ယောဟန် 1

1
ထာဝရ​တည်သော​နှုတ်ကပတ်တော်
1နှုတ်ကပတ်တော်​သည် အစဦး​ကပင် ရှိတော်မူခဲ့၏။
ထို​နှုတ်ကပတ်တော်​သည် ဘုရားသခင်​နှင့်အတူ ရှိတော်မူ၏။
နှုတ်ကပတ်တော်​သည်လည်း ဘုရားသခင်​ဖြစ်တော်မူ၏။
2နှုတ်ကပတ်တော်​သည် အစဦး​၌ ဘုရားသခင်​နှင့်အတူ ရှိတော်မူ၏။
3ဘုရားသခင်​သည် ထို​နှုတ်ကပတ်တော်​အားဖြင့် အရာ​အားလုံး​ကို ဖန်ဆင်းတော်မူ၏။
ထိုသို့​ဖန်ဆင်းတော်မူခြင်း​နှင့် ကင်းလွတ်သော​အရာ တစ်စုံတစ်ခု​မျှ မရှိပေ။
4ထို​နှုတ်ကပတ်တော်​သည် ရှိသမျှသော​ဖန်ဆင်းခံတို့​အား အသက်​ကို ပေးတော်မူ၏။
ထို​အသက်​သည် လူအပေါင်းတို့​အတွက် အလင်း​ဖြစ်၏။
5ထို​အလင်း​သည် အမှောင်ထု​၌ ထွန်းလင်း​၍
အမှောင်ထု​သည် အလင်း​ကို မဖုံးလွှမ်းနိုင်ချေ။
6ဘုရားသခင်​သည် လူတစ်ဦး​ကို စေလွှတ်တော်မူ၏။ ထို​သူ​၏ အမည်​မှာ ယောဟန်​ဖြစ်၏။ 7သူ​သည် အလင်းရှင်​အကြောင်း​ကို သက်သေခံ​ရန် လာ၏။ ဤသို့ သက်သေခံခြင်း​မှာ လူအပေါင်းတို့​သည် ထို​အလင်းရှင်​ကို ယုံကြည်လာ​စေရန်​ဖြစ်၏။ 8သူ​သည် အလင်းရှင်​မဟုတ်ချေ။ အလင်းရှင်​အကြောင်း​ကို ပြောသော သက်သေခံ​မျှသာ​ဖြစ်၏။ 9စစ်မှန်သော​အလင်းရှင်​မှာမူ ဤ​ကမ္ဘာလောက​သို့ ကြွလာ​၍ လူ​အပေါင်းတို့​ကို အလင်း​ပေးတော်မူသော​အရှင်​ဖြစ်၏။
10ထို​အရှင်​သည် မိမိ​ဖန်ဆင်း​တော်မူခဲ့သော​ကမ္ဘာလောက​သို့ ကြွလာ၏။ သို့သော်လည်း ကမ္ဘာလောကသားတို့​သည် ထို​အရှင်​ကို မသိကြပေ။ 11ထို​အရှင်​သည် မိမိ​လူမျိုးများ​ထံသို့ ကြွလာ​သော်လည်း မိမိ​လူမျိုးများ​က ထို​အရှင်​ကို လက်မခံကြပေ။ 12သို့ရာတွင် ထို​အရှင်​သည် မိမိ​ကို​ယုံကြည်​၍ လက်ခံ​သမျှသော​သူတို့​ကို ဘုရားသခင်​၏ သားသမီးများ​ဖြစ်ခွင့် ပေးတော်မူ၏။ 13ထို​သူတို့​သည် လူ့​သဘာဝ​အရ မွေးဖွားလာသူများ မဟုတ်။ သွေးသားဆန္ဒ​အရ မွေးဖွားလာသူများ မဟုတ်။ လူ့​အလိုဆန္ဒ​အရ မွေးဖွားလာသူများ မဟုတ်။ ဘုရားသခင်​က မွေးဖွားစေတော်မူသော​သူများ​ဖြစ်ကြ၏။
14နှုတ်ကပတ်တော်​သည် လူသား#1:14 “လူ” မူရင်း​ဂရိကျမ်း​တွင် “အသား” ဟု ဖော်ပြထားသည်။​အဖြစ် ခံယူ​၍ ကျေးဇူးတော်၊ သစ္စာတော်​တို့​နှင့် ပြည့်ဝ​လျက် ကျွန်ုပ်တို့​လူသားများ​အကြား​တွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့​သည်လည်း ထို​အရှင်​၏ ဘုန်းတော်​ကို ဖူးမြင်ကြရ၏။ ထို​ဘုန်းတော်​သည် ခမည်းတော်​၏ တစ်ပါးတည်းသော​သားတော်​အဖြစ် ခံယူရရှိသော​ဘုန်းတော်​ဖြစ်၏။
