ရှင်မဿဲ 19
19
လင်မယားကွာရှင်းခြင်း
(မာ၊ ၁၀:၁-၁၂။)
1ထိုဒေသနာတော်ကို ယေရှုသည်အကုန်အစင် ဟောတော်မူပြီးလျှင်၊ ဂါလိလဲပြည်မှပြောင်း၍ ယုဒပြည်စွန်း၊ ယော်ဒန်မြစ်တစ်ဖက်သို့ ကြွတော်မူ၏။- 2လူများအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြသည်ဖြစ်၍၊ ထိုအရပ်၌ အနာရောဂါများကို ငြိမ်းစေတော်မူ၏။- 3ဖာရိရှဲတို့သည် အထံတော်သို့လာ၍ လူသည် ခပ်သိမ်းသောအပြစ်ကြောင့် မိမိမယားနှင့် ကွာအပ်သလောဟု စုံစမ်းနှောင့်ယှက်ခြင်းငှာ မေးလျှောက်ကြသော်၊- 4ကိုယ်တော်က၊ အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့် မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။-#က၊ ၁:၂၇၊ ၅:၂။ 5ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မဖတ်ဖူးသလော။-#က၊ ၂:၂၄။ 6ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင် တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။- 7ဖာရိရှဲတို့ကလည်း၊ ထိုသို့မှန်လျှင် ဖြတ်စာကိုပေး၍ မယားနှင့်ကွာစေခြင်းငှာ မောရှေသည် အဘယ်ကြောင့် စီရင်သနည်းဟု လျှောက်ကြသော်၊-#တရား၊ ၂၄:၁-၄။ မ၊ ၅:၃၁။ 8ကိုယ်တော်က၊ သင်တို့စိတ်နှလုံး ခိုင်မာသောကြောင့် မယားနှင့် ကွာရသောအခွင့်ကို မောရှေသည် စီရင်၏။ အစအဦး၌ ထိုသို့မဟုတ်။- 9ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့် စုံဖက်သောသူသည်လည်း သူ့မယားကိုပြစ်မှားသည်ဟု မိန့်တော်မူ၏။#မ၊ ၅:၃၂။ ၁ကော၊ ၇:၁၀-၁၁။
10တပည့်တော်တို့ကလည်း၊ လင်မယားအမှုသည် ဤသို့ဖြစ်လျှင် စုံဖက်ခြင်းကို မပြုကောင်းပါဟု လျှောက်ကြ၏။- 11ကိုယ်တော်ကလည်း၊ ထိုစကားကို လူတိုင်းမခံမယူနိုင်။ အခွင့်ရသောသူတို့သာ ခံယူနိုင်ကြ၏။- 12လူအချို့တို့သည် အမိဝမ်းတွင်းကပင် မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် သူတစ်ပါးဆုံးမ၍ မိန်းမလျှာ ဖြစ်ကြ၏။ အချို့တို့သည် ကောင်းကင်နိုင်ငံတော်အဖို့ အလို့ငှာ မိမိကိုယ်ကိုဆုံးမ၍ မိန်းမလျှာဖြစ်ကြ၏။ ထိုစကားကို ခံယူနိုင်သောသူသည် ခံယူစေဟု မိန့်တော်မူ၏။
သူငယ်များကိုကောင်းချီးပေးခြင်း
(မာ၊ ၁၀:၁၃-၁၆။ လု၊ ၁၈:၁၅-၁၇။)
13ထိုအခါ သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်၍ မေတ္တာပို့တော်မူစေခြင်းငှာ အထံတော်သို့ ဆောင်ခဲ့သည်ဖြစ်၍ တပည့်တော်တို့သည် အပြစ်တင်ကြ၏။- 14ယေရှုကလည်း၊ ထိုသူငယ်တို့ကို ရှိစေတော့။ ငါ့ထံသို့လာသည်ကို မဆီးတားကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်သည်ဟု မိန့်တော်မူ၍၊- 15သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်ပြီးလျှင်၊ ထိုအရပ်မှ ကြွသွားတော်မူ၏။
ဥစ္စာကြွယ်ဝသူ
(မာ၊ ၁၀:၁၇-၃၁။ လု၊ ၁၈:၁၈-၃၀။)
16ထိုနောက်လူတစ်ယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို ရအံ့သောငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊- 17ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ၏။- 18အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက်ပြန်သော်၊ လူအသက်ကို မသတ်နှင့်။ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။-#ထွ၊ ၂၀:၁၃-၁၆။ တရား၊ ၅:၁၇-၂၀။ 19မိဘကို ရိုသေစွာပြုလော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ၏။-#ထွ၊ ၂၀:၁၂။ တရား၊ ၅:၁၆။ ဝတ်၊ ၁၉:၁၈။ 20ထိုလုလင်ကလည်း၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍စောင့်ရှောက်ပါပြီ။ အဘယ်အကျင့် လိုသေးသနည်းဟု လျှောက်ပြန်လေ၏။- 21ယေရှုကလည်း၊ သင်သည်စုံလင်ခြင်းသို့ ရောက်လိုလျှင် သွားလော့။ ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။- 22ထိုလုလင်သည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် စိတ်မသာသည်နှင့် သွားလေ၏။
23ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ငွေရတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ၏။- 24တစ်ဖန် ငါဆိုသည်ကား၊ ကုလားအုတ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အားမိန့်တော်မူ၏။- 25ထိုသူတို့သည်ကြားလျှင် အလွန်မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်းဟု ပြောဆိုကြ၏။- 26ယေရှုသည်လည်း သူတို့ကိုကြည့်ရှု၍ ဤအမှုကို လူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။
27ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ။ အဘယ်အကျိုးကို ရကြပါမည်နည်းဟု လျှောက်လေသော်၊- 28ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ၊ ငါ့နောက်သို့လိုက်ကြသော သင်တို့သည် တစ်ဆယ်နှစ်ခုသော ပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသရေလလူ တစ်ဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတ္တံ့။-#မ၊ ၂၅:၃၁။ လု၊ ၂၂:၃၀။ 29အကြင်သူသည် ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏။ ထိုသူသည် အဆတစ်ရာ သောအကျိုးကို ရ၍ ထာဝရအသက်ကို အမွေခံရလတ္တံ့။- 30နောက်ကျသောသူ အများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျကြလိမ့်မည်။#မ၊ ၂၀:၁၆။ လု၊ ၁၃:၃၀။
বর্তমানে নির্বাচিত:
ရှင်မဿဲ 19: JBMLE
হাইলাইট
শেয়ার
কপি
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.