ကောရိန္သုဩဝါဒစာပထမစောင် 1

1
နှုတ်ခွန်းဆက်ခြင်း
1ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​အဖြစ် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော ငါ​ပေါလု​နှင့်​ငါ့​ညီ​သုဿင်​တို့​သည် 2ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​ပတ္ထနာ​ပြု​ကြ​သည့် အရပ်ရပ်​တို့​၌​ရှိ​သော​သူ​အပေါင်း​တို့​နှင့်အတူ​သန့်ရှင်း​သူ​အဖြစ်​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​၍ ခရစ်တော်​ယေရှု​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​များ​တည်းဟူသော ကောရိန္သု​မြို့​၌​ရှိ​သည့် ဘုရားသခင်​၏​အသင်းတော်​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကိုယ်တော်​သည် ထို​ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​နှင့် ငါ​တို့​၏​သခင်​ဖြစ်​တော်မူ​၏။
3ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။
ကျေးဇူးတော်ချီးမွမ်းခြင်း
4ယေရှု​ခရစ်တော်​အားဖြင့် သင်​တို့​အား​ပေးသနား​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကြောင့် ငါ​သည် သင်​တို့​အတွက် ငါ့​ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​၏။ 5အကြောင်းမူကား သင်​တို့​သည် နှုတ်​သတ္တိ​ရှိသမျှ​၌​ဖြစ်စေ၊ ဉာဏ်​သတ္တိ​ရှိသမျှ​၌​ဖြစ်စေ၊ အရာရာ​တို့​၌ ခရစ်တော်​အားဖြင့် ကြွယ်ဝ​ပြည့်စုံ​၍ 6ခရစ်တော်​နှင့်ဆိုင်သော​သက်သေခံ​ချက်​သည် သင်​တို့​၌ အတည်ပြု​ခြင်း​ခံရ​၏။ 7ထို့ကြောင့် သင်​တို့​သည် ဆု​ကျေးဇူး​တစ်စုံတစ်ခု​မျှ လစ်ဟင်း​နေ​သည်​ဟူ၍​မ​ရှိ​ဘဲ ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ပေါ်ထွန်း​တော်မူ​ခြင်း​ကို စောင့်မျှော်​နေ​ကြ​၏။ 8ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နေ့ရက်​တွင် သင်​တို့​၌​အပြစ်တင်​စရာ​မ​ရှိ​မည့်​အကြောင်း ကိုယ်တော်​သည် သင်​တို့​ကို အဆုံး​တိုင်အောင် ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​လိမ့်မည်။ 9မိမိ​၏​သား​တော်​တည်းဟူသော ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​မိတ်သဟာယ​ဖွဲ့​ခြင်း​ထဲသို့ သင်​တို့​ကို​ခေါ်​တော်မူ​သော​ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​၏။
ကောရိန္သုအသင်းတော်ထဲမှ ကွဲပြားမှုများ
10ညီအစ်ကို​တို့၊ သင်​တို့​အားလုံး​သည် ပြောဆို​ရာ​၌​ညီညွတ်​မှု​ရှိ​၍ အချင်းချင်း​ကွဲပြား​ခြင်း​မ​ရှိ​ဘဲ တစ်စိတ်​တစ်သဘောတည်း​ဖြင့် စည်းစည်းလုံးလုံး​ရှိ​ကြ​မည့်​အကြောင်း ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​အမှီပြု၍ သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​ပါ​၏။ 11အကြောင်းမူကား ငါ့​ညီအစ်ကို​တို့၊ သင်​တို့​အထဲတွင် ပဋိပက္ခ​ဖြစ်​ခြင်း​ရှိ​သည်​ဟု ခလောဣ​အိမ်သား​များ​က သင်​တို့​အကြောင်း​ကို ငါ့​အား​ပြောပြ​ကြ​၏။ 12သင်​တို့​အသီးသီး​က “ငါ​သည် ပေါလု​တပည့်​ဖြစ်​သည်။ ငါ​သည် အာပေါလု​တပည့်​ဖြစ်​သည်။ ငါ​သည် ကေဖ​တပည့်​ဖြစ်​သည်။ ငါ​သည် ခရစ်တော်​တပည့်​ဖြစ်​သည်”​ဟု ပြောဆို​နေ​ကြ​သောကြောင့် ဤ​စကား​ကို ယခု ငါ​ပြော​ရ​၏။
13ခရစ်တော်​ကို ကွဲပြား​စေ​ကြ​ပြီ​လော။ ပေါလု​သည် သင်​တို့​အတွက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ကို ခံရ​သလော။ သို့မဟုတ် သင်​တို့​သည် ပေါလု​၏​နာမ​၌ ဗတ္တိဇံ​ခံ​ခဲ့​ကြ​သလော။ 14ငါ​သည် သင်​တို့​ထဲမှ ကရိပ္ပု​နှင့်​ဂါယု​တို့​မှတစ်ပါး အခြား​မည်သူ့​ကို​မျှ ဗတ္တိဇံ​မ​ပေး​ခဲ့​သောကြောင့် ဘုရားသခင်​ကို​ကျေးဇူးတင်​၏။ 15သို့ဖြစ်၍ ငါ​၏​နာမ​၌ ဗတ္တိဇံ​ခံ​ခဲ့​သည်​ဟု မည်သူမျှ ပြော​စရာ​အကြောင်း​မ​ရှိ။ 16ငါ​သည် သတေဖနာ​၏​အိမ်သူအိမ်သား​များ​ကို​လည်း ဗတ္တိဇံ​ပေး​ခဲ့​ပါ​၏။ ထို​သူ​တို့​မှလွဲ၍ အခြား​သူ​တစ်စုံတစ်ဦး​အား ဗတ္တိဇံ​ပေး​ခဲ့​သည်​၊ မ​ပေး​ခဲ့​သည်​ကို ငါ​မ​မှတ်မိ​ချေ။ 17အကြောင်းမူကား ဗတ္တိဇံ​ပေး​စေရန် ခရစ်တော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​သည်​မ​ဟုတ်။ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​စေရန် စေလွှတ်​တော်မူ​၏။ ထိုသို့​ဟောပြော​ရာ​၌​လည်း ခရစ်တော်​၏​လက်ဝါးကပ်တိုင်​တော်​ကို အချည်းနှီး​မ​ဖြစ်​စေရန် နှုတ်​အတတ်​အားဖြင့်​ဟောပြော​ရန်​မ​ဟုတ်။
ဘုရားသခင်၏တန်ခိုးတော်နှင့်ဉာဏ်တော်ဖြစ်သောခရစ်တော်
18အကြောင်းမူကား လက်ဝါးကပ်တိုင်​တော်​နှင့်ဆိုင်သော​သတင်း​စကား​သည် ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​သော်လည်း ကယ်တင်​ခြင်း​ခံရ​သော​ငါ​တို့​အတွက်​မူကား ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​၏။ 19အဘယ်ကြောင့်​ဆိုသော် ကျမ်းစာ​၌ “ငါ​သည် ပညာရှိ​တို့​၏​ဉာဏ်ပညာ​ကို ဖျက်ဆီး​မည်။ ဉာဏ်ထက်မြက်​သော​သူ​တို့​၏​ဉာဏ်စွမ်း​ကို​လည်း ငါ​ပစ်ပယ်​မည်”#ဟေရှာ 29:14။​ဟု ရေး​ထား​၏။
