ဗျာဒိတ်ကျမ်း 3

3
သာဒိအသင်းတော်အတွက်သတင်းစကား
1 သာဒိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ ဘုရားသခင်​၏​ဝိညာဉ်​ခုနစ်​ပါး​နှင့် ကြယ်​ခုနစ်​လုံး​ရှိ​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။ သင်​၏​လုပ်ဆောင်​မှု​များ​ကို ငါ​သိ​၏။ သင်​သည် အသက်ရှင်​နေ​သည်​ဟု နာမည်​ခံ​ထား​သော်လည်း သေ​သော​သူ​ဖြစ်​၏။ 2သတိ​နှင့်​စောင့်​နေ​လော့။ သေ​လုနီးပါး​ဖြစ်​နေ​သည့် ကျန်​ရှိ​သော​သူ​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​လော့။ အကြောင်းမူကား သင်​၏​လုပ်ဆောင်​မှု​များ​သည် ငါ​၏​ဘုရားသခင်​ရှေ့​တော်​၌ ပြည့်စုံ​သည်​ဟူ၍ ငါ​မ​တွေ့​ရ​ပေ။ 3ထို့ကြောင့် သင်​သည် မည်သို့​ခံယူ​၍ ကြားနာ​ခဲ့​သည်​ကို သတိရ​လျက် ထို​အရာ​တို့​ကို​စောင့်ထိန်း​လော့။ နောင်တရ​လော့။ သင်​သည် သတိ​နှင့်​စောင့်​နေ​ခြင်း​မ​ရှိ​ပါက သူခိုး​ကဲ့သို့ ငါ​လာ​မည်​ဖြစ်၍ မည်သည့်​အချိန်​၌ သင့်​ထံသို့​ငါ​လာ​မည်​ကို သင်​လုံးဝ​သိ​လိမ့်မည်​မ​ဟုတ်။
4 သို့သော် သာဒိ​မြို့​၌ မိမိ​တို့​အဝတ်​ကို​မ​ညစ်ညူး​စေ​သော​သူ အနည်းငယ်​ရှိ​၏။ ထို​သူ​တို့​သည် ထိုက်တန်​သော​သူ​များ​ဖြစ်​သောကြောင့် ဖြူ​သော​အဝတ်​ကို​ဝတ်​လျက် ငါ​နှင့်အတူ​သွားလာ​ရ​ကြ​လိမ့်မည်။ 5အောင်မြင်​သော​သူ​သည် ထိုကဲ့သို့​ပင် ဖြူ​သော​ဝတ်ရုံ​ကို​ဝတ်ဆင်​ရ​လိမ့်မည်။ ငါ​သည်​လည်း သူ​၏​နာမည်​ကို အသက်​စာစောင်​မှ လုံးဝ​ပယ်ဖျက်​မည်​မ​ဟုတ်။ ငါ​သည် သူ​၏​နာမည်​ကို ငါ့​ခမည်းတော်​ရှေ့​၌​လည်းကောင်း၊ ကိုယ်တော်​၏​ကောင်းကင်​တမန်​များ​ရှေ့​၌​လည်းကောင်း ဝန်ခံ​မည်။ 6ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။
ဖိလဒေလဖိအသင်းတော်အတွက် သတင်းစကား
7 ဖိလဒေလဖိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ သန့်ရှင်း​သော​သူ၊ ဖြောင့်မှန်​သော​သူ၊ ဒါဝိဒ်​၏​သော့​ကို​ကိုင်​ထား​သော​သူ၊ မည်သူမျှ​မ​ပိတ်​နိုင်​အောင်​ဖွင့်​သော​သူ၊ မည်သူမျှ​မ​ဖွင့်​နိုင်​အောင်​ပိတ်​သော​သူ​က # ဟေရှာ 22:22။ ဤသို့​မိန့်​တော်မူ​၏။ 8သင်​၏​လုပ်ဆောင်​မှု​များ​ကို ငါ​သိ​၏။ ကြည့်ရှု​လော့။ မည်သူမျှ​မ​ပိတ်​နိုင်​သော​တံခါး​ကို သင်​၏​ရှေ့​၌ ငါ​ဖွင့်​ထား​ပြီ။ အကြောင်းမူကား သင်​သည် ခွန်အား​အနည်းငယ်​သာ​ရှိ​သော်လည်း ငါ​၏​နှုတ်ကပတ်တရား​ကို​လိုက်နာ​စောင့်ထိန်း​၍ ငါ​၏​နာမ​ကို​မ​ငြင်းပယ်​ခဲ့​ချေ။ 9ကြည့်ရှု​လော့။ မိမိတို့ကိုယ်ကို ဂျူး​လူမျိုး​ဖြစ်​သည်​ဟု​ဆို​ကြ​သော်လည်း ဂျူး​လူမျိုး​မ​ဟုတ်​ဘဲ စာတန်​၏​အသင်းဝင်​များ​ဖြစ်​ကြ​သည့် လိမ်လည်​ပြောဆို​သော​သူ​တို့​ကို သင်​၏​ခြေရင်း​၌ လာ​၍​ရှိခိုး​စေ​ကာ ငါ​သည် သင်​တို့​ကို​ချစ်​ကြောင်း သူ​တို့​အား​သိ​စေ​မည်။ 10သင်​သည် သည်းခံ​ခြင်း​နှင့်ဆိုင်သော ငါ​၏​နှုတ်ကပတ်တရား​ကို လိုက်နာ​စောင့်ထိန်း​သောကြောင့် ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​ကြ​သော​သူ​တို့​ကို စမ်းသပ်​စစ်ဆေး​ရန်​အတွက် ကမ္ဘာ​တစ်ခုလုံး​အပေါ်သို့ သက်ရောက်​လာ​တော့မည့် စမ်းသပ်​စစ်ဆေး​ရာ​ကာလ​တွင် ငါ​သည်​လည်း သင့်​ကို​စောင့်ရှောက်​မည်။
11 ငါ​သည် အလျင်အမြန်​လာ​မည်။ # ဗျာ 2:16၊ 22:7,12,20။ သင်​၏​သရဖူ​ကို မည်သူမျှ​မ​လုယူ​စေရန် သင်​၌​ရှိ​သော​အရာ​ကို စွဲကိုင်​ထား​လော့။ 12ငါ​သည် အောင်မြင်​သော​သူ​အား ငါ့​ဘုရားသခင်​၏​ဗိမာန်​တော်​၌ တိုင်​ဖြစ်​စေ​မည်။ သူ​သည် မည်သည့်​အခါ​မျှ အပြင်​သို့​ထွက်ခွာ​သွား​ရ​တော့​မည်​မ​ဟုတ်။ ငါ​သည် ငါ့​ဘုရားသခင်​၏​နာမ​တော်​ကို​လည်းကောင်း၊ ငါ့​ဘုရားသခင်​၏​မြို့​တော်​တည်းဟူသော ဘုရားသခင်​အထံ​တော်​ကောင်းကင်​မှ​ဆင်းသက်​လာ​သည့် ဂျေရုဆလင်​မြို့​သစ်​၏​နာမ​ကို​လည်းကောင်း၊ ငါ​၏​နာမ​အသစ်​ကို​လည်းကောင်း သူ့​အပေါ်၌​ရေး​ထား​မည်။ 13ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။
လောဒိကိအသင်းတော်အတွက် သတင်းစကား
14 လောဒိကိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အာမင်​ဖြစ်​သော​သူ၊ သစ္စာ​ရှိ​သည့် ဖြောင့်မှန်​သော​သက်သေ၊ ဘုရားသခင်​၏​ဖန်ဆင်း​တော်မူ​ခြင်း​တွင် အစအဦး​ဖြစ်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။ 15သင်​၏​လုပ်ဆောင်​မှု​များ​ကို ငါ​သိ​၏။ သင်​သည် အအေး​လည်း​မ​ဟုတ်၊ အပူ​လည်း​မ​ဟုတ်။ ငါ​သည် သင့်​အား အအေး​၊ သို့မဟုတ် အပူ​တစ်ခုခု​ဖြစ်​စေ​လို​၏။ 16သင်​သည် ဤသို့ အပူ​လည်း​မ​ဟုတ်၊ အအေး​လည်း​မ​ဟုတ်၊ မ​ပူ​မ​အေး​ဖြစ်​နေ​သောကြောင့် သင့်​ကို ငါ့​ခံတွင်း​ထဲမှ ထွေးထုတ်​တော့မည်။ 17သင်​က ‘ငါ​သည် ချမ်းသာ​၍​ကြွယ်ဝ​သောကြောင့် မည်သည့်​လိုအပ်​ချက်​မျှ​မ​ရှိဟု ဆို​နေ​၏။ သို့သော် သင်​သည် အလွန်​စိတ်ပျက်​ဖွယ်​ကောင်း​သော​သူ၊ သနား​စရာ​ကောင်း​သော​သူ၊ ဆင်းရဲ​သော​သူ၊ မျက်စိ​မ​မြင်​သော​သူ​နှင့် အဝတ်မပါ​အချည်းစည်း​ဖြစ်​သော​သူ​ဖြစ်​ကြောင်း​ကို သင်​မ​သိ။ 18သင်​သည် ချမ်းသာ​လာ​စေရန် မီး​ဖြင့်​ချွတ်​၍​သန့်စင်​ထား​သော​ရွှေ​ကို​လည်းကောင်း၊ သင်​၏​အဝတ်​အချည်းစည်း​ဖြစ်​ခြင်း​အရှက်​ကို​မ​ပေါ်​စေရန် သင်​ဝတ်​ဖို့ ဖြူ​သော​ဝတ်ရုံ​ကို​လည်းကောင်း၊ သင်​၏​မျက်စိ​ပြန်​မြင်​စေရန် မျက်စိ​ခတ်​ဖို့ မျက်စဉ်း​ကို​လည်းကောင်း ငါ့​ထံမှ​ဝယ်ယူ​ရန် သင့်​အား ငါ​အကြံပေး​၏။
19 ငါ​သည် ငါ​ချစ်​သမျှ​သော​သူ​တို့​၏​အပြစ်​ကို​ဖော်ပြ​၍ ဆုံးမ​ပဲ့ပြင်​တတ်​၏။ # ဟေဗြဲ 12:6၊ ယောဘ 5:17၊ သု 3:11-12။ ထို့ကြောင့် စိတ်အားထက်သန်​ခြင်း​ရှိ​၍ နောင်တရ​လော့။ 20ကြည့်ရှု​လော့။ ငါ​သည် တံခါး​ရှေ့မှာ​ရပ်​၍ ခေါက်​လျက်​နေ​၏။ မည်သူ​မဆို ငါ့​အသံ​ကို​ကြား​၍ တံခါး​ကို​ဖွင့်​လျှင် ထို​သူ​ရှိ​ရာ​သို့ ငါ​ဝင်​ပြီး သူ​နှင့်အတူ​စားသောက်​မည်။ သူ​သည်​လည်း ငါ​နှင့်အတူ​စားသောက်​ရ​လိမ့်မည်။
21 ငါ​သည် အောင်မြင်​၍ ငါ့​ခမည်းတော်​နှင့်အတူ ခမည်းတော်​၏​ပလ္လင်​ပေါ်တွင်​ထိုင်​ရ​သကဲ့သို့ အောင်မြင်​သော​သူ​အား ငါ​၏​ပလ္လင်​ပေါ်တွင် ငါ​နှင့်အတူ​ထိုင်​ရ​သော​အခွင့်​ကို ငါ​ပေး​မည်။ 22ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏​။

Korostus

Jaa

Kopioi

None

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään