ဟေဗြဲ 13
13
ဘုရားသခင်နှစ်သက်စေရန်
1ညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည်ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။- 2အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ။- 3အကျဉ်းခံရသော သူတို့နှင့်အတူ ကိုယ်ခံရသကဲ့သို့ မှတ်၍၊ သူတို့ကို အောက်မေ့ကြလော့။ သင်တို့သည် ကိုယ်ခန္ဓာနှင့် မကင်းလွတ်သောသူဖြစ်၍၊ ညှဉ်းဆဲခံရသောသူတို့ကို အောက်မေ့ကြလော့။- 4ခပ်သိမ်းသော သူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသေရေ ရှိစေလော့။ မတရားသော မေထုန်ကိုပြုသောသူနှင့် သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြော စီရင်တော်မူလိမ့်မည်။- 5သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထားဟု ကတိတော်ရှိ၏။- 6ထိုကြောင့် ထာဝရဘုရားသည် ငါ့ကို မစတော်မူသည်ဖြစ်၍၊ လူသည် ငါ၌ပြုနိုင်သမျှကို ငါမကြောက်ဟု၊ ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့် ရှိကြ၏။#ဆာ၊ ၁၁၈း၆၊၇
7ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍၊ သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူ၍ စုတေသည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မီအောင်လိုက်ကြလော့။- 8ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲ နေတော်မူ၏။- 9အထူးထူးအပြားပြားသော အယူဝါဒသစ်ကိုလိုက်၍ မဖောက်ပြန်ကြနှင့်။ အစာများအားဖြင့် စိတ်ခိုင်ခံ့ မြဲမြံခြင်းမရှိဘဲ၊ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံလျှင် အကျိုးရှိ၏။ အစာများကို အမှုထားသော သူတို့သည် အကျိုးကိုရကြပြီ မဟုတ်။- 10တဲတော်၌ ဝတ်ပြုသောသူတို့ စားရသော အခွင့်မရှိသောယဇ်ပလ္လင်သည် ငါတို့၌ရှိ၏။- 11အကြောင်းမူကား၊ ယဇ်ပုရောဟိတ်မင်းသည် အပြစ်ဖြေသော ယဇ်ကောင်၏အသွေးကို သန့်ရှင်းရာ ဌာနထဲသို့ သွင်းပြီးမှ၊ ယဇ်အသေကောင်တို့ကို တပ်ပြင်၌ မီးရှို့ရ၏။- 12ထိုသို့နှင့်အညီ၊ ယေရှုသည် မိမိအသွေးအားဖြင့် လူများကို စင်ကြယ်စေခြင်းငှာ၊ မြို့တံခါးအပြင်၌ အသေခံတော်မူ၏။- 13သို့ဖြစ်၍၊ ငါတို့သည် ထိုသခင်နှင့်အတူ ကဲ့ရဲ့ခြင်းကိုခံ၍၊ တပ်ပြင်၊ အထံတော်သို့ ထွက်သွားကြကုန်အံ့။- 14အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သောမြို့ မရှိ၊ နောက်ဖြစ်လတ္တံ့သောမြို့ကို ရှာကြ၏။- 15ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။- 16ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။
17သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကို ခံရသောသူကဲ့သို့၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှာ စောင့်နေကြ၏။ သင်တို့အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍၊ သူတို့သည် စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။- 18ငါတို့အဖို့ ဆုတောင်းကြလော့။ ငါတို့သည် ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက်၊ အရာရာတို့၌ ကောင်းမွန်စွာကျင့်နေခြင်းငှာ အလိုရှိသောသူဖြစ်သည်ဟု စိတ်စွဲလမ်းခြင်းရှိကြ၏။- 19ငါသည် သင်တို့ရှိရာသို့ အလျင်အမြန်ပြန်ရသောအခွင့် ရှိစေခြင်းငှာ၊ ငါတို့အဖို့ ဆုတောင်းမည်အကြောင်း ငါသည်သာ၍ နှိုးဆော်တောင်းပန်၏။
နိဂုံးချုပ်ဆုတောင်းပတ္ထနာ
20ထာဝရပဋိညာဉ်တရား၏ အသွေးတော်အားဖြင့်၊ သိုးများကိုထိန်းသော သိုးထိန်းကြီးဖြစ်သော ငါတို့သခင်ယေရှုကို သေခြင်းမှ နုတ်ဆောင်တော်မူသော၊ ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည်၊- 21မိမိနှစ်သက်တော်မူသော အမှုအရာကို ယေရှုခရစ်အားဖြင့် သင်တို့၌ပြုတော်မူ၍၊ သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း၊ ကောင်းသောအကျင့် အမျိုးမျိုး၌ သင်တို့ကို ပြုပြင်တော်မူပါစေသော။ ထိုသခင် ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
နိဂုံးချုပ်အမှာစကား
22ညီအစ်ကိုတို့၊ ငါသည် အကျဉ်းအားဖြင့် ရေးထား၍ ကြားလိုက်သော ဤဆုံးမခြင်းဩဝါဒစကားကို သည်းခံမည်အကြောင်း၊ ငါသည် သင်တို့ကို နှိုးဆော်တောင်းပန်၏။- 23ငါတို့ညီတိမောသေကို အခြားသို့ လွှတ်လိုက်သည်အရာကို သိမှတ်ကြလော့။ သူသည် မကြာမမြင့်မီ ရောက်လျှင်၊ ငါသည် သူနှင့်အတူလာ၍ သင်တို့ကို တွေ့မြင်လိမ့်မည်။- 24သင်တို့ကို အုပ်သောသူအပေါင်းတို့ကိုလည်းကောင်း၊ သန့်ရှင်းသူအပေါင်းတို့ကိုလည်းကောင်း၊ နှုတ်ဆက်ကြလော့။ ဣတလိပြည်သူပြည်သားတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။- 25သင်တို့အပေါင်း၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။
ဟေဗြဲဩဝါဒစာပြီး၏။
Currently Selected:
ဟေဗြဲ 13: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.