20ပညာရှိ​ကား အဘယ်မှာ​ရှိ​သနည်း။ ကျမ်းပြု​ဆရာ​ကား အဘယ်မှာ​ရှိ​သနည်း။ ဤ​လောက​ရှိ ဝေဖန်ရေးသမား​ကား အဘယ်မှာ​ရှိ​သနည်း။ ဘုရားသခင်​သည် လောကီ​ဉာဏ်ပညာ​ကို မိုက်မဲ​စေ​တော်မူ​သည်​မ​ဟုတ်​လော။ 21အကြောင်းမူကား ဘုရားသခင်​၏​ဉာဏ်ပညာ​အရ ဤ​လောက​သည် မိမိ​၏​ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို​မ​သိ​ခဲ့​သောကြောင့် ဘုရားသခင်​သည် ဟောပြော​ခြင်း​အမှု​၏​မိုက်မဲ​သော​အရာ​အားဖြင့် ယုံကြည်​သော​သူ​တို့​ကို​ကယ်တင်​ရန် အလိုရှိ​တော်မူ​၏။ 22ဂျူး​လူမျိုး​တို့​သည် နိမိတ်​လက္ခဏာ​များ​ကို​တောင်း​တတ်​ကြ​၏။ ဂရိ​လူမျိုး​တို့​သည် ဉာဏ်ပညာ​ကို​ရှာဖွေ​တတ်​ကြ​၏။ 23ငါ​တို့​မူကား လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​သော ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။ ထို​အကြောင်းအရာ​သည် ဂျူး​လူမျိုး​တို့​အတွက် မှားယွင်း​စရာ​အကြောင်း​ဖြစ်​ပြီး လူမျိုးခြား​တို့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။ 24သို့သော် ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​တို့​အတွက် ခရစ်တော်​သည် ဘုရားသခင်​၏​တန်ခိုး​တော်​နှင့် ဘုရားသခင်​၏​ဉာဏ်ပညာ​တော်​ဖြစ်​၏။ 25အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​၏​မိုက်မဲ​ခြင်း​သည် လူ​တို့​၏​ပညာရှိ​ခြင်း​ထက် ပညာရှိ​၏။ ဘုရားသခင်​၏​အားနည်း​ခြင်း​သည် လူ​တို့​ထက် ခွန်အားကြီး​၏။
သခင်ဘုရား၌သာ ဝါကြွားခြင်း
26ညီအစ်ကို​တို့၊ သင်​တို့​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​စဉ်​က​အကြောင်း​ကို ဆင်ခြင်​ကြ​လော့။ လူ့​အမြင်​အရ သင်တို့​တွင် ပညာရှိ​များစွာ​မ​ပါ။ အစွမ်းထက်​သော​သူ​များစွာ​မ​ပါ။ မြင့်မြတ်​သော​သူ​များစွာ​မ​ပါ။ 27သို့သော် ဘုရားသခင်​သည် ပညာရှိ​တို့​ကို​အရှက်ရ​စေရန် လောက​ရှိ မိုက်မဲ​သော​သူ​တို့​ကို ရွေးကောက်​တော်မူ​၏။ ခွန်အားကြီး​သော​သူ​တို့​ကို​အရှက်ရ​စေရန် လောက​ရှိ အားနည်း​သော​သူ​တို့​ကို ရွေးကောက်​တော်မူ​၏။ 28ထို့ပြင် အရေးပါ​သော​သူ​တို့​ကို​ပယ်ဖျက်​ရန် အရေး​မ​ပါ​သော​သူ​များ​ဖြစ်​ကြ​သည့် လောက​ရှိ အဆင့်အတန်း​နိမ့်​သော​သူ​များ​နှင့် မထီမဲ့မြင်​ပြု​ခြင်း​ခံရ​သော​သူ​များ​ကို ဘုရားသခင်​ရွေးကောက်​တော်မူ​၏။ 29ထို့ကြောင့် ဘုရားသခင်​ရှေ့​တော်​၌ မည်သူမျှ ဝါကြွား​စရာ​အကြောင်း​မ​ရှိ။ 30သင်​တို့​သည် ဘုရားသခင်​အားဖြင့် ခရစ်တော်​ယေရှု​၌​တည်​နေ​ကြ​၏။ ခရစ်တော်​သည် ငါ​တို့​အတွက် ဘုရားသခင်​ထံမှ​လာ​သော ဉာဏ်ပညာ​ဖြစ်​တော်မူ​ပြီး ဖြောင့်မတ်​ခြင်း၊ သန့်ရှင်း​ခြင်း​နှင့် ရွေးနုတ်​ခြင်း​ဖြစ်​တော်မူ​၏။ 31သို့ဖြစ်၍ ကျမ်းစာ​၌​ရေး​ထား​သည်​နှင့်အညီ “ဝါကြွား​သော​သူ​သည် ထာဝရ​ဘုရား​၌​သာ ဝါကြွား​စေ။”#၂ကော 10:17၊ ယေ 9:24။

Korostus

Jaa

Kopioi

None

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään