YouVersion Logo
Search Icon

Luke 8

8
1အချိန်အတန်ကြာပြီးနောက် ကိုယ်တော်ယေရှုသည် သာဝကတစ်ဆယ့်နှစ်ဦးနှင့်အတူ မြို့ရွာအနှံ့သို့ သွားရောက်ကာ ဘုရားရှင်၏သာသနာတော်အကြောင်းနှင့်ဆိုင်သော မင်္ဂလာသတင်းကောင်းကို ဟောပြောသွန်သင်လေ၏။ 2ထိုသို့သွားရာ၌ အနာရောဂါ ပျောက်ကင်းစေခြင်းခံခဲ့ရသူများနှင့် မကောင်းဆိုးဝါးပူးကပ်ခြင်းမှ ပျောက်ကင်းစေခဲ့ဖူးသော အမျိုးသမီးအချို့လည်း ကိုယ်တော်နှင့်အတူ လိုက်ပါလာကြ၏။ ထိုအမျိုးသမီးတို့တွင် မကောင်းဆိုးဝါးခုနစ်ကောင် ထွက်ခဲ့သော မာဂဒလရွာသူ မာရိ၊ 3ဘုရင်ခံဟေရုဒ်၏အမှုထမ်းဖြစ်သူ ခုဇ၏ဇနီး ယောဟန္နနှင့် ရှုရှန္နတို့လည်း ပါဝင်ကြသည်။ သူတို့သည် မိမိစရိတ်ဖြင့် ကိုယ်တော်ယေရှုနှင့် တပည့်တော်တို့အား လုပ်ကျွေးထောက်ပံ့ကြလေ၏။ 4မြို့ရွာအနှံ့အပြားမှ များစွာသောလူအပေါင်းတို့သည် အထံတော်သို့လာ၍ စုဝေးလျက်ရှိကြသောအခါ ကိုယ်တော်က ထိုသူတို့အား ပုံဥပမာတစ်ခုဖြင့် မိန့်တော်မူသည်မှာ 5“တစ်ခါက လယ်သမားတစ်ဦးသည် လယ်ကွင်း၌ မျိုးစေ့ကြဲရန် သွားလေ၏။ သူမျိုးစေ့ကြဲသောအခါ အချို့သောမျိုးစေ့သည် လမ်းပေါ်မှာကျသဖြင့် လူသူနင်းလျှောက်ခြင်းကို ခံရ၍ ငှက်များ ကောက်ယူစားသုံးခြင်းကိုလည်း ခံရ၏။ 6အချို့သောမျိုးစေ့တို့သည် မြေဆီလွှာနဲပါးသည့် ကျောက်ခံမြေပေါ်တွင် ကျသဖြင့် အပင်များပေါက်လာသော်လည်း အစိုဓါတ်နည်းပါးသောကြောင့် မကြာခင်မှာပင် ညှိုးနွမ်းခြောက်သွေ့သွားတတ်ကြ၏။ 7အချို့သောမျိုးစေ့မှာမူ ဆူးချုံပင်များအောက်ကို ကျသဖြင့် အပင်များပေါက်လာသော်လည်း ဆူးချုံပင်များ၏ကာဆီးပိတ်ဆို့ထားခြင်းကို ခံရသဖြင့် သီးနှံဖြစ်ထွန်းခြင်းမရှိကြပေ။ 8အချို့သောမျိုးစေ့တို့မှာမူကား ကောင်းမွန်သောမြေဆီလွှာပေါ်တွင် ကျသဖြင့် အပင်များပေါက်လာကာ သီးနှံများအဆတစ်ရာမျှ ဖြစ်ထွန်းတတ်ကြ၏” ဟုမိန့်တော်မူလေ၏။
ထိုသို့မိန့်တော်မူပြီးနောက် ကိုယ်တော်က “နားရှိ၍ ကြားနာနိုင်သောသူတို့၊ အာရုံစိုက်၍ နားထောင်ကြလော့” ဟု ကြွေးကြော်တော်မူ၏။ 9ထို့နောက် တပည့်တော်များက ကိုယ်တော်အား ပုံဥပမာ၏ဆိုလိုရင်းကို မေးမြန်းကြ၏။ 10ထိုအခါ ကိုယ်တော်က “ဘုရားရှင်က သင်တို့အား သာသနာတော်၏လျှို့ဝှက်နက်နဲသော အကြောင်းအရာများကို ကြားသိနိုင်သောအခွင့်ကို ပေးအပ်ထားပြီးဖြစ်၏။ သို့သော် အခြားသူတို့မှာမူကား
ကြည့်သော်လည်း မမြင်၊
