ယောဟန် 14
14
လမ်းခရီး၊ သမ္မာတရားနှင့် အသက်
1ယေရှုက “သင်တို့စိတ်မပူပန်ကြနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ 2ငါ့ခမည်းတော်၏ အိမ်တော်တွင် နေစရာအခန်းများစွာ ရှိ၏။ ထိုသို့ မရှိလျှင် ငါသည် သင်တို့နေရမည့်နေရာကို သွား၍ ပြင်ဆင်မည်ဟု ပြောမည်လော။ 3ငါသည် သွား၍ သင်တို့အတွက် နေစရာပြင်ဆင်ပြီးလျှင် ပြန်လာကာ ငါရှိရာအရပ်၌ သင်တို့လည်း ရှိနိုင်ရန်အတွက် သင်တို့ကို ခေါ်ဆောင်မည်။ 4ငါသွားရာအရပ်သို့ ရောက်သော လမ်းခရီးကို သင်တို့သိကြ၏” ဟု မိန့်တော်မူ၏။
5သောမက “သခင်… အကျွန်ုပ်တို့မသိပါ။ သခင်သည် အဘယ်အရပ်သို့ သွားမည်ကို အကျွန်ုပ်တို့မသိသောကြောင့် လမ်းခရီးကိုလည်း မည်သို့သိနိုင်ပါမည်နည်း” ဟု လျှောက်၏။
6ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။ 7သင်တို့သည် ငါ့ကို သိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့်မည်။ ယခုမှ စ၍ သင်တို့သည် ခမည်းတော်ကို သိ၍ မြင်ကြပြီ” ဟု မိန့်တော်မူ၏။
8ဖိလိပ္ပုက “သခင်… ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ပြတော်မူလျှင် အကျွန်ုပ်တို့ စိတ်ကျေနပ်မှုရပါလိမ့်မည်” ဟု လျှောက်၏။
9ယေရှုက “ဖိလိပ္ပု… ငါသည် သင်နှင့်အတူ အမြဲရှိနေခဲ့ပါလျက်နှင့် ငါမည်သူဖြစ်သည်ကို ယခုတိုင်အောင် မသိသေးသလော။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏။ သို့ဖြစ်လျှင် သင်သည် ခမည်းတော်ကို အကျွန်ုပ်တို့အား ပြပါဟု အဘယ်ကြောင့်ဆိုသနည်း။ 10ငါသည် ခမည်းတော်၌ တည်၍ ခမည်းတော်သည် ငါ၌ တည်သည်ကို သင်မယုံသလော။ သင်တို့ကို ငါပြောသောစကားတို့သည် ငါ့ဆန္ဒအတိုင်း ပြောသောစကားများ မဟုတ်။ ငါ၌တည်သော ခမည်းတော်သည် သူ၏ အမှုတော်များကို ငါ့အားဖြင့် လုပ်ဆောင်တော်မူခြင်းသာ ဖြစ်၏။ 11ငါသည် ခမည်းတော်၌ တည်၍ ခမည်းတော်သည် ငါ၌ တည်နေသည်ကို ယုံကြလော့။ သို့မဟုတ်လျှင်လည်း ငါပြုသောအမှုတို့ကို ထောက်၍ ယုံကြလော့။
12သင်တို့အား ငါအမှန် ဆိုသည်မှာ ငါ့ကို ယုံကြည်သောသူသည် ငါပြုသော အမှုတို့ကို ပြုလိမ့်မည်။ ထိုထက် ပို၍ကြီးသောအမှုတို့ကိုပင် ပြုလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်သောကြောင့်ပင်။ 13ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းကြီးတော်မူစေရန် ငါ၏အမည်နာမကို အမှီပြု၍ သင်တို့တောင်းလျှောက်လျှင် တောင်းလျှောက်သမျှကို ငါပေးမည်။ 14သင်တို့သည် ငါ့အမည်နာမကို အမှီပြု၍ မည်သည့်အရာကိုမဆို တောင်းလျှင် တောင်းသည့်အတိုင်း ငါပေးမည်။
သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်မည်ဟူသော ကတိတော်
15သင်တို့သည် ငါ့ကို ချစ်လျှင် ငါ့ပညတ်တို့ကို လိုက်နာကြလိမ့်မည်။ 16ငါသည် ခမည်းတော်ထံ တောင်းလျှောက်သဖြင့် ခမည်းတော်သည် သင်တို့အား ကူညီမစမည့် အခြားအရှင်တစ်ပါးကို#14:16 မူရင်းဂရိကျမ်းတွင် “နှစ်သိမ့်မှုပေးသူ” ဟု ဖော်ပြထားသည်။ စေလွှတ်တော်မူလိမ့်မည်။ ထိုအရှင်သည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိလိမ့်မည်။ 17ထိုအရှင်သည် သမ္မာတရားကို ဖော်ပြသည့်သန့်ရှင်းသောဝိညာဉ်တော် ဖြစ်၏။ လောကီသားတို့သည် ထိုဝိညာဉ်တော်ကို မြင်လည်းမမြင်၊ သိလည်းမသိသောကြောင့် မခံယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူ တည်နေသည်သာမက သင်တို့အထဲ၌ ရှိနေမည်ဖြစ်သောကြောင့် ထိုအရှင်ကို သင်တို့သိကြ၏။ 18ငါသည် သင်တို့ကို မိဘမဲ့အဖြစ် မစွန့်ပစ်။ သင်တို့ထံသို့ ငါလာဦးမည်။ 19မကြာမီအချိန်တွင် လောကီသားတို့သည် ငါ့ကို မြင်ကြရတော့မည်မဟုတ်။ သို့သော် သင်တို့သည် ငါ့ကို မြင်ကြရလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။ 20ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ တည်၍ ငါသည်လည်း သင်တို့၌ တည်သည်ကိုလည်းကောင်း ငါအသက်ပြန်၍ ရှင်သောနေ့၌ သင်တို့သိကြလိမ့်မည်။ 21ငါ့ပညတ်ကို လိုက်နာသောသူသည် ငါ့ကို ချစ်သောသူဖြစ်၏။ ထိုသူသည် ငါ့ကို ချစ်သောကြောင့် ငါ့ခမည်းတော်သည် သူ့ကို ချစ်လိမ့်မည်။ ငါသည်လည်း သူ့ကို ချစ်၍ သူ့ကို ကိုယ်ထင်ပြတော်မူမည်” ဟု မိန့်တော်မူ၏။
22ယုဒရှကာရုတ် မဟုတ်သော အခြားယုဒက ကိုယ်တော်အား “သခင်… သခင်သည် အကျွန်ုပ်တို့ကိုသာ ကိုယ်ထင်ပြ၍ လောကီသားတို့ကို အဘယ်ကြောင့် ကိုယ်ထင်မပြဘဲ နေတော်မူမည်နည်း” ဟု လျှောက်၏။
23ယေရှုက “ငါ့ကို ချစ်သောသူသည် ငါ့စကားကို လိုက်နာလိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကို ချစ်လိမ့်မည်။ ငါ့ခမည်းတော်နှင့် ငါသည်လည်း ထိုသူထံသို့ လာ၍ သူနှင့်အတူ နေထိုင်မည်။ 24ငါ့ကို မချစ်သောသူသည် ငါ့စကားကို နာခံလိမ့်မည်မဟုတ်။ သင်တို့ကြားသောစကားတို့သည် ငါ့စကား မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောခမည်းတော်၏ စကားဖြစ်၏။ 25ငါသည် သင်တို့နှင့်အတူ ရှိနေစဉ်အခါ ဤအရာများကို ပြောခဲ့ပြီ။ 26သို့ရာတွင် ခမည်းတော်သည် ငါ့ကိုယ်စား#14:26 မူရင်းဂရိကျမ်းတွင် “ငါ့အမည်နာမ၌” ဟု ဖော်ပြထားသည်။ ကူညီမစတော်မူသောအရှင်ဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်တော်မူသောအခါ ထိုအရှင်သည် သင်တို့အား အရာအားလုံး သွန်သင်၍ ငါပြောခဲ့သမျှကို ပြန်လည်သတိရစေတော်မူလိမ့်မည်။
27ငြိမ်းချမ်းခြင်းကို သင်တို့အတွက် ငါထားခဲ့၏။ ငါ၏ ငြိမ်းချမ်းခြင်းကို သင်တို့အား ငါပေး၏။ သင်တို့အား ငါပေးသောငြိမ်းချမ်းခြင်းသည် လောကီသားတို့ မပေးနိုင်သော ဆုလာဘ်ဖြစ်၏။ ထို့ကြောင့် စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။ 28‘ယခု ငါသွားမည်။ သို့သော် သင်တို့ထံသို့ ပြန်လာဦးမည်’ ဟူ၍ ငါပြောခဲ့သောစကားကို သင်တို့ကြားခဲ့ပြီ။ သင်တို့သည် ငါ့ကို အမှန်တကယ်ချစ်လျှင် ငါ့ထက် ပို၍ ကြီးမြတ်သောခမည်းတော်ထံသို့ ငါသွားသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။ 29ထိုအခြင်းအရာများ ဖြစ်ပျက်လာသောအခါ သင်တို့ယုံကြည်ကြစေရန် မဖြစ်ပျက်မီကပင် ကြိုတင်၍ သင်တို့ကို ယခုငါပြောထားနှင့်ပြီ။
30ဤလောကီကို အုပ်ချုပ်သောမင်း ရောက်လာတော့မည်ဖြစ်သောကြောင့် ငါသည် သင်တို့နှင့် ပြောဆိုရန် အချိန်များစွာ မရှိတော့ပေ။ ထိုမင်းသည် ငါ့အပေါ် ကြီးစိုးရန် မည်သည့်အာဏာမျှ မရှိ။ 31ငါသည် ခမည်းတော်ကိုချစ်ကြောင်း လောကီသားတို့သိစေရန် ခမည်းတော်မှာကြားတော်မူသည့်အတိုင်း ဆောင်ရွက်မည်။ လာကြ၊ သွားကြစို့” ဟု မိန့်တော်မူ၏။
Tällä hetkellä valittuna:
ယောဟန် 14: BCB
Korostus
Jaa
Kopioi
Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.