15ယောဟန်​သည် ထို​အရှင်​၏​အကြောင်းကို သက်သေခံ​၍ ကြွေးကြော်ခဲ့သည်​မှာ “ ‘ငါ့​နောက်​တွင် ကြွလာမည့်​အရှင်​သည် ငါ​မမွေး​မီ​ကပင် ရှိနှင့်​သောကြောင့် ငါ့​ထက် ပို​၍​ကြီးမြတ်သည်’ ဟု ငါ​ပြောခဲ့ဖူးသည့်​အရှင်​သည် ထို​အရှင်​ပင် ဖြစ်သည်” ဟူ၍​ဖြစ်၏။
16ကျွန်ုပ်တို့​အားလုံး​သည် ထို​အရှင်​၏ ပြည့်စုံကြွယ်ဝခြင်း​မှ ကျေးဇူး​တစ်ခု​အပေါ် တစ်ခု​ဆင့်​၍ ခံစားခွင့်​ရကြပြီ။ 17အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ပညတ်တရား​ကို မောရှေ​အားဖြင့် ပေးတော်မူ​သောကြောင့်​ဖြစ်၏။ သို့သော် ကျေးဇူးတရား​နှင့် သစ္စာတရား​ကို ယေရှု​ခရစ်တော်#1:17 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​အားဖြင့် ပေးတော်မူ၏။ 18ဘုရားသခင်​ကို မည်သူ​မျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်​၏ ရင်ခွင်တော်​၌ ရှိသည့် တစ်ပါးတည်းသော​သားတော်​သည် ဘုရားသခင်​ကို ကျွန်ုပ်တို့​သိမြင်​နိုင်ရန် ဖော်ပြတော်မူပြီ။
နှစ်ခြင်းဆရာ​ယောဟန်​၏ သက်သေ
19ဂျူး​ခေါင်းဆောင်တို့​သည် ယဇ်ပုရောဟိတ်များ​နှင့် လေဝိမျိုးနွယ်များ​ကို ဂျေရုဆလင်မြို့​မှ ယောဟန်​ထံသို့ စေလွှတ်​၍ “သင်​သည် မည်သူနည်း” ဟု မေးမြန်းစေ၏။ ထိုအခါ ယောဟန်​က ဤသို့ သက်သေခံ၏။ 20သူ​က “ငါ​သည် ခရစ်တော်​မဟုတ်” ဟူ၍ မကွယ်ဝှက်ဘဲ အတိအလင်း​ပြောဆို၏။
21ထို​သူတို့​က “သို့ဖြစ်လျှင် သင်​သည် မည်သူနည်း။ ဧလိယ​လော” ဟု မေးကြ၏။
ယောဟန်​က “မဟုတ်ပါ” ဟု ဖြေ၏။
သူတို့​က “သင်​သည် ငါတို့​စောင့်မျှော်နေသော​ပရောဖက်​လော” ဟု မေးကြပြန်​လျှင် ယောဟန်​က “မဟုတ်ပါ” ဟု ဖြေပြန်၏။
22ထို​သူတို့​ကလည်း “ဤသို့​ဆိုလျှင် သင်​သည် မည်သူနည်း။ ငါတို့​ကို စေလွှတ်သော​သူတို့​အား အဖြေ​တစ်စုံတစ်ခု​ပေးရမည်။ သို့ဖြစ်၍ သင့်ကိုယ်​သင် မည်သူ​ဟု ဆိုပါမည်နည်း” ဟု မေးမြန်းကြ၏။
23ယောဟန်​က “ငါ​သည် ပရောဖက်​ဟေရှာယ ဟောသည့်​အတိုင်း
