Luke 13
13
1ထိုအချိန်၌ လူအချို့တို့သည် ကိုယ်တော်ယေရှုထံသို့လာ၍ မကြာသောအချိန်က ပိလတ်ဘုရင်ခံသည် ဘုရားရှင်အား ပူဇော်ပသမှုများပြုလုပ်နေသော ဂါလိလဲပြည်သားအချို့ကို စစ်သည်များစေလွှတ်၍ သတ်စေခဲ့ကြောင်းကို လျှောက်တင်ကြလေ၏။ 2ထိုအခါ ကိုယ်တော်က “ထိုဂါလိလဲပြည်သားတို့သည် အခြားဂါလိလဲပြည်သားတို့ထက်ပို၍ အပြစ်ဒုစရိုက်များသဖြင့် ဤသို့သောအဖြစ်မျိုးကြုံရသည်ဟု သင်တို့ထင်ကြသလော။ 3ထိုသို့မဟုတ်ပေ။ သင်တို့အား ငါဆိုသည်ကား သင်တို့အားလုံးသည်လည်း နောင်တသံဝေဂမရကြလျှင် ထိုနည်းတူပျက်စီးကြပေလိမ့်မည်။ 4လူတစ်ဆယ့်ရှစ်ဦးသည် ရှိလောင်မျှော်စင်ပြိုကျသည့်အခါ၌ ပိမိ၍ သေဆုံးခဲ့ရ၏။ ထိုသူတို့သည် ဂျေရုဆလင်မြို့တွင် နေထိုင်ကြသော အခြားသူအားလုံးတို့ထက် ပို၍အပြစ်ဒုစရိုက်များသည်ဟု သင်တို့ထင်ကြသလော။ 5ထိုသို့မဟုတ်ပေ။ သင်တို့အား ငါဆိုသည်ကား သင်တို့အားလုံးသည်လည်း နောင်တသံဝေဂမရကြလျှင် ထိုနည်းတူပျက်စီးကြပေလိမ့်မည်” ဟုမိန့်တော်မူ၏။ 6ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား ပုံဥပမာဖြင့် မိန့်တော်မူသည်ကား၊ “လူတစ်ဦးသည် သူ၏စပျစ်ခြံ၌ သဖန်းပင်တစ်ပင်ကို စိုက်ပျိုးထား၏။ ထို့နောက် သူသည် သဖန်းသီးကိုလို၍ ထိုအပင်၌လာရှာသော်လည်း မတွေ့ရချေ။ 7ထို့ကြောင့် သူသည် ဥယျာဉ်မှူးကိုခေါ်၍ ‘ဤသဖန်းပင်၌ အသီးသီးမည်ဟုထင်၍ ငါစောင့်ကြည့်ခဲ့သည်မှာ သုံးနှစ်တိုင်တိုင်ရှိပြီ။ ယခုထိတိုင် အသီးတစ်လုံးပင် မသီးချေ။ ထို့ကြောင့် ဤသဖန်းပင်ကို ခုတ်ပစ်လော့။ ဤအပင်သည် မြေကို အကျိုးမဲ့နေရာယူနေ၏’ ဟုဆိုလေ၏။ 8ထိုအခါ ဥယျာဉ်မှူးကမူ ‘ဤသဖန်းပင်ကို နောက်ထပ်တစ်နှစ်တာမျှ ထပ်မံ၍ စောင့်ကြည့်ပေးပါဦး။ အကျွန်ုပ်သည် ဤအပင်ပတ်လည်ကို တူးဆွ၍ မြေဩဇာထည့်ပါဦးမည်။ 9ထိုသို့ပြုလျှင် နောက်နှစ်တွင် အသီး သီးကောင်းသီးနိုင်ပါလိမ့်မည်။ အကယ်၍ မသီးပါက ခုတ်ပစ်နိုင်ပါသည်’ ဟုဆိုလေ၏” ဟုမိန့်တော်မူ၏။ 10တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် ဓမ္မာရုံတစ်ခုတွင် ဟောပြောသွန်သင်တော်မူ၏။ 11ထိုနေရာ၌ မကောင်းဆိုးဝါးပြုစားခံရ၍ တစ်ဆယ့်ရှစ်နှစ်ကြာ ခါးကုန်းပြီး တည့်မတ်စွာမရပ်နိုင်သော အမျိုးသမီးတစ်ဦးရှိနေ၏။ 12ကိုယ်တော်သည် ထိုအမျိုးသမီးကို မြင်လျှင် အထံတော်သို့ခေါ်၍ “အမျိုးသမီး၊ သင်သည် ယခုအချိန်မှစ၍ အကောင်းပကတိဖြစ်ပြီ” ဟူ၍ မိန့်တော်မူပြီးလျှင်၊ 13သူ၏လက်တော်ကို ထိုအမျိုးသမီးပေါ်၌ တင်တော်မူလိုက်သောအခါ ချက်ချင်းပင် သူမသည် ခါးဆန့်သွားသဖြင့် မတ်တပ်ရပ်လိုက်ပြီး ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းလေ၏။ 14သို့သော် ဥပုသ်နေ့၌ ကိုယ်တော်ယေရှုသည် အနာရောဂါကို ပျောက်ကင်းစေသဖြင့် ဓမ္မာရုံတာဝန်ခံအမျိုးသားသည် ဒေါသအမျက်ထွက်၍ လူထုပရိသတ်တို့အား “အလုပ်လုပ်ခွင့်ရှိသောနေ့ရက်သည် ခြောက်ရက်ရှိသည်ဖြစ်၍ ထိုနေ့ရက်များ၌သာ အနာရောဂါပျောက်ကင်းစေရဖို့အတွက် လာကြလော့။ ဥပုသ်နေ့၌ မလာကြနှင့်” ဟုဆိုလေ၏။ 15ထိုအခါ ကိုယ်တော်က “သူတော်ကောင်းယောင်ဆောင်သောသူတို့၊ ဥပုသ်နေ့၌ သင်တို့၏နွားများ၊ မြည်းများကို တင်းကုပ်မှလွှတ်၍ ရေတိုက်ရန်ခေါ်ကြသည်မဟုတ်လော။ 16ဤသို့ဆိုလျှင် တစ်ဆယ့်ရှစ်နှစ်ကြာ မကောင်းဆိုးဝါးပြုစားခံထားရသည့် အာဗြဟံ၏သမီးဖြစ်သော ဤအမျိုးသမီးကိုလည်း ဥပုသ်နေ့၌ လွတ်မြောက်ခွင့်ပေးသင့်သည်မဟုတ်လော” ဟုမိန့်တော်မူ၏။ 17ကိုယ်တော်မိန့်ဆိုသောစကားတို့သည် ကိုယ်တော့်ကိုရန်မူနေသူတို့အား အရှက်ရစေခဲ့ပြီး အခြားသောလူထုပရိသတ်အားလုံးတို့မှာမူကား ကိုယ်တော်ပြုတော်မူသည့် အံ့ဖွယ်အမှုများကို နှစ်သက်ဝမ်းမြောက်ကြလေ၏။ 18ထို့နောက် ကိုယ်တော်က “ဘုရားရှင်၏သာသနာတော်သည် မည်သည့်အရာနှင့်တူသနည်း။ ၎င်းကို မည်သည့်အရာနှင့် ခိုင်းနှိုင်းပြရမည်နည်းဆိုလျှင် 19၎င်းသည် မုန်ညင်းနက်စေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ ဥယျာဉ်ထဲ၌စိုက်ပျိုးသောအခါ ထိုအစေ့သည် အကိုင်းအခက်များပြည့်စုံသည့်အပင်ကြီး ဖြစ်လာကာ မိုးကောင်းကင်မှ ငှက်တို့သည်လည်း အသိုက်ဖွဲ့၍နေထိုင်နိုင်ကြ၏” ဟုမိန့်တော်မူ၏။ 20တဖန် ကိုယ်တော်က “ဘုရားရှင်၏သာသနာတော်ကို မည်သည့်အရာနှင့်ထပ်မံ၍ ခိုင်းနှိုင်းပြမည်နည်းဆိုလျှင် 