မဿဲ 13

13
မျိုးစေ့​ကြဲသော​လယ်သမား​ပုံဥပမာ
1ထို​နေ့​၌ပင် ယေရှု​သည် အိမ်ပြင်​သို့​ထွက်ကြွ​ကာ အိုင်​နံဘေး​၌ ထိုင်တော်မူ၏။ 2လူအုပ်ကြီး​သည် အနားတော်​တွင် စုဝေးလာကြ​သဖြင့် ယေရှု​သည် လှေ​ပေါ်သို့​တက်​၍ ထိုင်တော်မူ၏။ လူအုပ်ကြီး​သည်လည်း ကမ်းခြေ​တွင် ရပ်နေကြ၏။ 3ထိုအခါ ယေရှု​သည် ထို​သူတို့​အား အကြောင်းအရာ​များစွာ​ကို ပုံဥပမာများ​ဖြင့် မိန့်တော်မူသည်​မှာ “နားထောင်ကြလော့။ လယ်သမား​တစ်ဦး​သည် မျိုးစေ့​ကြဲ​ရန် ထွက်သွား၏။ 4မျိုးစေ့​ကြဲရာ​တွင် အချို့​အစေ့တို့​မှာ လမ်း​ပေါ်တွင်​ကျ​သဖြင့် ငှက်တို့​သည် လာ​၍ ကောက်စားကြ၏။ 5တချို့​မှာ မြေ​နည်း​၍ ကျောက်ပေါသော​နေရာ​တွင် ကျ​ပြီး မြေ​တိမ်​သောကြောင့် ချက်ချင်း​အပင်ပေါက်လာ၏။ 6သို့သော်လည်း နေ​ထွက်​သောအခါ အပူဒဏ်ခံရ​ပြီး အမြစ်​လည်း​မစွဲ​သောကြောင့် ညှိုးနွမ်းသွားကြ၏။ 7တချို့​မှာ ဆူးပင်​ကြား​တွင် ကျ​သဖြင့် ဆူးပင်တို့​သည် ကြီးထွား​၍ ထို​အပင်ငယ်တို့​ကို ပိတ်ဆို့ထားကြ၏။ 8တချို့​မှာ ကောင်းသော​မြေ​၌ ကျ​သဖြင့် အဆ​သုံးဆယ်၊ အဆ​ခြောက်ဆယ်၊ အဆ​တစ်ရာ တိုးပွား​၍ အသီး​သီးကြ၏။ 9နား​ရှိသောသူ​သည် ကြား​၍ နားလည်ပါစေ” ဟူ၍ ဖြစ်၏။
10တပည့်တော်များ​သည် လာ​၍ “သခင်​သည် လူတို့​အား ဟောပြော​ရာတွင် အဘယ်ကြောင့် ပုံဥပမာများ​ကို အသုံးပြုတော်မူသနည်း” ဟု ကိုယ်တော်​အား မေးလျှောက်ကြ၏။
11ကိုယ်တော်​က “သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​၏ လျှို့ဝှက်​နက်နဲသော​အကြောင်းအရာများ​ကို သိခွင့်​ရကြ​သော်လည်း အခြားသူများ​မှာ သိခွင့်​မရကြ။ 12ရှိသော​သူတို့​အား များစွာ​ထပ်​၍ ပေးတော်မူ​သဖြင့် သူတို့​သည် ကြွယ်ဝကြ​လိမ့်မည်။ မရှိသော​သူတို့​ထံမှ​မူ သူတို့​၌​ရှိသော​အရာ​ကိုပင် သိမ်းယူတော်မူ​လိမ့်မည်။ 13ငါ​သည် ဤ​ပုံဥပမာများ​ဖြင့် ပြောဆိုရခြင်း​မှာ
‘သူတို့​သည် ကြည့်​သော်လည်း မမြင်ကြ၊
နားထောင်​သော်လည်း မကြားကြ၊ အဓိပ္ပာယ်​ကို​လည်း​နားမလည်ကြ’
သောကြောင့် ဖြစ်၏။
14ဤသို့ဖြင့် ဟေရှာယ​၏ ကြိုတင်​ဟောပြောချက်​သည် သူတို့​၌ ဖြစ်လာလေ၏။ ထို​ဟောပြောချက်​မှာ
‘သင်တို့​သည် ငါ​ပြောသည့်​စကား​ကို နားထောင်​လျက်နှင့်ပင်
နားမလည်ကြ။
ငါ​လုပ်ဆောင်သည့်​အရာ​ကို ကြည့်​လျက်နှင့်ပင်
သဘောမပေါက်နိုင်ကြ။
15ဤ​လူတို့​၏ စိတ်နှလုံး​သည် ထုံထိုင်း၏။
သူတို့​၏ နား​သည်​ထိုင်းကြ၏။
