ရှင်ယုဒဩဝါဒစာ 1

1
နိဒါန်း
1ယေရှု​ခရစ်တော်​၏​အစေအပါး၊ ယာကုပ်​၏​ညီ ငါ​ယုဒ​သည် ခမည်းတော်​ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​ကို​ခံစား​ရ​၍ ယေရှု​ခရစ်တော်​၏​စောင့်ရှောက်​မှု​အောက်​၌​ရှိ​သော ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ 2ကရုဏာ​တော်၊ ငြိမ်သက်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ​သည် သင်​တို့​၌ တိုးပွား​ပါစေသော။
ဤစာကိုရေးသားရသည့်ရည်ရွယ်ချက်
3ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​အားလုံး​နှင့်ဆိုင်သော​ကယ်တင်​ခြင်း​အကြောင်း​ကို သင်​တို့​ထံ​ရေးသား​ပေးပို့​ရန် အလွန်​ကြိုးစား​လျက်​နေ​စဉ်​မှာ​ပင် သန့်ရှင်း​သူ​တို့​ထံ တစ်ကြိမ်တည်း​နှင့်အပြီး​ပေးအပ်​တော်မူ​သော​ယုံကြည်​ခြင်း​အတွက် ကြိုးစား​တိုက်ခိုက်​ကြ​မည့်​အကြောင်း သင်​တို့​အား စာ​ရေး​၍​တိုက်တွန်း​နှိုးဆော်​ရန် လိုအပ်​သည်​ဟု ငါ​တွေ့​ရ​၏။ 4အကြောင်းမူကား ငါ​တို့​ဘုရားသခင်​၏​ကျေးဇူး​တော်​ကို ကာမဂုဏ်​လိုက်စား​ခြင်း​အဖြစ်​သို့ ပြောင်းလဲ​စေ​၍ တစ်ပါးတည်း​သော​အရှင်​ဖြစ်​တော်မူ​သော ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို ငြင်းပယ်​ကြ​သည့် ဘုရား​တရား​မဲ့​သော​သူ​အချို့​တို့​သည် တိတ်တခိုး​ဝင်ရောက်​လာ​ကြ​၏။ သူ​တို့​သည် ဤ​ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​မည်​ဟု ရှေးယခင်​က​ပင် ရေး​ထား​လေ​ပြီ။
ယခင်နှင့်ယခု သစ္စာဖောက်များ
5သင်​တို့​သည် ဤ​အရာ​အားလုံး​ကို​သိ​ကြ​ပြီ​ဖြစ်​သော်လည်း သင်​တို့​ကို ငါ​သတိပေး​နှိုးဆော်​လို​သည်​မှာ ထာဝရ​ဘုရား​သည် လူမျိုး​တော်​ကို အီဂျစ်​ပြည်​မှ အပြီးအပိုင်​ကယ်လွှတ်​တော်မူ​ပြီးနောက် မ​ယုံကြည်​သော​သူ​တို့​ကို တစ်ဖန်​ဖျက်ဆီး​တော်မူ​၏။ 6ထို့ပြင် မိမိ​တို့​၏​မူလ​အခွင့်အာဏာ​ကို​မ​ထိန်းသိမ်း​ဘဲ မိမိ​တို့​စံ​ရာ​အရပ်​ကို စွန့်ခွာ​သွား​ကြ​သည့် ကောင်းကင်​တမန်​များ​အား တရား​စီရင်​တော်မူ​ရာ​နေ့​ကြီး​အတွက် ထာဝရ​အချုပ်အနှောင်​အားဖြင့် မှောင်မည်း​ခြင်း​အောက်၌ ထိန်းသိမ်း​ထား​တော်မူ​၏။ 7ထိုကဲ့သို့ပင် သောဒုံ​မြို့၊ ဂေါမောရ​မြို့​နှင့် ၎င်း​တို့​၏​ပတ်ဝန်းကျင်​မြို့​များ​သည်​လည်း ထို​သူ​တို့​နည်းတူ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​၌​ကျင်လည်​၍ သဘာဝ​နှင့်​ဆန့်ကျင်​သော သွေးသား​တပ်မက်​ခြင်း​အလို​သို့​လိုက်​ကြ​သဖြင့် ထာဝရ​မီး​နှင့်ဆိုင်သော အပြစ်ဒဏ်​ကို​ခံရ​လျက် သင်ခန်းစာ​ယူ​စရာ​ဖြစ်လာ​ကြ​၏။