21၎င်းသည် တဆေးနှင့်တူ၏။ အမျိုးသမီးတစ်ဦးသည် တဆေးကိုယူ၍ ဂျုံမှုန့်သုံးပုံစာ၌ ရောထည့်သည့်အခါတွင် မုန့်ညက်တစ်ပုံလုံးကို ဖောင်းပွသွားစေ၏” ဟုမိန့်တော်မူ၏။ 22ထို့နောက် ကိုယ်တော်သည် လမ်းခရီးစဉ်တစ်လျှောက်တွင်ရှိသော မြို့ရွာများရှိ လူထုပရိသတ်တို့ကို ဟောပြောသွန်သင်တော်မူလျှက် ဂျေရုဆလင်မြို့သို့ ကြွတော်မူ၏။ 23ထိုအခါ လူတစ်ဦးက ကိုယ်တော်အား “အရှင်ယေရှု၊ ကယ်တင်ခြင်းခံရသူမှာ လူအနည်းအကျဉ်းသာရှိသလော”
ဟုမေးလျှောက်သဖြင့် 24ကိုယ်တော်က “သင်တို့သည် ကျဉ်းမြောင်းသည့်တံခါးပေါက်မှဝင်ရန် အစွမ်းကုန်ကြိုးစားကြလော့။ အကြောင်းမူကား လူများစွာတို့သည် ထိုတံခါးပေါက်ကို ဝင်ရန်ရှာဖွေကြသော်လည်း မဝင်နိုင်ကြဟု သင်တို့အား ငါဆိုမည်။ 25အိမ်ရှင်သည် ထလာ၍ တံခါးကို ပိတ်လိုက်လျှင် သင်တို့သည် အပြင်ဘက်၌ရပ်၍ ‘ဆရာ၊ တံခါးကို ဖွင့်ပေးပါဦး’ ဟုပြောကြရလိမ့်မည်။
သို့သော်လည်း အိမ်ရှင်က သင်တို့အား ‘သင်တို့ကို ငါမသိ သို့မဟုတ် သင်တို့အဘယ်အရပ်က လာသည်ကို ငါမသိ’ ဟုဆိုလိမ့်မည်။ 26သင်တို့ကလည်း ‘အကျွန်ုပ်တို့သည် အသင်နှင့်အတူတူ စားသောက်ခဲ့ဖူးပါ၏။ အသင်သည်လည်း အကျွန်ုပ်တို့နေထိုင်ရာမြို့ရွာများ၏လမ်းများပေါ်၌ အကျွန်ုပ်တို့ကို ဟောပြောသွန်သင်ခဲ့ဖူးပါ၏’ ဟုဆိုကြလျှင်လည်း 27အိမ်ရှင်က ‘သင်တို့အား ငါဆိုမည်၊ သင်တို့ကို ငါအမှန်ပင်မသိ သို့မဟုတ် သင်တို့အဘယ်အရပ်က လာသည်ကို ငါအမှန်ပင်မသိ။ ဆိုးသွမ်းသူတို့၊ ငါ့ထံမှ အဝေးသို့သွားကြလော့’ ဟုဆိုလိမ့်မည်။ 28ထိုအခါ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် အခြားသောဘုရားရှင်၏အရိယာသူတော်စင်တို့ကို ဘုရားရှင်၏သာသနာတော်တွင်ရှိနေကြသည်ကို သင်တို့တွေ့မြင်ကြရသော်လည်း သင်တို့မူကား အပြင်သို့ နှင်ထုတ်ခြင်းခံကြရသဖြင့် သင်တို့သည် ထိုနေရာ၌ အံကိုကြတ်၍ ဝမ်းနည်းငိုကြွေးကြရလိမ့်မည်။ 29တဖန် အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်တိုင်းရှိလူတို့သည်လည်း ဘုရားရှင်၏သာသနာတော်ထဲတွင် အတူတကွထိုင်၍ အကောင်းဆုံးသောအရာတို့ကို စားသောက်ကြလိမ့်မည်။ 30ယခုအချိန်၌ နောက်ဆုံးဖြစ်နေသောသူတို့သည် ရှေ့ဆုံးသို့ ရောက်ကြပြီး ယခုအချိန်၌ ရှေ့ဆုံးရောက်နေသူတို့သည် နောက်ဆုံးသို့ရောက်ကြရလိမ့်မည်” ဟုမိန့်တော်မူ၏။ 31ထိုအချိန်၌ ကိုယ်တော်ယေရှုထံသို့ ဖာရိရှဲအချို့ ရောက်ရှိလာပြီး “ဟေရုဒ်သည် အသင့်ကို သတ်ဖို့အလိုရှိနေသဖြင့် ဤအရပ်ဒေသမှ အဝေးသို့ ထွက်သွားပါ” ဟုဆိုကြ၏။ 32ထိုအခါ ကိုယ်တော်က ထိုသူတို့အား “လှည့်စားတတ်သောမြေခွေးနှင့်တူသည့် ထိုဟေရုဒ်ကို သွားပြောကြလော့။ ငါသည် ယနေ့နှင့် မနက်ဖြန်တွင် မကောင်းဆိုးဝါးတို့ကို နှင်ထုတ်၍ နာမကျန်းသူတို့ကို ကျန်းမာစေဦးမည်။ သုံးရက်မြောက်သောနေ့၌ ငါ၏အမှုတာဝန်ကို ပြီးမြောက်စေမည်။ 33သို့ရာတွင် ငါသည် ယနေ့၊ မနက်ဖြန်နှင့် သန်ဖက်ခါတို့၌ ခရီးဆက်နေရဦးမည်။ အကြောင်းမူကား အရိယာသူတော်စင်သည် ဂျေရုဆလင်မြို့မှတစ်ပါး အခြားအရပ်၌ သေရသည်ဟူ၍မရှိနိုင်” ဟုမိန့်တော်မူ၏။ 34ထို့နောက် ကိုယ်တော်က “အို ဂျေရုဆလင်မြို့သားအပေါင်းတို့၊ ငါသည် သင်တို့အတွက် အလွန်အမင်းဝမ်းနည်းပူဆွေးရ၏။ သင်တို့သည် အရိယာသူတော်စင်များကို အဆက်မပြတ်သတ်ဖြတ်ခဲ့ကြ၏။ ဘုရားရှင်စေလွှတ်တော်မူသော စေတမန်တို့ကိုလည်း သင်တို့သည် ခဲနှင့်ပေါက်သတ်ခဲ့ကြ၏။ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်မှာအုပ်၍ ရင်အုပ်မကွာစောင့်ရှောက်သကဲ့သို့ ငါသည်လည်း သင်တို့အားလုံးကို ရင်အုပ်မကွာစောင့်ရှောက်လိုသဖြင့် ကြိမ်ဖန်များစွာကြိုးစားသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ 35ကြည့်ရှုလော့၊ သင်တို့၏ဗိမာန်တော်သည် စွန့်ပစ်ခြင်းကို ခံရလိမ့်မည်။ သင်တို့အား ငါဆိုသည်ကား ‘ဘုရားရှင်၏အခွင့်အာဏာဖြင့် ကြွလာသောသူသည် မင်္ဂလာရှိပါစေသတည်း’ ဟုသင်တို့ပြောသည့်အချိန်မရောက်မီတိုင်အောင် သင်တို့သည် ငါ့ကိုနောက်တစ်ကြိမ်မြင်ရလိမ့်မည်မဟုတ်” ဟုမိန့်တော်မူ၏။
Currently Selected:
Luke 13: mtpv-rv
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the Musselmani Burmese Bible is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.