‘ထာဝရဘုရား​၏ လမ်းခရီးတော်​ကို ဖြောင့်ဖြူး​အောင် ပြုပြင်ကြလော့’#1:23 ဟေရှာ ၄၀:၃။ ဟူ၍
တောကန္တာရ​တွင် ကြွေးကြော်သော​သူ​၏​အသံ ဖြစ်၏”
ဟု ဆိုလေ၏။
24ထိုအခါ စေလွှတ်ခံရသော ထို​ဖာရိရှဲတို့​က 25“သင်​သည် ခရစ်တော်​လည်း​မဟုတ်၊ ဧလိယ​လည်း​မဟုတ်၊ ထို​ပရောဖက်​လည်း​မဟုတ်​လျှင် အဘယ်ကြောင့် နှစ်ခြင်းမင်္ဂလာ​ပေးသနည်း” ဟု မေးကြပြန်၏။
26ယောဟန်​က “ငါ​သည် ရေ​၌ နှစ်ခြင်းမင်္ဂလာ​ပေး၏။ သို့သော်လည်း ဤ​လူအုပ်​ထဲ​၌ သင်တို့​မသိသော အရှင်​တစ်ပါး​ရှိ၏။ 27ထို​အရှင်​သည် ငါ့​နောက်တွင် ကြွလာမည့်​အရှင်​ဖြစ်​သော်လည်း ထို​အရှင်​၏ ဖိနပ်ကြိုး​ကို ဖြေ​ရန်​ပင် ငါ​သည် မထိုက်တန်ပါ” ဟု ဆို၏။
28ဤ​အဖြစ်အပျက်​သည် ယောဟန်​နှစ်ခြင်းမင်္ဂလာ​ပေး​လျက်​ရှိသော ဂျော်ဒန်မြစ်​တစ်ဖက်ကမ်း ဗေသနိရွာ​တွင် ဖြစ်ပျက်ခဲ့၏။
ဘုရားသခင်​၏​သိုးသငယ်​ယေရှု
29နောက်​တစ်နေ့​တွင် မိမိ​ထံသို့ ယေရှု​ကြွလာသည်​ကို မြင်​သောအခါ ယောဟန်​က “ဤ​ကမ္ဘာလောက​၏ အပြစ်​ကို ချေဖျက်သော ဘုရားသခင်​၏ သိုးသငယ်တော်​ကို ကြည့်လော့။ 30‘ငါ့​နောက်​တွင် ကြွလာမည့်​အရှင်​သည် ငါ​မမွေးဖွား​မီ​ကပင် ရှိနှင့်​သောကြောင့် ငါ့​ထက် သာ​၍​ကြီးမြတ်သည်’ ဟူ၍ ငါ​ပြောခဲ့ဖူးသည့်​အရှင်​မှာ ထို​အရှင်​ပင် ဖြစ်၏။ 31ထို​အရှင်​သည် ခရစ်တော်​ဖြစ်ကြောင်း ယခင်က ငါ​မသိခဲ့။ သို့သော်လည်း ထို​အရှင်​ကို အစ္စရေးလူမျိုးများ​သိရှိလာ​စေရန် ငါ​သည် ရေ​ဖြင့် နှစ်ခြင်းမင်္ဂလာ​ကို ပေးရခြင်း​ဖြစ်သည်” ဟု ဆို၏။
32ထို့နောက် ယောဟန်​က “သန့်ရှင်းသော​ဝိညာဉ်တော်​သည် ချိုးငှက်​အသွင်ဆောင်​လျက် ကောင်းကင်​မှ ဆင်းသက်​၍ ထို​အရှင်​အပေါ်​၌ နားတော်မူသည်​ကို ငါ​မြင်ရ၏။ 33ထို​အရှင်​ကို ယခင်က ငါ​မသိခဲ့။ သို့သော်လည်း ရေ​ဖြင့်​နှစ်ခြင်းမင်္ဂလာ​ပေး​ရန် ငါ့​ကို စေလွှတ်တော်မူသော​ဘုရားသခင်​က ‘တစ်စုံတစ်ဦး​အပေါ်​သို့ ဝိညာဉ်တော်​ဆင်းသက်​၍ နားတော်မူသည်​ကို သင်​မြင်​လျှင် ထို​သူ​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၌ နှစ်ခြင်းမင်္ဂလာ​ပေးသော​သူ​ဖြစ်သည်’ ဟု ငါ့​ကို မိန့်တော်မူ၏။ 34မိန့်တော်မူသည့်​အတိုင်း ဖြစ်ပျက်သည်​ကို ငါ​မြင်​သောကြောင့် ထို​အရှင်​သည် ဘုရားသခင်​၏ သားတော်​ဖြစ်ကြောင်း ငါ​သက်သေခံသည်” ဟု ဆိုလေ၏။
ပထမဦးဆုံးသော​တပည့်တော်များ
35နောက်​တစ်နေ့​တွင် ယောဟန်​သည် မိမိ​၏​တပည့်​နှစ်ဦး​နှင့်အတူ ရပ်နေ၏။ 36ယေရှု​ကြွလာတော်မူသည်​ကို ကြည့်ပြီး​လျှင် ယောဟန်​က “ဘုရားသခင်​၏ သိုးသငယ်တော်​ကို ကြည့်လော့” ဟု ဆို၏။ 37ယောဟန်​၏ တပည့်​နှစ်ဦး​တို့​သည် ထို​စကား​ကို ကြား​သော် ယေရှု​နောက်တော်​သို့ လိုက်ကြ၏။
38ယေရှု​သည် လှည့်ကြည့်​၍ ထို​သူတို့​လိုက်လာကြသည်​ကို မြင်တော်မူ​လျှင် “မည်သည့်​အရာ​ကို အလိုရှိ​သနည်း” ဟု မေးတော်မူ၏။ ထို​သူတို့​က “ရဗ္ဗိ… ကိုယ်တော်​သည် အဘယ်မှာ နေတော်မူပါသနည်း” ဟု မေးလျှောက်ကြ၏။ (ရဗ္ဗိ​၏ အဓိပ္ပာယ်​မှာ ဆရာ​ဖြစ်၏။)
39ယေရှု​က “လာ​၍ ကြည့်ကြလော့” ဟု မိန့်တော်မူ၏။ ထို​သူတို့​သည် လိုက်သွားကြ​လျှင် ယေရှု​နေထိုင်တော်မူသည့်​အရပ်​ကို တွေ့မြင်ကြ၏။ ထို​အချိန်​သည် မွန်းလွဲ လေးနာရီ​အချိန်​ခန့်#1:39 မူရင်း​ဂရိကျမ်း​မှ တိုက်ရိုက်​ပြန်ဆို​လျှင် “ဒသမ​နာရီ” ဖြစ်သည်။ ဂျူးလူမျိုးများ​သည် အချိန်နာရီ​ကို နံနက်​ခြောက်​နာရီ​မှ စတင်​၍ ရေတွက်​သောကြောင့် “ဒသမ​နာရီ” ဟု ဆိုရာ​တွင် ညနေ​လေးနာရီ​ကို ဆိုလိုခြင်း​ဖြစ်သည်။​ဖြစ်​၍ ထို​နေ့​တွင် ယေရှု​ထံတော်​၌ နေကြ၏။
40ယောဟန်​၏ စကား​ကို ကြား​၍ ယေရှု​နောက်တော်​သို့​လိုက်သွားသော တပည့်​နှစ်ဦး​အနက် တစ်ဦး​မှာ ရှိမုန်​ပေတရု​၏​ညီ အန္ဒြေ​ဖြစ်၏။ 41သူ​သည် အစ်ကို​ဖြစ်သူ ပေတရု​ကို ဦးစွာ​ရှာ​၍ “မေရှိယ#1:41 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​ကို ငါ​တို့ တွေ့မြင်ပြီ” ဟု ဆို၏။ (မေရှိယ​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ” ဖြစ်၏။)
42ထို့နောက် သူ​သည် ပေတရု​ကို ယေရှု​ထံတော်သို့ ခေါ်လာ၏။ ယေရှု​က ပေတရု​ကို စူးစိုက်​ကြည့်ပြီး​လျှင် “သင်​သည် ယောဟန်​၏​သား ရှိမုန်​ဖြစ်၏။ သို့သော် သင့်​ကို ကေဖ​ဟူ၍ ခေါ်ရ​လိမ့်မည်” ဟု မိန့်တော်မူ၏။ (ကေဖ​၏ အဓိပ္ပာယ်​မှာ ကျောက်​ဖြစ်၏။#1:42 ကေဖ​သည် အာရမိတ်​အမည်​ဖြစ်ပြီး ပေတရု​သည် ဂရိ​အမည်​ဖြစ်သည်။ ထို​နာမည်​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ကျောက်” ဖြစ်သည်။)
43နောက်​တစ်နေ့​တွင် ယေရှု​သည် ဂါလိလဲပြည်​သို့ ကြွ​ရန် ဆုံးဖြတ်တော်မူ၏။ ထိုအခါ ဖိလိပ္ပု​ကို တွေ့တော်မူ​သဖြင့် ကိုယ်တော်​က “ငါ့​နောက်သို့​လိုက်လော့” ဟု မိန့်တော်မူ၏။ 44ဖိလိပ္ပု​သည် ဗက်ဇဲဒမြို့သား​ဖြစ်၏။ ထို​ဗက်ဇဲဒမြို့​သည် အန္ဒြေ​နှင့် ပေတရု​တို့​၏ ဇာတိမြို့​လည်း​ဖြစ်၏။
45ဖိလိပ္ပု​သည် နာသနေလ​ကို တွေ့​လျှင် “မောရှေ​၏ ပညတ်ကျမ်း​နှင့် ပရောဖက်ကျမ်းများ​၌ ရေးသား​ဖော်ပြထားသော​သူ​ကို ငါတို့​တွေ့ပြီ။ ထို​သူ​သည် ယောသပ်​၏​သား၊ နာဇရက်မြို့​တွင် နေထိုင်သော​ယေရှု​ဖြစ်၏” ဟု ပြော၏။
46နာသနေလ​က “နာဇရက်မြို့​မှ ကောင်းသော​အရာ​တစ်စုံတစ်ခု ထွက်ပေါ်​နိုင်မည်လော” ဟု ဆို​သဖြင့် ဖိလိပ္ပု​က “လာ​၍​ကြည့်ပါ” ဟု ဆိုလေ၏။
47မိမိ​ထံသို့ နာသနေလ​ချဉ်းကပ်လာသည်​ကို မြင်တော်မူ​သောအခါ ယေရှု​က “ရိုးသားလှသော အစ္စရေး​အမျိုးသား​စစ်စစ်​ကို ကြည့်ကြလော့” ဟု မိန့်တော်မူ၏။
48နာသနေလ​က “အရှင်​သည်​အကျွန်ုပ်​ကို မည်သို့​သိတော်မူသနည်း” ဟု မေးလျှောက်လေ၏။
ယေရှု​ကလည်း “သင့်​ကို ဖိလိပ္ပု မခေါ်​မီ သင်​သည် သဖန်းပင်​အောက်​၌ ရှိနေ​စဉ် သင့်​ကို ငါ​မြင်၏” ဟု ပြန်​၍​မိန့်တော်မူ၏။
49ထိုအခါ နာသနေလ​က “ဆရာတော်#1:49 မူရင်း​ဂရိကျမ်း​တွင် “ရဗ္ဗိ” ဟု ဖော်ပြထားသည်။… ဆရာတော်​သည် ဘုရားသခင်​၏ သားတော်​ဖြစ်တော်မူ၏၊ အစ္စရေးတို့​၏ ရှင်ဘုရင်​လည်း ဖြစ်တော်မူ၏” ဟု လျှောက်၏။
50ယေရှု​ကလည်း “သဖန်းပင်​အောက်​၌ သင့်​ကို ငါ​မြင်သည်​ဟု ပြော​သောကြောင့် ယုံကြည်သလော။ ဤ​ထက်​ကြီးမြတ်သော အခြင်းအရာများ​ကို သင်​မြင်ရ​လိမ့်မည်” ဟု မိန့်တော်မူ၏။ 51ထို့နောက် “သင်တို့​အား ငါ​အမှန်​ဆို၏။ ကောင်းကင်​ပွင့်​၍ ဘုရားသခင်​၏ ကောင်းကင်တမန်များ​သည် ကောင်းကင်​နှင့်​မြေကြီး​အကြား လှေကား​သဖွယ်​ဖြစ်သော​လူသား​အပေါ်​တွင် ဆင်း​လျက်​တက်​လျက် နေကြသည်​ကို သင်တို့​မြင်ကြရ​လိမ့်မည်” ဟု မိန့်တော်မူ၏။

Tällä hetkellä valittuna:

ယောဟန် 1: BCB

Korostus

Jaa

Kopioi

None

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään