ဆာလံ 50
50
မှန်ကန်သည့်ဝတ်ပြုကိုးကွယ်မှု#* ဟေဗြဲခေါင်းစဉ်။ အာသပ်စပ်ဆိုသောဆာလံ။
1အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တော်မူသော
ထာဝရဘုရားသည်အရှေ့မှအနောက်သို့ တိုင်အောင် ကမ္ဘာတစ်ဝန်းလုံးအားမိန့်မြွက်ဆင့်ခေါ်တော် မူ၏။
2ထာဝရဘုရားသည်အလွန်တရာလှပ တင့်တယ်သည့် မြို့တော်တည်းဟူသော
ဇိအုန်တောင်မှရောင်ခြည်တော်ကိုလွှတ်တော်မူ၏။
3ငါတို့၏ဘုရားသည်ကြွလာတော်မူ၏။
သို့ရာတွင်ဆိတ်ဆိတ်ကြွလာတော်မူသည်မဟုတ်။
ရှေ့တော်တွင်မီးတောက်မီးလျှံဟုန်းဟုန်းထလျက်
ကိုယ်တော်၏ပတ်လည်တွင်လေပြင်းမုန်တိုင်း တိုက်ခတ်လျက်ရှိ၏။
4မိမိလူစုတော်အားတရားစီရင်တော်မူ သည်ကို ကြည့်ရှုကြရန်
ကိုယ်တော်သည်သက်သေများအဖြစ်
မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဆင့်ခေါ် တော်မူ၏။
5ကိုယ်တော်က``ယဇ်ပူဇော်ခြင်းအားဖြင့်
ငါနှင့်ပဋိညာဉ်ဖွဲ့၍ငါ့အားသစ္စာစောင့်သူ များကို စုဝေးစေကြလော့'' ဟုမိန့်တော်မူ၏။
6ဘုရားသခင်ကိုယ်တော်တိုင်တရားသူကြီးဖြစ်၍
တရားမျှတစွာစီရင်တော်မူမည်ဖြစ်ကြောင်းကို မိုးကောင်းကင်သည်ကြေညာ၏။
7ကိုယ်တော်က``ငါ၏လူစုတော်ဝင်တို့၊ နားထောင်ကြလော့။ ငါမိန့်မြွက်တော်မူမည်။
အို ဣသရေလအမျိုးသားတို့၊ငါသည်သင်တို့ကို ဝေဖန်ပြစ်တင်မည်။
ငါသည်ထာဝရဘုရား၊သင်တို့၏ဘုရား ဖြစ်တော်မူ၏။
8သင်တို့သည်ငါ့အားယဇ်နှင့်မီးရှို့ရာ
ပူဇော်သကာများကိုအစဉ်ဆက်သည့်အတွက် ငါသည်သင်တို့အားဝေဖန်ပြစ်တင်မှုမပြုလို။
9သို့ရာတွင်သင်တို့၏ခြံများမှနွားတို့ကို လည်းကောင်း၊
သင်တို့၏ဆိတ်အုပ်များမှဆိတ်တို့ကိုလည်း ကောင်း ငါမလို။
10အဘယ်ကြောင့်ဆိုသော်ငါသည်တောတိရစ္ဆာန် ရှိသမျှကိုလည်းကောင်း၊
တောင်ပေါင်းများစွာသောတောင်ကုန်းများရှိ
တိရစ္ဆာန်တို့ကိုလည်းကောင်းပိုင်သောကြောင့်ဖြစ်၏။
11တောငှက်အပေါင်းနှင့်ကွင်းပြင်များမှသက်ရှိ သတ္တဝါအပေါင်းတို့ကိုလည်းငါပိုင်၏။
12``အကယ်၍ငါသည်ဆာမွတ်ခဲ့မူသင်တို့ထံမှ အစာကိုတောင်းမည်မဟုတ်။
အဘယ်ကြောင့်ဆိုသော်ကမ္ဘာမြေကြီးနှင့်ကမ္ဘာပေါ်ရှိ အရာဟူသမျှကိုငါပိုင်သောကြောင့်ဖြစ်၏။
13ငါသည်အမဲသားကိုစားပါသလော။ ဆိတ်သွေးကိုသောက်ပါသလော။
14ကျေးဇူးတော်ချီးမွမ်းခြင်းသည်သာ လျှင်
ဘုရားသခင်အားသင်တို့ပူဇော်ရာ ယဇ်ဖြစ်စေကြလော့။
ထို့ပြင်၊အနန္တတန်ခိုးရှင်အားသင်တို့သစ္စာ ကတိထားသည့်အတိုင်းပြုကြလော့။
15ဒုက္ခရောက်ချိန်၌ငါ့အားပတ္ထနာပြုကြလော့။ ငါသည်သင်တို့အားကယ်မည်။
သင်တို့သည်လည်းငါ့အားထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
16သို့ရာတွင်ထာဝရဘုရားကသူယုတ်မာ အား
``သင်သည်အဘယ်ကြောင့်ငါ၏ပညတ်တော်တို့ကို ရွတ်ဆိုရပါသနည်း။
ငါ၏ပဋိညာဉ်တော်အကြောင်းကိုအဘယ်ကြောင့် ပြောဆိုရပါသနည်း။
17သင်သည်ငါဆုံးမသွန်သင်သည်ကိုလက်မခံ။ ငါ၏ပညတ်တော်တို့ကိုပစ်ပယ်၏။
18သင်သည်သူခိုးနှင့်တွေ့လျှင်မိတ်ဖွဲ့တတ်၏။
သူတစ်ပါး၏အိမ်ရာကိုပြစ်မှားသူတို့နှင့်လည်း ပေါင်းဖော်တတ်၏။
19``သင်သည်အစဉ်ပင်ညစ်ညမ်းသည့်စကားကို ပြောဆိုတတ်၏။
မုသားကိုသုံးရန်အဘယ်အခါ၌မျှ နှောင့်နှေးသည်မရှိ။
20မိမိ၏ညီရင်းအစ်ကိုများကိုပင်လျှင်အစဉ် ပြစ်တင်စွပ်စွဲတတ်၏။
21သင်သည်ဤအမှုတို့ကိုပြုကျင့်သော်လည်း ငါသည်ဆိတ်ဆိတ်နေခဲ့၏။
သို့ဖြစ်၍ငါ့ကိုသင်နှင့်တူသည်ဟုထင်မှတ်ခဲ့၏။
သို့ရာတွင်ယခုငါသည်သင့်အားပြောဆို ဆုံးမမည်။
သင်၏အပြစ်ကိုပွင့်လင်းစွာသင့်အားဖော်ပြမည်။
22``ငါ့ကိုမေ့လျော့သူတို့၊ဤအချက်ကို ဆင်ခြင်ကြလော့။
သို့မပြုပါမူငါသည်သင်တို့အားသုတ်သင် ဖျက်ဆီးမည်။
သင်တို့အားကယ်မည့်သူလည်းတစ်ဦးတစ်ယောက် မျှ ရှိလိမ့်မည်မဟုတ်။
23ကျေးဇူးတော်ချီးမွမ်းခြင်းသည်ငါ့အား ဂုဏ်ပြုရာယဇ်ပင်ဖြစ်၏။
ငါ့စကားကိုနားထောင်သူအပေါင်းတို့အား ဧကန်အမှန်ငါကယ်မည်'' ဟုမိန့်တော်မူ၏။
Currently Selected:
ဆာလံ 50: BCL
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2005 Bible Society of Myanmar