မျက်စိ​ကိုလည်း ပိတ်ထားကြ၏။
ထို့ကြောင့် သူတို့​၏ မျက်စိ​သည် မမြင်နိုင်ကြ။
နား​သည် မကြားနိုင်ကြ။
နားမလည်နိုင်​သောကြောင့် စိတ်နှလုံး​သည်လည်း
ငါ့​ထံသို့​မပြောင်းလဲနိုင်ကြ။
ငါ့​ကုသမှု​ကိုလည်း မခံယူနိုင်ကြ’#13:15 ဟေရှာ ၆:၉-၁၀။
ဟူ၍ ဖြစ်၏။
16သို့ရာတွင် သင်တို့​၏ မျက်စိ​သည် မြင်​သောကြောင့် မင်္ဂလာ​ရှိကြ၏။ သင်တို့​၏​နား​သည် ကြား​သောကြောင့် မင်္ဂလာ​ရှိကြ၏။ 17သင်တို့​အား ငါ​အမှန်​ဆို၏။ သင်တို့​မြင်ရသော​အရာတို့​ကို ရှေးခေတ်​က ပရောဖက်များ​နှင့် ဖြောင့်မတ်သောသူတို့​သည် မြင်လိုခဲ့ကြ၏။ သို့သော်လည်း မမြင်ခဲ့ကြရ။ သင်တို့​ကြားရသော​အကြောင်းအရာတို့​ကိုလည်း ကြားလိုခဲ့ကြ၏။ သို့သော်လည်း မကြားခဲ့ကြရ။
18မျိုးစေ့​ကြဲသူ​ပုံဥပမာ​၏ အနက်​အဓိပ္ပာယ်​ကို နားထောင်ကြလော့။ 19လမ်း​ပေါ်တွင် ကျသော​မျိုးစေ့​မှာ နိုင်ငံတော်​နှင့်​ဆိုင်သော တရားစကား​ကို ကြား​သော်လည်း နားမလည်သော​သူ​ကို ဆိုလို၏။ ထိုအခါ မာရ်နတ်​သည်​လာ​၍ ထို​သူ၏​စိတ်နှလုံး​တွင် ကြဲထားသော​မျိုးစေ့​ကို နုတ်ယူလေ၏။ 20ကျောက်ပေါသော​မြေ​တွင် ကျသော​မျိုးစေ့​မှာ တရားစကား​ကို​ကြား​သော် ဝမ်းမြောက်​စွာ ချက်ချင်း​ခံယူသော​သူ​ကို ဆိုလို၏။ 21သို့သော်လည်း ထို​တရားစကား​မှာ သူတို့​၏ စိတ်နှလုံး​တွင် အမြစ်​မစွဲ​သောကြောင့် ခဏ​သာ​ခံ၏။ ထို​တရားစကား​ကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရ​သောအခါ ချက်ချင်း​ပင် ဖောက်ပြန်တတ်၏။ 22ဆူးပင်​ကြား​တွင် ကျသော​မျိုးစေ့​မှာ တရားစကား​ကို​ကြား​သော်လည်း လောကီရေးရာ​ကို​စိုးရိမ်ခြင်း​နှင့် စည်းစိမ်​၏​ဖြားယောင်းခြင်းတို့​က ထို​တရားစကား​ကို လျင်မြန်​စွာ ပိတ်ဆို့ထား​သဖြင့် အသီး​မသီးနိုင်သော​သူ​ကို ဆိုလို၏။ 23ကောင်းသော​မြေ​၌ ကျသည့်​မျိုးစေ့​မှာ တရားစကား​ကို ကြား​၍ နားလည်​သဖြင့် အဆ​သုံးဆယ်၊ အဆ​ခြောက်ဆယ်​နှင့် အဆ​တစ်ရာ တိုးပွား​၍ အသီး​သီးသော​သူ​ကို ဆိုလိုသည်” ဟု မိန့်တော်မူ၏။
ဂျုံပင်​နှင့်​ပေါင်းပင်များ ပုံဥပမာ
24အခြား​ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူသည်​မှာ “ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ လယ်သမား​တစ်ဦး​သည် ကောင်းသော​မျိုးစေ့​ကို လယ်​၌ ကြဲ၏။ 25သို့ရာတွင် လယ်လုပ်သားများ အိပ်ပျော်​နေစဉ် ရန်သူ​သည် လာ​၍ ပေါင်းမျိုးစေ့များ​ကို ဂျုံစေ့များ​ကြား​တွင် ကြဲ​ပြီးနောက် ထွက်ခွာသွား၏။ 26ဂျုံပင်များ​ကြီးထွားလာ​၍ ဂျုံနှံများ​ထွက်လာ​သောအခါ ပေါင်းပင်များ​သည်လည်း ကြီးထွားလာကြ၏။