8ထိုနည်းတူ ဤ​အိပ်မက်​မြင်မက်​တတ်​သော​သူ​တို့​သည်​လည်း ကိုယ်ကာယ​ကို​ညစ်ညူး​စေ​လျက် အုပ်စိုး​ခြင်း​ကို​ဝန်မခံ​ဘဲ ဘုန်း​အသရေ​ရှိ​သော​သူ​ကို စော်ကား​ပြောဆို​တတ်​ကြ​၏။ 9ကောင်းကင်​တမန်​မင်း​မိက္ခေလ​ပင် မာရ်နတ်​နှင့်​ငြင်းခုံ​လျက် မောရှေ​၏​ကိုယ်ခန္ဓာ​နှင့်​ပတ်သက်၍ အချေအတင်​ပြောဆို​ကြ​သောအခါ ရှုတ်ချ​ပြစ်တင်​သည့်​စီရင်​ခြင်း​ကို​မ​ပြု​ဝံ့​ဘဲ “ထာဝရ​ဘုရား​သည် သင့်​ကို ဆုံးမ​တော်မူ​ပါစေ”​ဟူ၍​သာ ပြောဆို​ခဲ့​၏။ 10သူ​တို့​မူကား မိမိ​တို့​မ​သိ​သော​အရာ​များ​ကို စော်ကား​ပြောဆို​ကြ​လျက် ဆင်ခြင်​ဉာဏ်​မ​ရှိ​သော တိရစ္ဆာန်​များ​ကဲ့သို့ ပင်ကို​သဘာဝ​အရ​သိ​ထား​သည့်​အရာ​များ​၌​ပင် ပျက်စီး​ခြင်း​သို့​ရောက်​တတ်​ကြ​၏။
11သူ​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ကာဣန​၏​လမ်းစဉ်​ကို​လိုက်​၍ အခကြေးငွေ​အတွက် ဗာလမ်​၏​မှားယွင်း​ခြင်း​ထဲသို့​ကျရောက်​သွား​ကာ ကောရ​၏​ဆန့်ကျင်​မှု​မျိုး​၌ ပျက်စီး​ဆုံးရှုံး​ကြ​၏။
သစ္စာဖောက်များ၏ပျက်စီးခြင်း
12သူ​တို့​သည် သင်​တို့​နှင့်အတူ​စား​သောက်​သောအခါ ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ မိမိ​တို့​အတွက်​သာ ဂရုစိုက်​လျက် သင်​တို့​၏​မေတ္တာ​ပွဲ​၌ အစွန်းအထင်း​များ​ဖြစ်​ကြ​၏။ သူ​တို့​သည် လေ​၌​လွင့်ပါ​သွား​သော မိုးရေ​မ​ပါ​သည့်​မိုးတိမ်​များ၊ အမြစ်​ပါ​မကျန်​ဆွဲနုတ်​ခံရ​၍ နှစ်​ကြိမ်​သေ​သည့် အသီး​မ​သီး​သော ဆောင်းဦး​ကာလ​သစ်ပင်​များ၊ 13မိမိ​တို့​အရှက်​ကို အမြှုပ်​ကဲ့သို့​ပေါ်​စေ​သည့် ပြင်းထန်​သော​ပင်လယ်​လှိုင်းတံပိုး​များ၊ လှည့်လည်​သွားလာ​သော ကြယ်​များ​ဖြစ်​ကြ​၏။ သူ​တို့​အတွက် မှောင်မည်း​သော​အမှောင်​ကို ထာဝရ​ထိန်းသိမ်း​ထား​လျက်​ရှိ​၏။
14အာဒံ​မှ ခုနစ်​ဆက်​မြောက်​သော​မျိုးဆက်​ဖြစ်​သည့် ဧနောက်​သည်​လည်း သူ​တို့​နှင့်​ပတ်သက်၍ ပရောဖက်ပြု​ဟောပြော​လျက် “ကြည့်ရှု​လော့။ ထာဝရ​ဘုရား​သည် အတိုင်းမသိ​များစွာ​သော မိမိ​၏​သန့်ရှင်း​သူ​တို့​နှင့်အတူ ကြွလာ​တော်မူ​လိမ့်မည်။ 15ဤသည်ကား လူ​အပေါင်း​တို့​ကို​တရား​စီရင်​ရန်​နှင့် ဘုရား​တရား​မဲ့​စွာ​ဖြင့်​ပြု​ခဲ့​သော​သူတို့​၏​ဘုရား​တရား​မဲ့​ခြင်း​အမှု​အလုံးစုံ​အတွက်​လည်းကောင်း၊ ဘုရား​တရား​မဲ့​သော​အပြစ်သား​တို့​သည် ဘုရားသခင်​ကို​ဆန့်ကျင်​ပြောဆို​သည့် ပြင်းထန်​သော​စကား​အလုံးစုံ​အတွက်​လည်းကောင်း သူ​တို့​အားလုံး​၏​အပြစ်​ကို​ဖော်ပြ​ရန်​ဖြစ်​၏”​ဟု ဆို​ထား​၏။ 16သူ​တို့​သည် ညည်းညူ​တတ်​သော​သူ၊ သူတစ်ပါး​၏​အပြစ်​ကို​ရှာ​တတ်​သော​သူ​ဖြစ်​ကြ​ပြီး မိမိ​တို့​၏​တပ်မက်​ခြင်း​အတိုင်း လျှောက်လှမ်း​နေ​ကြ​၏။ သူ​တို့​၏​နှုတ်​သည်​လည်း ချဲ့ထွင်​ဝါကြွား​ပြောဆို​တတ်​၍ ကိုယ်ကျိုး​အတွက် လူ​တို့​ကို​မြှောက်ပင့်​တတ်​ကြ​၏။
