်း၊ မသန်စွမ်းသူများ ပကတိအတိုင်းဖြစ်လာကြသည်ကိုလည်းကောင်း၊ ခြေမသန်သူများ လမ်းလျှောက်နိုင်သွားကြသည်ကိုလည်းကောင်း၊ မျက်မမြင်များ မြင်ကြရသည်ကိုလည်းကောင်း မြင်တွေ့သောအခါ အံ့အားသင့်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ကို ချီးမွမ်းကြ၏။
လူလေးထောင်ကို ကျွေးမွေးတော်မူခြင်း
32ထိုအခါ ယေရှုသည် တပည့်တော်တို့ကို ခေါ်၍ “ဤလူတို့ကို ငါသနား၏။ သူတို့သည် သုံးရက်တိုင်တိုင် ငါနှင့်အတူ ရှိကြပြီ။ သူတို့ထံ၌ မည်သည့်စားစရာမျှ မရှိ။ လမ်းတွင် အားပြတ်မည်ကိုစိုးရိမ်ရသောကြောင့် သူတို့ကို စားစရာမကျွေးဘဲ မပြန်စေလိုပါ” ဟု မိန့်တော်မူ၏။
33တပည့်တော်တို့က “ဤမျှလောက်များသောလူတို့အား ဝလင်စွာကျွေးမွေးရန် စားစရာကို ဤတောကန္တာရတွင် မည်သို့ရနိုင်မည်နည်း” ဟု လျှောက်ကြ၏။
34ယေရှုက “သင်တို့တွင် မုန့်မည်မျှရှိသနည်း” ဟု မေးတော်မူသော် “မုန့်ခုနစ်လုံးနှင့် ငါးကလေးအနည်းငယ်ရှိပါသည်” ဟု လျှောက်ကြ၏။
35ထိုအခါ ယေရှုက လူထုပရိသတ်တို့အား မြေပေါ်တွင် ထိုင်ရန် ညွှန်ကြားတော်မူ၏။ 36ထို့နောက် မုန့်ခုနစ်လုံးနှင့် ငါးများကို ယူလျက် ကျေးဇူးတော်ချီးမွမ်းပြီးလျှင် ချိုးဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ပေးဝေကြ၏။
37လူတိုင်း ဝလင်စွာ စားကြပြီးနောက် ကြွင်းကျန်သည့် အကျိုးအပဲ့များကို တောင်းထဲသို့ ကောက်သိမ်းရာ ခုနစ်တောင်းအပြည့်ရကြ၏။ 38စားကြသောသူအရေအတွက်မှာ အမျိုးသမီးများနှင့် ကလေးများကို မရေတွက်ဘဲ အမျိုးသားလေးထောင်ရှိ၏။ 39ထို့နောက် ယေရှုသည် လူထုကို ပြန်စေတော်မူပြီးနောက် လှေစီးကာ မာဂဒါလနယ်သို့ ကြွတော်မူလေ၏။
Tällä hetkellä valittuna:
မဿဲ 15: BCB
Korostus
Jaa
Kopioi
Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.