27ထိုအခါ လယ်လုပ်သားများ​သည် လယ်ရှင်​ထံသို့ သွားရောက်​၍ ‘သခင်… သခင်​သည် လယ်​တွင် ကောင်းသော​မျိုးစေ့​ကို ကြဲခဲ့သည်​မဟုတ်လော။ သို့ဖြစ်လျှင် ဤ​ပေါင်းပင်များ​သည် မည်သည့်​နေရာ​မှ ရောက်လာပါသနည်း’ ဟု လျှောက်ကြ၏။
28လယ်ရှင်​က ‘ဤအရာ​သည် ရန်သူ​၏​လုပ်ရပ် ဖြစ်သည်’ ဟု ဆို၏။ ထိုအခါ လယ်လုပ်သားများ​က ‘အကျွန်ုပ်တို့​သွား​၍ ထို​ပေါင်းပင်များ​ကို နုတ်ယူ​ရမည်လော’ ဟု မေးမြန်းကြ၏။
29သို့သော် လယ်ရှင်​က ‘မနုတ်ကြနှင့်။ ပေါင်းပင်များ​ကို သင်တို့ နုတ်​သောအခါ ဂျုံပင်များ​ကို​ရောနှော​၍ နုတ်မိ​လိမ့်မည်။ 30ရိတ်သိမ်းချိန်​တိုင်အောင် နှစ်မျိုးလုံး အတူတကွ​ကြီးထွားပါစေ။ ထို့နောက် ငါ​သည် ရိတ်သိမ်းသူတို့​အား ထို​ပေါင်းပင်များ​ကို နုတ်​၍ မီးရှို့​ရန် စည်းနှောင်​စေမည်။ ဂျုံစပါး​ကိုမူ ကျီ​ထဲသို့​သွင်း​စေမည်’ ဟု ပြောလေ၏” ဟူ၍ ဖြစ်၏။
မုန်ညင်းစေ့ ပုံဥပမာ
31အခြား​ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူသည်​မှာ “ကောင်းကင်​နိုင်ငံတော်​သည် စိုက်ခင်း​တွင် စိုက်ထားသော​မုန်ညင်းစေ့​နှင့် တူ၏။ 32မုန်ညင်းစေ့​သည် မျိုးစေ့​ရှိသမျှ​တွင် အသေးငယ်ဆုံး​ဖြစ်သော်လည်း ကြီးထွားလာ​သောအခါ အခြား​ဟင်းသီးဟင်းရွက်ပင်တို့​ထက်​ကြီးသော​အပင် ဖြစ်​သောကြောင့် ငှက်များ​သည် လာ​၍ အကိုင်းအခက်တို့​တွင် အသိုက်​ဆောက်ကြ၏” ဟူ၍ ဖြစ်၏။
တဆေး ပုံဥပမာ
33အခြား​ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူသည်​မှာ “ကောင်းကင်​နိုင်ငံတော်​သည် အမျိုးသမီး​တစ်ဦး မုန့်​လုပ်​ရာတွင် သုံးသည့်​တဆေး​နှင့်​တူ၏။ ထို​အမျိုးသမီး​က ဂျုံမှုန့်​သုံးတင်း​ထဲသို့ တဆေး​အနည်းငယ်​ကိုသာ ထည့်​သော်လည်း ထို​တဆေး​သည် မုန့်​အားလုံး​ကို ဖောင်းကြွစေသည်” ဟူ၍ ဖြစ်၏။
34ထိုသို့ ယေရှု​သည် ပုံဥပမာများ​သုံး​၍ ဤ​အကြောင်းအရာများ​ကို လူထု​အား ဟောပြောတော်မူ၏။ ပုံဥပမာများ​မသုံးဘဲ ဟောတော်မမူပေ။ 35ဤသို့​ဟောတော်မူခြင်း​မှာ
“ပုံဥပမာ​ဖြင့် ငါ​ဟောပြောမည်။
ကမ္ဘာ#13:35 အချို့​လက်ရေးမူကျမ်းများ​တွင် “ကမ္ဘာ” မပါဝင်ပါ။​တည်ချိန်​ကတည်းက ကွယ်ဝှက်ထားသော​အရာ​ကို ဖော်ထုတ်​ပြောဆိုမည်”#13:35 ဆာ ၇၈:၂။
ဟု ပရောဖက်​မှတစ်ဆင့် မိန့်တော်မူသော​အရာ ဖြစ်လာ​စေရန်​ပင်။
ဂျုံပင်​နှင့်​ပေါင်းပင်များ ပုံဥပမာ​ကို ရှင်းပြတော်မူခြင်း
36ထို့နောက် ယေရှု​သည် လူထု​ကို အပြင်​၌​ထားခဲ့​၍ အိမ်​ထဲသို့ ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့​က “လယ်​၌​ရှိသော ပေါင်းပင်များ​ပုံဥပမာ​ကို အကျွန်ုပ်တို့​အား ရှင်းပြတော်မူပါ” ဟု လျှောက်ကြ၏။
37ယေရှု​က “ကောင်းသော​မျိုးစေ့​ကို ကြဲသော​သူ​မှာ လူသား#13:37 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော​ဂုဏ်ပုဒ်​ဖြစ်သည်။​ဖြစ်၏။ 38လယ်​မှာမူ ဤ​လောက​ဖြစ်၏။ ကောင်းသော မျိုးစေ့​မှာ ဘုရားသခင်​၏​နိုင်ငံတော်သားများ​ဖြစ်၏။ ပေါင်းပင်များ​မှာ မာရ်နတ်​၏ သားသမီးများ​ဖြစ်၏။ 39ဂျုံစေ့​ကြား​တွင် ပေါင်းမျိုးစေ့​ကို​ကြဲသော ရန်သူ​မှာ မာရ်နတ်​ဖြစ်၏။ ရိတ်သိမ်းချိန်​မှာ ကမ္ဘာ​ကုန်ဆုံးချိန်​ဖြစ်ပြီး ရိတ်သိမ်းသူများ​မှာ ကောင်းကင်တမန်များ​ဖြစ်၏။
40ပေါင်းပင်များ​ကို​နုတ်​၍ မီးရှို့​သကဲ့သို့ ကမ္ဘာ​ကုန်ဆုံးချိန်​တွင်လည်း ထိုသို့​ဖြစ်​လိမ့်မည်။ 41လူသား​သည် မိမိ​၏​ကောင်းကင်တမန်များ​ကို စေလွှတ်​လိမ့်မည်။ ထို​ကောင်းကင်တမန်တို့​သည် အပြစ်​ကျူးလွန်စေသော​သူများ​နှင့် မတရားမှု​ပြုသူများ​အားလုံး​ကို နိုင်ငံတော်​မှ ဖယ်ရှား​ကာ 42မီးဖို​ထဲသို့ ပစ်ချကြ​သဖြင့် ထို​သူတို့​သည် အံကြိတ်​၍ ငိုကြွေးရ​လိမ့်မည်။ 43ဖြောင့်မတ်သော​သူတို့​မှာမူ ခမည်းတော်​၏​နိုင်ငံတော်​တွင် နေ​ကဲ့သို့ တောက်ပ​လိမ့်မည်။ နား​ရှိသောသူ​သည် ကြား​၍ နားလည်ပါစေ။
ဝှက်ထားသော​ဘဏ္ဍာ​နှင့်​ပုလဲ ပုံဥပမာ
44ကောင်းကင်​နိုင်ငံတော်​သည် လယ်​ထဲ၌ ဝှက်ထားသော​ဘဏ္ဍာ​နှင့်​တူ၏။ တစ်စုံတစ်ဦး​သည် ထို​ဘဏ္ဍာ​ကို တွေ့​သောအခါ တစ်ဖန်​ဝှက်ထား၏။ ထို့နောက် ဝမ်းမြောက်​စွာ သွား​လျက် မိမိ​၌​ရှိသော​အရာ​အားလုံး​ကို​ရောင်း​၍ ထို​လယ်​ကို​ဝယ်လေ၏။
45တစ်ဖန် ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ ကုန်သည်​တစ်ဦး​သည် အရည်အသွေး​ကောင်းသော​ပုလဲ​ကို ရှာဖွေနေ၏။ 46ထို​သူ​သည် အလွန်​အဖိုးတန်သော ပုလဲ​တစ်လုံး​ကို တွေ့​သောအခါ မိမိ​၌ ရှိသော​အရာ​အားလုံး​ကို ရောင်းချပြီး ထို​ပုလဲ​ကို ဝယ်လေ၏။
ပိုက်ကွန် ပုံဥပမာ
47တစ်ဖန် ကောင်းကင်​နိုင်ငံတော်​သည် ပင်လယ်​ထဲသို့​ချ​၍ ငါး​မျိုးစုံ​ကို ဖမ်းမိသော​ပိုက်ကွန်​နှင့် တူ၏။ 48ထို​ပိုက်ကွန်​တွင် ငါးများ​ပြည့်​သောအခါ တံငါတို့​သည် ကမ်း​သို့ ဆွဲတင်ကြ၏။ ထို့နောက် ထိုင်​လျက် ကောင်းသော​ငါးများ​ကို ခြင်း​ထဲသို့​ရွေးထည့်​ကာ မကောင်းသော​ငါးများ​ကို အပြင်သို့​ပစ်လိုက်ကြ၏။ 49ကမ္ဘာ​ကုန်ဆုံးချိန်​တွင်လည်း ထိုသို့ပင် ဖြစ်​လိမ့်မည်။ ကောင်းကင်တမန်များ​သည် လာ​၍ ဆိုးသွမ်းသူတို့​ကို ဖြောင့်မတ်သူများ​ထံမှ ခွဲထားကြမည်။ 50ထို့နောက် ဆိုးသွမ်းသူများ​ကို မီးဖို​ထဲသို့ ပစ်ချကြ​သဖြင့် သူတို့​သည် အံကြိတ်​၍ ငိုကြွေးရ​လိမ့်မည်” ဟု မိန့်တော်မူ၏။ 51ကိုယ်တော်​က “ဤ​အရာ​အားလုံး​ကို သင်တို့ နားလည်ကြသလော” ဟု မေးတော်မူ​ရာ တပည့်တော်များ​က “နားလည်ပါသည်” ဟု လျှောက်ကြ၏။
52ထိုအခါ ယေရှု​က “ကောင်းကင်​နိုင်ငံတော်​တွင် တပည့်​ဖြစ်လာသော ကျမ်းတတ်ဆရာ​သည် မိမိ​၏ ဘဏ္ဍာတိုက်​ထဲမှ ဥစ္စာသစ်​နှင့် ဥစ္စာဟောင်းတို့​ကို ထုတ်ယူလာသော အိမ်ရှင်​နှင့်​တူ၏” ဟု မိန့်တော်မူ၏။
နာဇရက်မြို့​၌ ငြင်းပယ်ခံရတော်မူခြင်း
53ဤ ပုံဥပမာများ​ကို မိန့်တော်မူ​ပြီးနောက် ယေရှု​သည် ထို​ဒေသ​မှ ကြွတော်မူ၏။ 54ထို့နောက် မိမိ​နေရပ်မြို့​ဖြစ်သည့် နာဇရက်မြို့​သို့​ရောက်​သော် ဂျူးဝတ်ပြုဆောင်​တွင် ဟောပြောတော်မူ၏။ ထို့ကြောင့် မြို့သူမြို့သားတို့​က အံ့အားသင့်​လျက် “သူ​သည် ဤ​ပညာ​နှင့် အံ့ဖွယ်တန်ခိုးတို့​ကို အဘယ်က​ရသနည်း။ 55သူ​သည် လက်သမား​၏​သား မဟုတ်လော။ သူ​၏​မိခင်​သည် မာရိ​မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ရှိမုန်​နှင့် ယုဒ​တို့​သည် သူ​၏​ညီများ​ဖြစ်ကြသည် မဟုတ်လော။ 56သူ​၏ နှမတို့​သည်လည်း ငါတို့​နှင့် တစ်ရပ်တည်းသားများ​ပင် မဟုတ်လော။ သို့ဖြစ်လျှင် ဤ​ပညာ​နှင့် အံ့ဖွယ်တန်ခိုးတို့​ကို သူ​သည် အဘယ်က​ရသနည်း” ဟု ဆို​ကာ 57ကိုယ်တော်​အပေါ် ဘဝင်မကျ​ဖြစ်ကြ၏။ သို့သော် ယေရှု​က သူတို့​အား “ပရောဖက်​သည် မိမိ​နေရပ်မြို့၊ မိမိ​အိမ်​မှလွဲ၍ အခြားသော​အရပ်​တွင် ဂုဏ်အသရေရှိသည်” ဟု မိန့်တော်မူ၏။ 58မြို့သားတို့​မယုံကြည်​သောကြောင့် ယေရှု​သည်လည်း ထို​မြို့​တွင် အံ့ဖွယ်တန်ခိုး​များစွာ ပြတော်မမူပေ။

Valgt i Øjeblikket:

မဿဲ 13: BCB

Markering

Del

Kopiér

None

Vil du have dine markeringer gemt på tværs af alle dine enheder? Tilmeld dig eller log ind