YouVersion Logo
Search Icon

Luke 14

14
1တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်ယေရှုသည် ဖာရိရှဲတို့ထဲမှ အရေးကြီးပုဂ္ဂိုလ်တစ်ဦး၏နေအိမ်တွင် အစားအစာသုံးဆောင်ရန် သွားရောက်စဉ် လူအားလုံးတို့သည် ကိုယ်တော်အား အနီးကပ်စောင့်ကြည့်နေကြ၏။ 2ထိုစဉ် ခြေလက်ဖောရောင်ရောဂါ ခံစားနေရသော လူတစ်ဦးသည် ကိုယ်တော်၏ရှေ့ ၌ ရှိလေ၏။ 3ကိုယ်တော်က ဖာရိရှဲတို့နှင့် ကျမ်းတတ်ဆရာတို့အား “ဥပုသ်နေ့၌ အနာရောဂါရှိသူတို့ကို ကျန်းမာစေခြင်းသည် ပညတ်တော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော” ဟုမေးတော်မူ၏။ 4သို့သော် ထိုသူတို့သည် ပြန်လည်၍ ဖြေကြားခြင်းမပြုကြဘဲ တိတ်ဆိတ်စွာနေကြသဖြင့် ကိုယ်တော်က ထိုရောဂါဝေဒနာခံစားနေရသူအား လက်ဖြင့်ကိုင်တော်မူ၍ ရောဂါကိုပျောက်ကင်းစေပြီးနောက် သူ့အား ပြန်လွှတ်တော်မူ၏။ 5ထို့နောက် ကိုယ်တော်က လူထုပရိသတ်တို့အား “သင်တို့၏သားဖြစ်စေ၊ နွားဖြစ်စေ၊ ရေတွင်းထဲသို့ ပြုတ်ကျလျှင် ဥပုသ်နေ့ပင်ဖြစ်ပါစေ၊ ချက်ချင်းရေထဲမှ ဆွဲတင်ကြသည်မဟုတ်လော” ဟုမိန့်တော်မူ၏။ 6သို့သော် လူတို့သည် တစ်စုံတစ်ရာ ပြန်လည်၍ ဖြေကြားခြင်း မပြုနိုင်ကြပေ။ 7ထို့နောက် ဖိတ်ကြားထားခြင်းခံရသောသူများသည် စားသောက်ရန်အတွက် အကောင်းဆုံးနေရာများတွင် ထိုင်ရန် ရွေးချယ်နေကြသည်ကို မြင်သောအခါ ကိုယ်တော်က ထိုသူတို့အား ပုံဥပမာတစ်ခု မိန့်ဆိုတော်မူသည်မှာ 8“တစ်စုံတစ်ဦးက သင့်ကို မင်္ဂလာဆောင်ပွဲကို လာရန် ဖိတ်သည့်အခါ၌ အကောင်းဆုံးနေရာတို့၌ မထိုင်ကြနှင့်။ အကြောင်းမူကား ထိုပွဲ၌ သင့်ထက်သာ၍ အရေးကြီးသောသူကိုလည်း ဖိတ်ထားကောင်းဖိတ်ထားပေလိမ့်မည်။ 9အကယ်၍ သင်ထိုင်လျှင်မူကား ထိုအရေးကြီးသောသူ ရောက်လာလျှင်မူ သင့်ကိုဖိတ်ကြားသောသူက သင့်အား ‘သင့်နေရာကို ဤသူအား ပေးလိုက်ပါ’ ဟုဆိုလျှင် သင်သည် အရှက်ရလျှက် နောက်ဆုံးနေရာ၌ သွား၍ထိုင်ရပေလိမ့်မည်။ 10သို့သော် သင်တို့သည် မင်္ဂလာဆောင်ပွဲကို သွားသည့်အခါ နောက်ဆုံးသောနေရာ၌ ထိုင်လျှင်မူ သင့်ကိုဖိတ်ကြားသောသူက သင့်အား ‘မိတ်ဆွေ၊ ဤနေရာထက်ကောင်းသော အရှေ့မှနေရာတို့၌ လာ၍ ထိုင်ပါ’ ဟုဆိုသဖြင့် သင်သည် အခြားဧည့်သည်များရှေ့၌ ဂုဏ်ယူစရာဖြစ်ပေလိမ့်မည်။ 11အကြောင်းမူကား မိမိကိုယ်ကို ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကို နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရမည်” ဟုမိန့်တော်မူ၏။ 12တဖန် ကိုယ်တော်က မိမိကိုဖိတ်ကြားသောသူအား “သင်သည် ဧည့်ခံပွဲကျင်းပသည့်အခါ၌ မိတ်ဆွေများ၊ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် ချမ်းသာသောအိမ်နီးချင်းများကို ဖိတ်ကြားခြင်းမပြုနှင့်။ ထိုသို့ပြုလျှင် သူတို့သည်လည်း သင့်ကိုပြန်ဖိတ်၍ ကျေးဇူးတုံ့ပြန်ကြလိမ့်မည်။ 13ထိုအစား သင်ဧည့်ခံပွဲကျင်းပသောအခါ၌ ဆင်းရဲနွမ်းပါးသူများ၊ မသန်စွမ်းသူများ၊ လေဖြတ်သူများနှင့် မျက်မမြင်တို့ကို ဖိတ်ကြားလော့။ 14ထိုသူတို့သည် သင့်ကိုပြန်၍ကျေးဇူးမတုံ့ပြန်နိုင်ကြသဖြင့် သင်သည် မင်္ဂလာရှိပေလိမ့်မည်။ ဖြောင့်မတ်သောသူတို့ သေရာမှပြန်ရှင်သန်သည့်အချိန်၌ ဘုရားရှင်သည် သင့်အား ကောင်းကျိုးချမ်းသာအဖြာဖြာနှင့် ပြည့်စုံစေလိမ့်မည်” ဟုမိန့်တော်မူ၏။ 15ကိုယ်တော်နှင့်အတူ စားပွဲတွင် ထိုင်၍ စားသောက်နေသော ဧည့်သည်များထဲမှ တစ်ဦးသည် ထိုသို့မိန့်တော်မူသည်ကို ကြားလျှင် ကိုယ်တော်အား “ဘုရားရှင်၏နိုင်ငံတော်ထဲတွင် ထိုင်၍ ပွဲတော်စားသောက်ခွင့်ရသူသည် မင်္ဂလာရှိပါပေ၏” ဟုဆိုသဖြင့် 16ကိုယ်တော်က ထိုသူအား “လူတစ်ဦးသည် ဧည့်ခံကျွေးမွေးပွဲကျင်းပရန်အလို့ငှာ ဧည့်သည်အမြောက်အများကို ဖိတ်ကြားလေ၏။ 17ဧည့်ခံပွဲအချိန်ရောက်လာသည့်အခါ ဖိတ်ကြားထားသောသူတို့ထံသို့ အစေခံတစ်ဦးကို စေလွှတ်၍ ‘ယခုအဆင်သင့်ဖြစ်ပြီဖြစ်၍ ပွဲဆင်နွှဲရန် ကြွကြပါ’ ဟုပြောကြားစေ၏။ 18ထိုအခါ ဧည့်သည်တို့သည် တစ်ဦးပြီးတစ်ဦး အကြောင်းအမျိုးမျိုးပြ၍ မလာနိုင်ကြောင်း ဆင်ခြေပေးကြ၏။ ပထမလူက ‘အကျွန်ုပ်သည် လယ်တစ်ကွက်ဝယ်ထားသည်ဖြစ်၍ ထိုလယ်ကို မဖြစ်မနေသွားကြည့်ရပါမည်။ ထို့ကြောင့် အကျွန်ုပ်မလာနိုင်သဖြင့် ခွင့်လွှတ်ပါ’ ဟုဆို၏။ 19အခြားတစ်ဦးက ‘အကျွန်ုပ်သည် နွားငါးရှဉ်းဝယ်ထားသည်ဖြစ်၍ ထိုနွားတို့ကို သွား၍စမ်းသပ်ရပါဦးမည်။ ထို့ကြောင့် အကျွန်ုပ်မလာနိုင်သဖြင့် ခွင့်လွှတ်ပါ’ ဟုဆိုလေ၏။ 20နောက်တစ်ဦးကလည်း ‘အကျွန်ုပ်သည် ယခုပင် အိမ်ထောင်ကျပြီဖြစ်၍ မလာနိုင်ပါ’ ဟုဆို၏။ 21အစေခံသည်လည်း ပြန်လာ၍ ထိုအကြောင်းအရာတို့ကို မိမိသခင်အား လျှောက်သဖြင့် အိမ်ရှင်သည် အမျက်ထွက်၍ မိမိအစေခံအား ‘မြို့ထဲရှိ လမ်းမများ၊ လမ်းကြားများသို့ အမြန်သွား၍ ထိုနေရာရှိ ဆင်းရဲသားများ၊ မသန်မစွမ်းသူများ၊ လေဖြတ်နေသူများနှင့် မျက်မမြင်တို့ကို ခေါ်ခဲ့လော့’ ဟုဆို၏။ 22အစေခံသည်လည်း သွား၍ခေါ်ပြီးနောက် ‘သခင်စေခိုင်းသည့်အတိုင်း ဆောင်ရွက်ပြီးပါပြီ။ သို့သော် နေရာလွတ်များ အများအပြားကျန်ရှိနေပါသေး၏’ ဟုဆိုသဖြင့် 23သခင်ကလည်း ‘ဤသို့ဆိုလျှင် မြို့ပြင်လမ်းမနှင့် လမ်းသွယ်များကြားသို့သွား၍ ထိုနေရာမှလူတို့ကို ငါ့အိမ်ပြည့်အောင် ခေါ်ခဲ့လော့။ 24ယခင်က ဖိတ်ထားသည့်သူများ ရောက်လာလျှင်လည်း ငါ၏ဧည့်ခံပွဲရှိ မည်သည့်အစားအသောက်ကိုမျှ ထိုသူတို့မည်းစမ်းခွင့်ရမည်မဟုတ်’ ဟုအစေခံအား ဆိုလေ၏” ဟုမိန့်တော်မူ၏။ 25ထို့နောက် များစွာသောလူထုပရိသတ်တို့သည် ကိုယ်တော်နှင့်အတူလိုက်ပါလာကြသဖြင့် ကိုယ်တော်သည် လှည့်ကြည့်၍ ထိုသူတို့အား 26“သင်တို့သည် ငါ၏တပည့်တော်ဖြစ်လိုသော်လည်း မိမိ၏မိဘ၊ သား၊ မယား၊ ညီအစ်ကိုမောင်နှမတို့သာမက မိမိကိုယ်တိုင်ထက်ပင် ငါ့ကိုပို၍မချစ်ပါက ငါ၏တပည့်တော်မဖြစ်နိုင်။ 27မိမိ၏လက်ဝါးကပ်တိုင်ကို မိမိကိုယ်တိုင်ထမ်း၍ ငါ့နောက်သို့မလိုက်သောသူသည် ငါ၏တပည့်တော်မဖြစ်နိုင်။ 28သင်တို့ထဲတွင် တစ်စုံတစ်ဦးသည် မျှော်စင်တစ်ခုတည်ဆောက်လိုလျှင် ထိုမျှော်စင်ပြီးစီးသည်အထိ လုံလောက်သောငွေရှိမရှိကို ဦးစွာထိုင်၍ ကုန်ကျစရိတ်ကို မတွက်ချက်ဘဲနေမည်လော။ 29အကယ်၍ ထိုသို့မတွက်ချက်ဘဲ မျှော်စင်ကို တည်ဆောက်မည်ဆိုပါက အပြီးထိမတည်ဆောက်နိုင်လျှင် မြင်သူအပေါင်းတို့သည် သူ့အား 30‘ဤသူသည် မျှော်စင်ကို စတင်တည်ဆောက်သော်လည်း အဆုံးမသတ်နိုင်ပါတကား’ ဟုကဲ့ရဲ့လှောင်ပြောင်ကြလိမ့်မည်။ 31ထိုနည်းတူ စစ်သည်အင်အား တစ်သောင်းရှိသော ရှင်ဘုရင်တစ်ပါးကို စစ်သည်အင်အားနှစ်သောင်းရှိသောဘုရင်တစ်ပါးက စစ်တိုက်ရန် ချီတက်လာလျှင် အင်အားနည်းသည့်ရှင်ဘုရင်သည် မိမိ၏အကြံပေးသူများနှင့် ဦးစွာထိုင်၍ ချီတက်လာသောစစ်သည်တို့ကို ရင်ဆိုင်၍ရ၊ မရကို မသုံးသပ်ဘဲနေမည်လော။ 32အကယ်၍ ရင်ဆိုင်၍ မရနိုင်ပါက အင်အားနည်းသောရှင်ဘုရင်သည် မိမိ၏သံတမန်တို့ကို စေလွှတ်၍ အင်အားကြီးသောဘုရင် အဝေး၌ရှိစဉ်ကပင် စစ်ပြေငြိမ်းချမ်းရေးစကားကို ကမ်းလှမ်းရပေလိမ့်မည်။ 33ထိုနည်းတူပင် သင်တို့အားလုံးသည်လည်း မိမိဥစ္စာပစ္စည်းရှိသမျှတို့ကို မစွန့်လွှတ်နိုင်လျှင် ငါ၏တပည့်တော်မဖြစ်နိုင်” ဟုမိန့်တော်မူ၏။ 34တဖန် ကိုယ်တော်က “ဆားသည် ကောင်း၏။ သို့သော် ဆားသည် ငန်သောအရသာကင်းမဲ့လျှင် မည်သည့်အရာဖြင့် အရသာပြန်လည်ရှိစေမည်နည်း။ 35ထိုဆားသည် မြေဆီလွှာအတွက် မြေဩဇာအဖြစ်ပင် အသုံးမဝင်တော့သဖြင့် လူတို့သည် ထိုဆားကို လွှင့်ပစ်လိုက်တတ်ကြ၏။
နားရှိပြီး ကြားနိုင်ကြသောသူတို့၊ အာရုံစိုက်၍ နားထောင်ကြလော့” ဟုမိန့်တော်မူလေ၏။

Currently Selected:

Luke 14: mtpv-rv

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in