YouVersion Logo
Search Icon

၄ ဓမ္မရာဇဝင် 23

23
ရုပ်​တု​ကိုး​ကွယ်​မှု​ကို​ယော​ရှိ​ဖျက်​သိမ်း​ခြင်း
(၆​ရာ၊ ၃၄:၃-၇၊ ၂၉-၃၃)
1ထို​အ​ခါ ရှင်​ဘု​ရင်​သည် ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​ကို ခေါ်၍၊ 2ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ လူ​အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့​နှင့်​တ​ကွ ဗိ​မာန်​တော်​သို့​တက်၍၊ ဗိ​မာန်​တော်၌​တွေ့​သော ပ​ဋိ​ညာဉ်​ကျမ်း​စာ​ရှိ​သ​မျှ​ကို သူ​တို့​ရှေ့​မှာ ဖတ်​တော်​မူ၏။ 3ရှင်​ဘု​ရင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ဆည်း​ကပ်​ပါ​မည်။ စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ စောင့်​ရှောက်​ပါ​မည်။ ဤ​ကျမ်း​စာ၌​ပါ​သော ပ​ဋိ​ညာဉ်​စ​ကား​အ​တိုင်း ကျင့်​ပါ​မည်​ဟု တိုင်​နား​မှာ​ရပ်၍ အ​ဓိ​ဋ္ဌာန်​ပြု၏။ လူ​အ​ပေါင်း​တို့​သည်​လည်း ထို​အ​ဓိ​ဋ္ဌာန်​ကို ဝန်​ခံ​ကြ၏။ 4နောက်​တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ၊ ဒု​တိ​ယ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် တံ​ခါး​စောင့်​များ​တို့​သည် ဗာ​လ​ဘု​ရား၊ အာ​ရှ​ရ​ပင်၊ မိုး​ကောင်း​ကင်​တန်​ဆာ​အ​ဖို့ လုပ်​သ​မျှ​သော အ​သုံး​အ​ဆောင်​တို့​ကို ဗိ​မာန်​တော်​ထဲ​က ထုတ်​မည်​အ​ကြောင်း ရှင်​ဘု​ရင်​စီ​ရင်​သ​ဖြင့်၊ ယေ​ရု​ရှ​လင်​မြို့​ပြင်၊ ကေ​ဒြုန်​တော၌ မီး​ရှို့၍ ပြာ​ကို ဗေ​သ​လ​မြို့​သို့ ဆောင်​သွား​ကြ၏။#၄​ရာ၊ ၂၁:၃။ ၆​ရာ၊ ၃၃:၃။ 5ယေ​ရု​ရှ​လင်​မြို့​ပတ်​လည် အ​စ​ရှိ​သော ယု​ဒ​မြို့​ရွာ၌ မြင့်​သော​အ​ရပ်​တို့​အ​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​စေ​ခြင်း​ငှာ၊ ယု​ဒ​ရှင်​ဘု​ရင်​ခန့်​ထား​သော ယဇ်​ပု​ရော​ဟိတ် တို့​ကို​လည်း​ကောင်း၊ ဗာ​လ​ဘု​ရား၊ နေ​လ​ရာ​သီ​စောင့် အ​စ​ရှိ​သော မိုး​ကောင်း​ကင်​တန်​ဆာ​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​သော သူ​တို့​ကို​လည်း​ကောင်း၊ သုတ်​သင်​ပယ်​ရှင်း​တော်​မူ၏။ 6အာ​ရှ​ရ​ပင်​ကို​လည်း ဗိ​မာန်​တော်​ထဲ​က​ထုတ်၍ ယေ​ရု​ရှ​လင်​မြို့​ပြင်၊ ကေ​ဒြုန်​ချောင်း​သို့ ယူ​သွား​သ​ဖြင့်၊ ထို​ချောင်း​နား​မှာ မီး​ရှို့​ပြီး​လျှင် ညက်​ညက်​ချေ၍၊ အ​မှုန့်​ကို ဆင်း​ရဲ​သား​သင်္ချိုင်း​ပေါ်​မှာ ဖြန့်​ဖြူး​တော်​မူ၏။ 7မိန်း​မ​တို့​သည် အာ​ရှ​ရ​ပင်​အ​ဖို့ ကု​လား​ကာ​ကို​ရက်​ရာ​အ​ရပ် ဗိ​မာန်​တော်​နား​မှာ ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​တို့ နေ​ရာ​အိမ်​များ​ကို​လည်း ဖျက်​တော်​မူ၏။ 8ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​ကို ယု​ဒ​မြို့​ရွာ​တို့​မှ​ခေါ်​ခဲ့၍၊ သူ​တို့​သည် နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ မြင့်​သော​အ​ရပ်​များ​ကို ဂေ​ဗ​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ညစ်​ညူး​စေ​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​ဝန် ယော​ရှု၏​တံ​ခါး​ဝ လက်​ဝဲ​ဘက်​နား​မှာ​တည်​သော မြို့​တံ​ခါး၏​ကုန်း​တို့​ကို​လည်း ဖြို​ဖျက်​တော်​မူ၏။ 9မြင့်​သော​အ​ရပ်​နှင့်​ဆိုင်​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော် ယဇ်​ပ​လ္လင်​နား​သို့ မ​ချဉ်း​ရ​ဘဲ၊ အ​ပေါင်း​အ​ဖော်​တို့​နှင့် တ​ဆေး​မဲ့​မုန့်​ကို စား​ရ​သော​အ​ခွင့်​သာ​ရှိ​ကြ၏။ 10အ​ဘယ်​သူ​မျှ မိ​မိ​သား​သ​မီး​ကို မော​လုတ်​ဘု​ရား​အား မီး​ဖြင့်​မ​ပူ​ဇော်​နိုင်​မည်​အ​ကြောင်း၊ ဟိ​န္နုံ​သား၏ ချိုင့်၌​ရှိ​သော တော​ဖက်​အ​ရပ်​ကို​လည်း ညစ်​ညူး​စေ​တော်​မူ၏။#ဝတ်၊ ၁၈:၂၁၊ ယေ၊ ၇:၃၁၊ ၁၉:၁-၆၊ ၃၂:၃၅။ 11ယု​ဒ​ရှင်​ဘု​ရင်​တို့​သည် နေ​ကို​ပူ​ဇော်၍၊ ဗိ​မာန်​တော်​ဝင်း​ပြင်​အ​ရာ​ရှိ နာ​သ​မ္မေ​လက်​အိမ်​နား၊ ဝင်း​တော်​တံ​ခါး​ဝ၌​ထား​သော မြင်း​တို့​ကို​လည်း ပယ်​ရှား၍ နေ​ရ​ထား​တို့​ကို​လည်း မီး​ရှို့​တော်​မူ၏။ 12ယု​ဒ​ရှင်​ဘု​ရင်​တို့​သည် အာ​ဟပ်​မင်း​တိုက်​တော် အ​ထက်​ဆင့်​အ​ပေါ်​မှာ တည်​ထား​သော ယဇ်​ပ​လ္လင်​တို့​နှင့် မ​နာ​ရှေ​မင်း​သည် ဗိ​မာန်​တော်​တံ​တိုင်း​နှစ်​ရပ်​တွင် တည်​ထား​သော​ပ​လ္လင်​တို့​ကို ရှင်​ဘု​ရင်​ဖြို​ချ​ချေ​ဖျက်၍ အ​မှုန့်​ကို ကေ​ဒြုန်​ချောင်း​ထဲ​သို့​ပစ်​တော်​မူ၏။#၄ ရာ၊ ၂၁:၅၊ ၆ ရာ၊ ၃၃:၅။ 13ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ရှော​လ​မုန်​သည် ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့၊ ဖျက်​ဆီး​ခြင်း​တောင်​လက်​ယာ​ဘက်၌ ရွံ​ရှာ​ဖွယ်​သော ဇိ​ဒုန်​ဘု​ရား​အာ​ရှ​တ​ရက်၊ ရွံ​ရှာ​ဖွယ်​သော မော​ဘ​ဘု​ရား​ခေ​မု​ရှ၊ ရွံ​ရှာ​ဖွယ်​သော အ​မ္မုန်​ဘု​ရား​မိ​လ​ကုံ​အ​ဖို့ တည်​သော ကုန်း​တို့​ကို​လည်း ရှင်​ဘု​ရင်​ညစ်​ညူး​စေ​တော်​မူ၏။#၃ ရာ၊ ၁၁:၇။ 14ရုပ်​တု​ဆင်း​တု​တို့​ကို ချိုး​ဖဲ့၍ အာ​ရှ​ရ​ပင်​တို့​ကို ခုတ်​လှဲ​ပြီး​မှ၊ သူ​တို့​တည်​ရာ​အ​ရပ်​များ​ကို လူ​သေ​အ​ရိုး​တို့​နှင့် ပြည့်​စေ​တော်​မူ၏။ 15ဣ​သ​ရေ​လ​အ​မျိုး​ကို​ပြစ်​မှား​စေ​သော နေ​ဗတ်၏​သား​ယေ​ရော​ဗောင်​သည်၊ ဗေ​သ​လ​မြို့၌​တည်​သော​ကုန်း​နှင့် ယဇ်​ပ​လ္လင်​ကို​လည်း ဖြို​ချ၍ မီး​ရှို့​ပြီး​မှ ညက်​ညက်​ခြေ​တော်​မူ၏။ အာ​ရှ​ရ​ပင်​ကို​လည်း မီး​ရှို့​တော်​မူ၏။#၃ ရာ၊ ၁၂:၃၃။ 16ယော​ရှိ​မင်း​သည် လှည့်​လည်၍ ကြည့်​ရှု​လျက်၊ ထို​တောင်​ပေါ်​မှာ​ရှိ​သော သင်္ချိုင်း​ကို မြင်​သော​အ​ခါ၊ လူ​ကို​စေ​လွှတ်၍ ထို​သင်္ချိုင်း​ထဲ​က လူ​သေ​အ​ရိုး​တို့​ကို ထုတ်​ပြီး​လျှင်၊ ထို​အ​မှု​ကို အ​ထက်​က​ဖော်​ပြ​သော ဘု​ရား​သ​ခင်၏​လူ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​တိုင်း၊ အ​ရိုး​တို့​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့၍ ညစ်​ညူး​စေ​တော်​မူ၏။#၃ ရာ၊ ၁၃:၂။ 17ယော​ရှိ​မင်း​က​လည်း၊ ငါ​မြင်​သော ထို​မှတ်​ကျောက်​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​လျှင်၊ မြို့​သား​တို့​က၊ ကိုယ်​တော်​သည် ဗေ​သ​လ​ယဇ်​ပ​လ္လင်၌ ပြု​တော်​မူ​သော​အ​မှု​ကို၊ ယု​ဒ​ပြည်​မှ​လာ၍​ဖော်​ပြ​သော ဘု​ရား​သ​ခင်၏​လူ​သင်္ချိုင်း​ဖြစ်​ပါ​သည်​ဟု ပြန်​လျှောက်​ကြ​သော်၊#၃ ရာ၊ ၁၃:၃၀-၃၂။ 18ရှင်​ဘု​ရင်​က၊ ရှိ​စေ​လော့။ ထို​သူ၏​အ​ရိုး​တို့​ကို အ​ဘယ်​သူ​မျှ​မ​ရွှေ့​စေ​နှင့်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း သူ၏​အ​ရိုး​တို့​နှင့် ရှ​မာ​ရိ​မြို့​မှ​လာ​သော ပ​ရော​ဖက်​အ​ရိုး​တို့​ကို​ရှိ​စေ​ကြ၏။ 19ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​သည် အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ၊ ရှ​မာ​ရိ​မြို့​ရွာ​တို့၌ မြင့်​သော​အ​ရပ်​ပေါ်​မှာ တည်​လုပ်​သော အိမ်​ရှိ​သ​မျှ​တို့​ကို​လည်း ယော​ရှိ​မင်း​သည်​ပယ်​ရှား၍၊ ဗေ​သ​လ​မြို့၌ ပြု​သ​မျှ​အ​တိုင်း ပြု​တော်​မူ၏။ 20မြင့်​သော​အ​ရပ်​နှင့်​ဆိုင်​သော ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​ကို​လည်း ယဇ်​ပ​လ္လင်​ပေါ်​မှာ ကွပ်​မျက်၍၊ လူ​သေ​အ​ရိုး​တို့​ကို မီး​ရှို့​ပြီး​မှ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​တော်​မူ၏။
ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​ခြင်း
(၆ ရာ၊ ၃၅:၁-၁၉)
21တစ်​ဖန် ရှင်​ဘု​ရင်​က​လည်း၊ ဤ​ပ​ဋိ​ညာဉ်​ကျမ်း​စာ၌​လာ​သည်​အ​တိုင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ဆောင်​ကြ​လော့​ဟု လူ​အ​ပေါင်း​တို့​ကို​မိန့်​တော်​မူ၏။ 22အ​ကယ်၍ ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး​သော တ​ရား​သူ​ကြီး​လက်​ထက်​မှ​စ၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင်​လက်​ထက်​ကာ​လ​ပတ်​လုံး၊ ထို​သို့​သော​ပ​သ​ခါ​ပွဲ​ကို တစ်​ခါ​မျှ​မ​ဆောင်​ကြ။ 23ယော​ရှိ​မင်း​ကြီး​နန်း​စံ​ဆယ်​ရှစ်​နှစ်​တွင် ထို​ပွဲ​ကို ယေ​ရု​ရှ​လင်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​အား ဆောင်​ကြ​သ​တည်း။
အခြား​ပြု​ပြင်​ပြောင်း​လဲ​မှု​များ
24ထို​မှ​တစ်​ပါး၊ ဗိ​မာန်​တော်၌ ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ​တွေ့​သော ကျမ်း​စာ၌​ပါ​သော စ​ကား​အ​တိုင်း ကျင့်​လို​သော​ငှာ၊ ယော​ရှိ​မင်း​သည် စုန်း၊ နတ်​ဝင်၊ တေ​ရပ်​ရုပ်​တု​မှ​စ၍ ရုပ်​တု​ဆင်း​တု​များ​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​ပြည်​လုံး​တွင် ရွံ​ရှာ​ဖွယ်​သော​အ​ရာ တွေ့​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သုတ်​သင်​ပယ်​ရှင်း​တော်​မူ၏။ 25မော​ရှေ​တ​ရား၌ ပါ​သ​မျှ​ကို​ကျင့်​သ​ဖြင့်၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​နှင့် ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ပြောင်း​လဲ၍၊ ယော​ရှိ​မင်း​နှင့်​တူ​သော ရှင်​ဘု​ရင်​တစ်​ယောက်​မျှ​မ​ဖြစ်​စ​ဖူး။ နောင်​ကာ​လ၌​လည်း မ​ပေါ်​မ​ရှိ။ 26သို့​ရာ​တွင် မ​နာ​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ၊ ပြစ်​မှား​သော အ​ပြစ်​ရှိ​သ​မျှ​တို့​ကြောင့်၊ ယု​ဒ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်၍ စိတ်​တော်​မ​ပြေ။ 27ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ့​မျက်​မှောက်​မှ ပယ်​ရှား​သ​ကဲ့​သို့ ယု​ဒ​အ​မျိုး​ကို​လည်း ငါ​ပယ်​ရှား​မည်။ ငါ​ရွေး​ချယ်​သော ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း၊ အ​ကြင်​ဗိ​မာန်၌ ငါ့​နာ​မ​ကို​ငါ​တည်​စေ​မည်​ဟု ငါ​ဆို​သော ဗိ​မာန်​ကို​လည်း​ကောင်း၊ ငါ​စွန့်​ပစ်​မည်​ဟု မိန့်​တော်​မူ၏။
ယော​ရှိ​မင်း​နန်း​သက်​ကုန်​ဆုံး​ခြင်း
(၆ ရာ၊ ၃၅:၂၀—၃၆:၁)
28ယော​ရှိ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 29ထို​မင်း​လက်​ထက်၌ အဲ​ဂု​တ္တု ဖာ​ရော​ဘု​ရင်​နေ​ခေါ​သည် ဥ​ဖ​ရတ်​မြစ်​တိုင်​အောင် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို စစ်​ချီ၍၊ ယော​ရှိ​မင်း​ကြီး​သည် ဆီး​တား​ခြင်း​ငှာ ထွက်​ရာ​တွင်၊ မေ​ဂိ​ဒ္ဒေါ​မြို့​မှာ မင်း​ချင်း​တွေ့​သော​အ​ခါ၊ ယော​ရှိ​မင်း​သည် အ​သက်​ဆုံး​လေ၏။ 30ကျွန်​တို့​သည် ရ​ထား​တော်​ပေါ်​မှာ​တင်​ပြီး​လျှင်၊ မင်း​ကြီး​သေ​စဉ်​တွင် မေ​ဂိ​ဒ္ဒေါ​မြို့​မှ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား၍ သင်္ချိုင်း​တော်၌ သင်္ဂြိုဟ်​ကြ၏။ ပြည်​သူ ပြည်​သား​တို့​သည် ယော​ရှိ​သား​ယော​ခတ်​ကို ယူ၍ ဘိ​သိက်​ပေး​လျက် ခ​မည်း​တော်​အ​ရာ၌ နန်း​တင်​ကြ၏။
ယု​ဒ​ဘု​ရင်​ယော​ခတ်
(၆ ရာ၊ ၃၆:၂-၄)
31ယော​ခတ်​သည် အ​သက်​နှစ်​ဆယ်​သုံး​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ သုံး​လ​စိုး​စံ​လေ၏။ မယ်​တော်​ကား၊ လိ​ဗ​န​မြို့​သား​ယေ​ရ​မိ၏​သ​မီး ဟာ​မု​တာ​လ​အ​မည်​ရှိ၏။ 32ထို​မင်း​သည် ဘိုး​ဘေး​ပြု​သ​မျှ​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ 33ဖာ​ရော​နေ​ခေါ​သည် ထို​မင်း​ကို ယေ​ရု​ရှ​လင်​မြို့​မှာ မင်း​မ​ပြု​စေ​ခြင်း​ငှာ ဟာ​မတ်​ပြည်၊ ရိ​ဗ​လ​မြို့​မှာ​အ​ကျဉ်း​ထား၍၊ ယု​ဒ​ပြည်၌ ငွေ​အ​ခွက်​တစ်​ထောင်​နှင့် ရွှေ​အ​ခွက်​တစ်​ဆယ်​ကို အ​ခွန်​တောင်း​လေ၏။ 34ဖာ​ရော​နေ​ခေါ​သည်​လည်း၊ ယော​ရှိ​သား​ဧ​လျာ​ကိမ်​ကို ခ​မည်း​တော်​အ​ရာ၌ နန်း​တင်၍ ယော​ယ​ကိမ် အ​မည်​သစ်​ကို ပေး၏။ ယော​ခတ်​ကို အဲ​ဂု​တ္တု​ပြည်​သို့​ယူ​သွား၍ ထို​ပြည်၌ ယော​ခတ်​သည် သေ၏။#ယေ၊ ၂၂:၁၁-၁၂။
ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်
(၆ ရာ၊ ၃၆:၅-၈)
35ယော​ယ​ကိမ်​သည်​လည်း ဖာ​ရော​ဘု​ရင် အ​မိန့်​တော်​အ​တိုင်း၊ တစ်​ပြည်​လုံး​တွင် ရွှေ​ငွေ​ခွဲ၍ ဖာ​ရော​ဘု​ရင်​အား အ​ခွန်​ဆက်​ရ၏။ ပြည်​သူ​ပြည်​သား အ​သီး​အ​သီး​တို့​ကို ရွှေ​ငွေ​ခွဲ​သည်​အ​တိုင်း၊ ကျပ်​တည်း​စွာ​တောင်း၍ ဖာ​ရော​နေ​ခေါ​အား ဆက်​လေ၏။ 36ယော​ယ​ကိမ်​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော်​နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ရု​မ​မြို့​သား ပေ​ဒဲ​ယ၏​သ​မီး ဇေ​ဗု​ဒ​အ​မည်​ရှိ၏။#ယေ၊ ၂၂:၁၈-၁၉၊ ၂၆:၁-၆၊ ၃၅:၁-၁၉။ 37ထို​မင်း​သည် ဘိုး​ဘေး​ပြု​သ​မျှ​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in