17ချစ်​ရ​သော​သူ​တို့၊ သင်​တို့​မူကား ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​တမန်တော်​များ ကြိုတင်​ပြော​ထား​ခဲ့​သော​စကား​တို့​ကို သတိရ​ကြ​လော့။ 18သူ​တို့​က “နောက်ဆုံး​သော​ကာလ​၌ မိမိ​တို့​၏​ဘုရား​တရား​မဲ့​ခြင်း​နှင့်ဆိုင်သော တပ်မက်​ခြင်း​များ​အတိုင်း​လျှောက်လှမ်း​သည့် ပြက်ရယ်ပြု​တတ်​သော​သူ​များ ပေါ်လာ​ကြ​လိမ့်မည်”​ဟု သင်​တို့​အား ပြော​ထား​ခဲ့​ကြ​၏။ 19ထို​သူ​တို့​သည် ကွဲပြား​မှု​ကို​ဖြစ်​စေ​သော​သူ၊ ဇာတိ​နှင့်ဆိုင်သော​သူ၊ ဝိညာဉ်​တော်​ကို​မ​ရ​သော​သူ​များ​ဖြစ်​ကြ​၏။
တိုက်တွန်းနှိုးဆော်ခြင်းနှင့်ကောင်းချီးပေးခြင်း
20ချစ်​ရ​သော​သူ​တို့၊ သင်​တို့​မူကား မိမိ​တို့​၏​အလွန်​သန့်ရှင်း​သော​ယုံကြည်​ခြင်း​အပေါ်၌ မိမိတို့ကိုယ်ကို​တည်ဆောက်​လျက် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ဆုတောင်း​ကြ​လော့။ 21ဘုရားသခင်​၏​မေတ္တာ​တော်​၌ မိမိကိုယ်ကို​စောင့်ထိန်း​၍ ထာဝရ​အသက်​သို့​ပို့ဆောင်​သည့် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကရုဏာ​တော်​ကို စောင့်မျှော်​ကြ​လော့။
22သံသယ​ရှိ​သော​သူ​တို့​အပေါ်​ကရုဏာ​ထား​ကြ​လော့။ 23အချို့​သော​သူ​တို့​ကို မီး​ထဲမှ​ဆွဲထုတ်​ကယ်တင်​ကြ​လော့။ အချို့​တို့​ကို​မူ သူ​တို့​၏​သွေးသား​ဇာတိ​ဖြင့်​ညစ်ညူး​စွန်းထင်း​နေ​သော​အင်္ကျီ​ကို​ပင် ရွံမုန်း​လျက် ကြောက်ရွံ့​သော​စိတ်​နှင့်တကွ သူ​တို့​ကို​ကရုဏာ​ထား​ကြ​လော့။
24သင်​တို့​အား မှားယွင်း​ခြင်း​နှင့်​ကင်း​စေရန် စောင့်ရှောက်​နိုင်စွမ်း​ရှိ​တော်မူ​၍ သင်​တို့​ကို အပြစ်​အနာအဆာ​ကင်း​လျက် ရွှင်မြူး​သော​စိတ်​ဖြင့် ဘုန်း​အသရေ​တော်​ရှေ့​၌​ရပ်​စေ​နိုင်​သော 25ငါ​တို့​၏​ကယ်တင်ရှင်၊ တစ်ဆူတည်း​သော​ဘုရားသခင်​၌ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ဘုန်း​အသရေ​တော်၊ အာနုဘော်​တော်၊ တန်ခိုး​အရှိန်အဝါ​နှင့် အာဏာစက်​တို့​သည် ယခင်​ကာလ​အစဉ်အဆက်၊ ယခု​ကာလ​နှင့် နောင်လာမည့်​ကာလ​အစဉ်အဆက်​ရှိ​တော်မူ​ပါစေသော။ အာမင်။

Korostus

Jaa

Kopioi

None

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään