ရှင်ယောဟန် 14
14
1သင်တို့၌နှလုံးမသာမရှိကြနှင့်။ ဘုရားသခင်ကိုယုံကြည်၍ ငါ့ကိုလည်းယုံကြည်ကြလော့။ 2ငါ့ခမည်းတော်ဘုံဗိမာန်တော်တွင် နေထိုင်ရာအများရှိ၏။ မရှိခဲ့လျှင် သင်တို့နေရာဌာနကိုပြင်ဆင်ရန် ငါသွားသည်ဟုဆိုမည်လော။ 3ထိုသို့သွား၍ သင်တို့နေရာဌာနကိုပြင်ဆင်သော် ငါ့စံရာ၌ရှိနေကြစေရန် တစ်ဖန်လာ၍ သင်တို့ကိုသိမ်းဆည်းမည်။ 4ငါသွားရာသို့ရောက်သောလမ်းကို သင်တို့သိကြသည်ဟု မိန့်တော်မူလျှင်၊ 5သောမက အရှင်ဘုရား၊ မည်သည့်အရပ်သို့ကြွတော်မူမည်ကို တပည့်တော်တို့မသိဘဲလျက် လမ်းကို မည်သို့သိကြပါအံ့နည်းဟုလျှောက်ရာ၊ 6ယေရှုက ငါသည် မဂ်လမ်း၊ သမ္မာတရား၊ ဇီဝအသက်ဖြစ်၏။ ငါ့အားဖြင့်မှတစ်ပါး မည်သူမျှခမည်းတော်ထံမရောက်နိုင်။ 7သင်တို့သည်ငါ့ကိုသိခဲ့လျှင် ငါ့ခမည်းတော်ကိုလည်းသိကြလေပြီ။ ယခုမှစ၍ကိုယ်တော်ကိုသိကျွမ်းဖူးမြင်ရကြလေပြီဟု မိန့်တော်မူ၏။ 8ဖိလိပ္ပုကလည်း အရှင်ဘုရား၊ ခမည်းတော်ကိုတပည့်တော်တို့အားပြတော်မူပါ။ စိတ်ကျေနပ်ကြပါလိမ့်မည်ဟု လျှောက်သည့်ကာလ၊ 9ယေရှုက အချင်းဖိလိပ္ပု၊ ငါသည်သင်တို့နှင့်ဤမျှကြာနေထိုင်ပြီးဖြစ်လျက် ငါ့ကိုမသိလော။ ငါ့ကိုဖူးမြင်သူသည် ခမည်းတော်ကိုဖူးမြင်လေပြီ။ သို့ဖြစ်၍ ခမည်းတော်ကိုပြတော်မူပါဟူ၍ မည်သို့သင်ဆိုဘိသနည်း။ 10ခမည်းတော်၌ ငါတည်သည်ကိုလည်းကောင်း၊ ငါ၌ခမည်းတော်တည်သည်ကိုလည်းကောင်း၊ သင်မယုံလော။ ငါဟောသောဒေသနာကို ကိုယ့်အလိုအလျောက်ဟောခြင်းမပြု။ ငါ၌ကိန်းဝပ်တော်မူသောခမည်းတော်သည် ကိုယ့်အမှုတော်များကိုပြုတော်မူ၏။ 11ခမည်းတော်၌ငါတည်သည်ကိုလည်းကောင်း၊ ငါ၌ခမည်းတော်တည်သည်ကိုလည်းကောင်း၊ ငါ့ကိုထောက်၍ယုံကြလော့။ သို့မဟုတ် အမှုတော်များကိုထောက်၍ယုံကြလော့။ 12ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည်ငါပြုသောအမှုများကိုလည်းကောင်း၊ ထိုထက်ကြီးမြတ်သောအမှုများကိုလည်းကောင်း၊ ပြုရလိမ့်မည်။ 13အသို့ဆိုသော် ငါသည်ခမည်းတော်ထံသွား၍ငါ့နာမ၌သင်တို့တောင်းလျှောက်သမျှကို သားတော်အားဖြင့် ခမည်းတော့်ဘုန်းထင်ရှားစေရန်ငါပြုမည်။ 14ငါ့နာမ၌ မည်သည့်အရာကိုမဆိုငါ့ထံသင်တို့တောင်းလျှောက်လျှင် ငါပြုမည်။ 15သင်တို့သည်ငါ့ကိုချစ်လျှင် ငါ့ပညတ်များကိုစောင့်ရှောက်ကြလိမ့်မည်။ 16-17ငါလည်း ခမည်းတော်ထံ တောင်းလျှောက်၍ သင်တို့နှင့်အစဉ်တည်နေစေရန် သမ္မာတရားဆိုင်ရာဝိညာဉ်တော်တည်းဟူသော အမှုဆောင်တစ်ပါးကို သနားတော်မူလိမ့်မည်။ ထိုဝိညာဉ်တော်ကို ဤလောကသားတို့သည်မမြင်မသိသောကြောင့် မခံမယူနိုင်ကြ။ သင်တို့မူကား သင်တို့နှင့်ကိန်းဝပ်၍အတွင်း၌ တည်နေတော်မူမည်ဖြစ်သောကြောင့် သိရကြသတည်း။ 18ငါသည် သင်တို့ကိုခိုကိုးရာမဲ့ပစ်ထားမည်မဟုတ်။ သင်တို့ထံငါလာဦးမည်။ 19ခဏမျှကြာသော် ဤလောကသားတို့သည်ငါ့ကိုမြင်ရတော့မည်မဟုတ်။ သင်တို့မူကား ငါအသက်ရှင်သည့်အတိုင်းရှင်ကြလတ္တံ့သောကြောင့် မြင်ရကြလိမ့်မည်။ 20ထိုနေ့ရက်ကာလတွင် ခမည်းတော်၌ငါတည်သည်ကိုလည်းကောင်း၊ ငါ၌သင်တို့တည်ကြသည်ကိုလည်းကောင်း၊ သင်တို့၌ ငါတည်သည်ကိုလည်းကောင်း၊ သင်တို့သိကြလိမ့်မည်။ 21ငါ့ပညတ်များကိုရ၍စောင့်ရှောက်သူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူ့အား ငါ့ခမည်းတော်မေတ္တာသက်တော်မူသည့်ပြင် ငါလည်းမေတ္တာသက်၍ ထင်ရှားမည်ဟုမိန့်တော်မူ၏။ 22ထိုအခါ ယုဒဣရှကာရုတ်မဟုတ်၊ အခြားယုဒက အရှင်ဘုရား၊ ကိုယ်တော်သည်တပည့်တော်တို့အား ထင်ရှား၍ လောကသားတို့အားမထင်ရှားမည်မှာ မည်သည့်အဖြစ်အပျက်ကြောင့်ပါနည်းဟုမေးလျှောက်သော်၊ 23ယေရှုက မည်သူမဆိုငါ့ကိုချစ်လျှင် ငါ့တရားကိုစောင့်ရှောက်လိမ့်မည်။ ငါ့ခမည်းတော်လည်း ထိုသူ့ကိုမေတ္တာသက်တော်မူ၍ သူ့ထံငါတို့ကြွပြီးလျှင်အတူကိန်းဝပ်မည်။ 24ငါ့ကိုမချစ်သောသူမူကား ငါ့တရားကိုမစောင့်ရှောက်တတ်။ သင်တို့ကြားရသောတရားမှာ ငါ့တရားမဟုတ်။ စေလွှတ်တော်မူလိုက်သောခမည်းတော်၏တရားတော်တည်း။
25ငါသည် သင်တို့နှင့်ရှိနေစဉ် ထိုသို့ဟောခဲ့ပြီ။ 26ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော အမှုဆောင်လည်း သင်တို့အားစုံလင်စွာသွန်သင်လျက် ငါဟောခဲ့သမျှကို သတိရစေတော်မူလိမ့်မည်။ 27ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ 28ငါသည်ထွက်သွားပြီးလျှင်လာဦးမည်ဟူ၍ ငါပြောသည်ကို သင်တို့ကြားကြပြီ။ သင်တို့သည်ငါ့ကိုချစ်ခဲ့လျှင် ငါ့ထက်ခမည်းတော်ကြီးမြတ်သောကြောင့်ခမည်းတော်ထံ ငါသွားသည်ကိုထောက်၍ ဝမ်းမြောက်ကြလေပြီ။ 29ထိုသို့ဖြစ်ပျက်သည့်ကာလ၊ သင်တို့ယုံကြည်ကြစေရန် ယခုကငါပြောဆိုနှင့်ခဲ့ပြီ။ 30လောကမင်းလာပြီဖြစ်သောကြောင့် သင်တို့နှင့် ငါများစွာပြောဆိုတော့မည်မဟုတ်။ 31ငါ၌ ထိုမင်းမည်သို့မျှမတတ်နိုင်သော်လည်း ခမည်းတော်ကိုငါချစ်ကြောင်း၊ ခမည်းတော်ပညတ်တော်မူသည့်အတိုင်းငါလိုက်နာကြောင်းများကို ဤလောကသားတို့သိစေခြင်းငှါဖြစ်မည်။ ထကြ။ ဤမှသွားကြကုန်အံ့။
Tällä hetkellä valittuna:
ရှင်ယောဟန် 14: GHB
Korostus
Jaa
Kopioi
Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään
Garrad Holy Bible © Bible Society of Myanmar, 1928.