ကြားသော်လည်း နားမလည်နိုင်ကြသည့်အတွက်
သူတို့အား ဤကဲ့သို့ပုံဥပမာများဖြင့် ရှင်းပြရခြင်းဖြစ်၏” ဟုမိန့်ဆိုလေ၏။ 11ကိုယ်တော်က ဆက်လက်၍ “မျိုးကြဲသူပုံဥပမာ၏ဆိုလိုရင်းအဓိပ္ပါယ်မူကား မျိုးစေ့သည် ဘုရားရှင်၏နှုတ်ကပတ်တော်များဖြစ်၏။ 12လမ်းပေါ်တွင်ကျသောမျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်များကို ကြားနာရသောအခါ၌ ထိုသူများကယ်တင်ခြင်းကို မခံရစေရန် မာရ်နတ်သည် လာရောက်၍ နှုတ်ကပတ်တော်များကို သူတို့၏နှလုံးသားထဲမှ နှုတ်ယူသွားခြင်းခံရသောသူများဖြစ်ကြ၏။ 13ကျောက်ခံမြေပေါ်တွင်ကျသောမျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်များကို ကြားနာရသောအခါ၌ ဝမ်းမြောက်ဝမ်းသာခံယူကြသော်လည်း သူတို့၏စိတ်နှလုံးတွင် တည်မြဲခြင်းမရှိဘဲ အချိန်ခဏတာမျှသာ ယုံကြည်လက်ခံကြပြီး ဘဝသက်တမ်း၌ ခက်ခဲကြမ်းတမ်းမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အချိန်တွင် ထိုသူတို့၏ယုံကြည်ခြင်းသည် ချက်ချင်းရပ်တန့်သွားတတ်ကြသူများဖြစ်ကြ၏။ 14ဆူးချုံပင်များအောက်ကို ကျသောမျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်များကို ကြားနာကြရသော်လည်း လောကီနှင့်ဆိုင်သောစိုးရိမ်ပူပန်ခြင်းများ၊ စည်းစိမ်ကြွယ်ဝခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတို့ဖြင့် ကာဆီးပိတ်ဆို့ခံရသဖြင့် အသီးအနှံမဖြစ်ထွန်းကြပေ။ ထိုသို့အသီးအနှံမဖြစ်ထွန်းသောအပင်သည် လယ်သမားအတွက် အသုံးမဝင်သကဲ့သို့ ထိုသူတို့သည်လည်း ဘုရားရှင်အတွက် အသုံးမဝင်သောသူများဖြစ်ကြ၏။ 15ကောင်းမွန်သောမြေဆီလွှာတွင်ကျသောမျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်များကို ကြားနာရသောအချိန်တွင် သူတို့၏ဖြောင့်မတ်စင်ကြယ်သောစိတ်နှလုံး၌ မြဲမြံစွာသိမ်းဆည်း၍ လိုက်နာကျင့်သုံးကြသည့်အတွက် အသီးအနှံများ အဆတစ်ရာမျှ ဖြစ်ထွန်းကြသောအပင်များကဲ့သို့ဖြစ်လာကြပြီး ဘုရားရှင်နှစ်သက်တော်မူသောသူများဖြစ်လာကြ၏” ဟုမိန့်တော်မူ၏။ 16တဖန် ကိုယ်တော်က “မီးအိမ်ကို မီးထွန်းညှိ၍ တောင်းနှင့်အုပ်ထားသောသူ သို့မဟုတ် အိပ်ကုတင်အောက်တွင် ဝှက်ထားသောသူဟူ၍ မရှိ။ ဝင်လာသောသူများ အလင်းရောင်ရစေရန် မီးအိမ်ကို မီးတိုင်ပေါ်တွင်သာ ချိတ်ဆွဲထားလေ့ရှိသည်မဟုတ်လော။ 17ရှာ၍ မတွေ့နိုင်အောင် ကွယ်ဝှက်ထားနိုင်သည့်အရာဟူသည် မရှိ၊ မသိနိုင်အောင် ထားနိုင်သည့် လျှို့ဝှက်ချက်ဟူ၍လည်း မရှိတတ်။ 18သို့ဖြစ်၍ နှုတ်ကပတ်တော်ကို အာရုံစိုက်၍ ကြားနာကြလော့။ အနည်းငယ်နားလည်သောသူကို ပို၍နားလည်စေလိမ့်မည်။ သို့သော် တစ်စုံတစ်ရာမျှ နားမလည်သောသူကိုမူကား သူနားလည်သည်ဟု မှားယွင်းစွာထင်ထားသောအရာတို့ကိုပင် ဖယ်ရှားခြင်းခံရလိမ့်မည်” ဟုမိန့်တော်မူ၏။ 19တစ်နေ့သ၌ ကိုယ်တော်၏မိခင်နှင့်ညီများသည်လည်း ကိုယ်တော့်ကိုတွေ့ဆုံရန် ရောက်လာကြရာ လူပရိသတ်များလွန်း၍ ကိုယ်တော်ထံပါးသို့ မရောက်နိုင်ဘဲရှိကြ၏။ 20ထို့ကြောင့် လူတစ်ဦးက ကိုယ်တော်အား “ကိုယ်တော်၏မိခင်နှင့် ညီငယ်တို့သည် ကိုယ်တော့်ကို မြင်တွေ့လို၍ အပြင်ဘက်၌ရပ်ကာ စောင့်နေကြပါ၏” ဟုလျှောက်တင်လေ၏။ 21ထိုအခါ ကိုယ်တော်က “ဘုရားရှင်၏နှုတ်ကပတ်တော်တို့ကို နာကြား၍ လိုက်နာကျင့်သုံးကြသောသူတို့သည် ငါ၏မိခင်နှင့် ညီအစ်ကိုများဖြစ်ကြ၏” ဟုမိန့်တော်မူလေ၏။ 22တစ်နေ့သောအခါကိုယ်တော်သည် တပည့်တော်များနှင့်အတူ လှေတစ်စီးပေါ်သို့တက်၍ “ဤရေအိုင်တစ်ဖက်ကမ်းသို့ ဖြတ်ကူးကြစို့” ဟုမိန့်တော်မူသဖြင့် သူတို့သည်လည်း ရွက်လွှင့်သွားကြလေ၏။ 23ထိုသို့ဖြတ်ကူးနေစဉ် ကိုယ်တော်သည် အိပ်မောကျတော်မူ၏။ ရုတ်တရက် လေပြင်းမုန်တိုင်းတိုက်ခတ်၍ လှေသည်လည်း နစ်မြုပ်စပြုလာပြီး အန္တရာယ်ကြုံကြရလေ၏။ 24ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်အား လှုပ်နှိုးလိုက်ပြီး “ကိုယ်တော်၊ ကိုယ်တော်၊ အကျွန်ုပ်တို့ သေရပါတော့မည်” ဟုလျှောက်တင်ကြသဖြင့်
ကိုယ်တော်သည် ထ၍ လေပြင်းမုန်တိုင်းနှင့် လှိုင်းလုံးကြီးများအား ရပ်တန့်သွားရန် အမိန့်ပေးလိုက်သည့်အခါ လေပြင်းမုန်တိုင်းနှင့် လှိုင်းလုံးကြီးများမှာ ငြိမ်သက်သွားလေတော့၏။ 25ထို့နောက် ကိုယ်တော်က တပည့်တော်များအား “သင်တို့၏ယုံကြည်ခြင်းသည် အဘယ်မှာနည်း” ဟုမေးတော်မူလျှင်
သူတို့သည် အံ့ဩတုန်လှုပ်ကြလျက် “ဤသူကား မည်သို့သောသူနည်း။ လှိုင်းလေများကပင် သူ့အမိန့်ကို နာခံကြပါသည်တကား” ဟူ၍ အချင်းချင်းပြောဆိုကြလေ၏။ 26ထို့နောက် ကိုယ်တော်နှင့်တပည့်တော်တို့သည် ဂါလိလဲအိုင်ကို ဖြတ်၍ ဂါရစမြို့အနီး ကမ်းခြေတစ်ခုသို့ ဆက်လက်ရွက်လွှင့်သွားကြ၏။ 27ထိုနေရာသို့ရောက်၍ ကိုယ်တော်သည် ကမ်းပေါ်သို့တက်သောအခါ ထိုမြို့မှ မကောင်းဆိုးဝါးပူးကပ်နေသူတစ်ဦးသည် ကိုယ်တော့်အား လာရောက်တွေ့ဆုံလေ၏။ သူ့တွင် မကောင်းဆိုးဝါးပူးကပ်နေသည်မှာ အချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်၍ သူသည် အိမ်၌လည်းမနေ၊ အဝတ်အစားလည်းမဝတ်ဘဲ သင်္ချိုင်းဂူများကြားတွင်သာ လှည့်လည်နေထိုင်လေ၏။ 28ထိုသူသည် ကိုယ်တော့်ကို မြင်တွေ့သောအခါ ရှေ့တွင် ကျိုးနွံစွာ ဒူးထောက်လိုက်ပြီး ကျယ်လောင်သောအသံဖြင့် “ဘုရားရှင်၏သားတော်ယေရှု၊ ကျွန်ုပ်ထံမှ မည်သည်ကိုအလိုရှိပါသနည်း။ အကျွန်ုပ်ကို နှိပ်စက်ခြင်းမပြုပါရန် ကိုယ်တော်ကို အကျွန်ုပ်တောင်းပန်ပါ၏” ဟုအော်ဟစ်၍လျှောက်တင်လေ၏။ 29ထိုသို့လျှောက်ထားရခြင်းမှာ ကိုယ်တော်က မကောင်းဆိုးဝါးအား ထိုသူ့ထံမှထွက်လာခဲ့ရန် အမိန့်ပေးလိုက်သောကြောင့် ဖြစ်သည်။ ထိုသူအား မကောင်းဆိုးဝါးသည် ကြိမ်ဖန်များစွာ ဒုက္ခပေး၏။ ထိုသူ၏ခြေလက်တို့ကို သံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်ကာ စောင့်ကြပ်ထားသော်လည်း သူသည် သံကြိုးများကို ဖြတ်ပစ်ကာ လူသူကင်းဝေးရာအရပ်သို့ မကောင်းဆိုးဝါး၏ခေါ်ဆောင်ခြင်းကို ခံရလေ၏။ 30ကိုယ်တော်က ထိုသူအား “သင်၏အမည် မည်သို့ခေါ်သနည်း” ဟုမေးတော်မူရာ
ထိုသူအထဲ၌ မကောင်းဆိုးဝါး မြောက်များစွာ ပူးကပ်ထား‌သောကြောင့် ထိုသူက “လေဂေါင်ဖြစ်ပါသည်” ဟုပြန်၍ လျှောက်တင်လေ၏။ 31ထိုမကောင်းဆိုးဝါးတို့သည် သူတို့အား မကောင်းဆိုးဝါးများကို အပြစ်ပေးသည့် အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ မပို့ရန် ကိုယ်တော်အား တောင်းပန်ကြလေ၏။ 32ထိုအချိန်၌ ဝက်အုပ်ကြီးတစ်အုပ်သည် တောင်ကုန်းပေါ်တွင် ကျက်စားလျှက်ရှိရာ မကောင်းဆိုးဝါးတို့သည် ထိုဝက်များထဲသို့ ဝင်ပူးခွင့်ပြုရန် ကိုယ်တော်အား တောင်းပန်ကြသဖြင့် ကိုယ်တော်ကလည်း ခွင့်ပြုတော်မူလေ၏။ 33ထို့ကြောင့် မကောင်းဆိုးဝါးတို့သည် ထိုလူထံမှထွက်၍ ဝက်များထဲသို့ ဝင်ပူးကြပြီးနောက် ထိုဝက်အုပ်ကြီးတစ်အုပ်လုံးသည် မတ်စောက်သောကမ်းပါးမှရေအိုင်ထဲသို့ တစ်ဟုန်ထိုးပြေးဆင်းကာ ရေနစ်သွားကြလေတော့၏။ 34ထိုအခါ ဝက်ထိန်းသမားတို့သည် ဤအဖြစ်အပျက်ကို မြင်တွေ့ရသောအခါ ပြေးထွက်သွားကြပြီး ထိုသတင်းအား တောရောမြို့ပါမကျန် ပြောကြားလေတော့၏။ 35လူတို့သည်လည်း ထိုအဖြစ်အပျက်ကို ကြည့်ရှုရန် မြို့ထဲမှထွက်လာကြလေ၏။ သူတို့သည် အထံတော်သို့ ရောက်ကြသောအခါ မကောင်းဆိုးဝါး ဝင်ပူးခြင်းမှ လွတ်မြောက်သွားသူသည် အဝတ်အစားများ ဝတ်ဆင်လျှက် ကိုယ်တော်၏ခြေတော်ရင်းတွင် အကောင်းပကတိအတိုင်း ထိုင်လျှက်ရှိနေသည်ကို မြင်တွေ့ကြသောအခါ အံ့ဩတုန်လှုပ်သွားကြလေ၏။ 36ထိုအဖြစ်အပျက်တို့ကို ကိုယ်တိုင်မြင်လိုက်ရသူတို့က မကောင်းဆိုးဝါးပူးကပ်ခြင်းမှ ထိုသူ မည်ကဲ့သို့ ကယ်တင်ခံရပုံကို ပြောပြကြ၏။ 37ထိုအခါ ဂါရစမြို့ဝန်းကျင်မှ လာသောလူတိုင်းသည် အလွန်ကြောက်ရွံ့သွားကြသဖြင့် ကိုယ်တော်အား ထိုအရပ်မှ ထွက်ခွာသွားပါရန် တောင်းဆိုကြသောကြောင့် ကိုယ်တော်လည်း တပည့်တော်များနှင့်အတူ လှေဖြင့် ထိုအရပ်မှထွက်ခွာလေ၏။ 38ထိုအခါ မကောင်းဆိုးဝါး ပူးကပ်ခံရခြင်းမှ လွတ်မြောက်သွားသူသည်လည်း ကိုယ်တော်နှင့်အတူ လိုက်ပါခွင့်ပြုရန် လျှောက်ထားတောင်းပန်လေရာ ကိုယ်တော်က ထိုသူအား လိုက်ပါခွင့်မပြုဘဲ သူ့အား 39“အိမ်ကို ပြန်၍ သင့်အပေါ်တွင် ဘုရားရှင်ပြုပေးတော်မူသော ကောင်းကျိုးတို့ကို လူတိုင်းကို ပြန်လည်ပြောပြလော့” ဟုမိန့်မှာတော်မူ၏။ ထို့ကြောင့် သူသည်လည်း မြို့အနှံ့သွား၍ ဖြစ်ပျက်ခဲ့သည်များကို လိုက်လံပြောကြားလေတော့၏။ 40တဖန် ကိုယ်တော်ယေရှုသည် အိုင်၏တစ်ဖက်ကမ်းသို့ ပြန်လည်ကြွလာတော်မူသောအခါ လူထုပရိသတ်တို့သည် စောင့်ဆိုင်း၍ကြိုဆိုကြလေ၏။ 41ထိုနေရာ၌ ဂျူးအမျိုးသားဖြစ်သူ ယာဣရုအမည်ရှိသော ဓမ္မာရုံတာဝန်ခံတစ်ဦးရှိလေ၏။ ထိုသူသည် ကိုယ်တော်၏ရှေ့မှောက်သို့ လာရောက်၍ ဒူးထောက်ထိုင်ကာ ကိုယ်တော်အား သူ၏အိမ်သို့ ကြွရောက်တော်မူပါရန် ပင့်ဖိတ်လျှောက်ထားလေ၏။ 42အကြောင်းမူကား တစ်ဆယ့်နှစ်နှစ်အရွယ် သူ၏တစ်ဦးတည်းသောသမီးမှာ သေလုမျောပါးဖြစ်နေသောကြောင့်ဖြစ်၏။
ထိုအိမ်သို့ ကြွတော်မူစဉ် များစွာသောလူထုပရိသတ်တို့သည်လည်း ကိုယ်တော့်ကို ဝန်းရံ၍ စုပြုံတိုးဝှေ့လျက် လိုက်ပါလာကြ၏။ 43ထိုလူအစုအဝေးထဲတွင် တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်နေသော အမျိုးသမီးတစ်ဦးသည်လည်း ရှိနေလေ၏။ သူမသည် ရှိသမျှငွေအကုန်ခံ၍ ဆေးဆရာများစွာတို့နှင့် ကုသသော်လည်း မည်သူမျှ သူမ၏ရောဂါအား ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိခဲ့ပေ။ 44ထို့ကြောင့် သူမသည် ကိုယ်တော်၏နောက်တော်ပါးသို့ ချဉ်းကပ်လျှက် ကိုယ်တော်၏ဝတ်ရုံအား လက်ဖြင့်တို့ထိလိုက်သည်နှင့် ချက်ချင်းပင် သူမ၏သွေးသွန်ရောဂါမှာ ပျောက်ကင်းသွားလေ၏။ 45ထိုအခါ ကိုယ်တော်က “ငါ့ကို မည်သူတို့ထိလိုက်သနည်း” ဟုမေးသောအခါ
လူတို့ကလည်း မိမိတို့မတို့ထိကြောင်းကို ငြင်းဆန်ကြပြီး ပေတရုက “ကိုယ်တော်၏ဘေးပတ်လည်၌ လူအုပ်ကြီးသည် တိုးဝှေ့နေကြပါသည်” ဟုလျှောက်ထားလေ၏။ 46သို့သော် ကိုယ်တော်က “တစ်စုံတစ်ဦးသည် ငါ့ကို တို့ထိ၏။ အကြောင်းမူကား ငါ့ထံမှ တန်ခိုးထွက်သွားသည်ကို ငါသိ၏” ဟုပြန်လည်မိန့်ဆိုလေ၏။ 47ထိုအခါ အမျိုးသမီးလည်း ဖုံးကွယ်မထားနိုင်ဘဲ တုန်လှုပ်လျက် ကိုယ်တော့်ရှေ့တွင် ဒူးထောက်ကာ ဝတ်ရုံကို တို့ထိရုံနှင့် သူမ၏ရောဂါ ချက်ချင်းပင် ပျောက်ကင်းသွားကြောင်း လူအပေါင်းတို့အား ပြောပြလေ၏။ 48ကိုယ်တော်က ထိုအမျိုးသမီးအား “သင်၏ယုံကြည်ခြင်းသည် သင့်ရောဂါကို ပျောက်ကင်းစေခြင်းဖြစ်၏။ ငြိမ်းချမ်းစွာ သွားလော့” ဟုမိန့်တော်မူလေ၏။ 49ယ်တော် ထိုသို့မိန့်ကြားနေစဉ် ဓမ္မာရုံတာဝန်ခံယာဣရု၏အိမ်မှ လူတစ်ဦးရောက်လာပြီးလျှင် ယာဣရုအား “သင်၏သမီးသေဆုံးသွားပြီဖြစ်လို့ ကိုယ်တော့်ကို ဆက်လက်၍ မနှောင့်ယှက်ပါတော့နှင့်” ဟုလာရောက်ပြောကြားလေ၏။ 50ထိုစကားကို ကိုယ်တော်ကြားသောအခါ ယာဣရုအား “မစိုးရိမ်နှင့်။ ယုံကြည်ခြင်းသာရှိလော့။ သို့ဆိုလျှင် သင်၏သမီးသည် ပြန်လည်အကောင်းပကတိဖြစ်လိမ့်မည်” ဟုမိန့်တော်မူ၏။ 51ထို့နောက် ကိုယ်တော်သည် ယာဣရု၏အိမ်ထဲသို့ ကြွတော်မူသောအခါ ပေတရု၊ ယောဟန်၊ ယာကုပ်နှင့် သူငယ်မ၏မိဘနှစ်ပါးမှလွဲ၍ အခြားသူများကို အိမ်ထဲသို့ ဝင်ရောက်ခွင့် မပြုခဲ့ပေ။ 52လူတိုင်းသည် ထိုသူငယ်မ သေဆုံးသွားသည့်အတွက် သည်းထန်စွာ ငိုကြွေးနေကြ၏။ သို့သော် ကိုယ်တော်က “မငိုကြနှင့်။ ဤသူငယ်မသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်၏” ဟုမိန့်တော်မူသဖြင့် 53လူတို့သည် ထိုသူငယ်မသည် သေဆုံးပြီးဖြစ်ကြောင်း သိထားကြပြီးဖြစ်၍ ကိုယ်တော်အား လှောင်ပြောင်ရယ်မောကြလေ၏။ 54ကိုယ်တော်က သူငယ်မ၏လက်ကို ဆုပ်ကိုင်လျက် “သူငယ်မ၊ ထလော့” ဟုမိန့်တော်မူလိုက်သည်နှင့် 55ထိုသူငယ်မသည် အသက်ပြန်ဝင်လာ၍ ချက်ချင်းပင်ထ၍ထိုင်လေ၏။ ထို့နောက် ကိုယ်တော်သည် သူငယ်မအား အစားအစာတစ်ခုခုကျွေးရန် သူမ၏မိဘတို့ကို မိန့်ကြားလေ၏။ 56ထိုအခါ မိဘတို့လည်း လွန်စွာအံ့ဩသွားကြလေ၏။ သို့သော် ကိုယ်တော်က ဤအဖြစ်အပျက်အား မည်သူ့ကိုမျှ မပြောရန် မိန့်မှာတော်မူလေ၏။

Currently Selected:

Luke 8: mtpv-rv

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in