YouVersion Logo
Search Icon

မဿဲ 8

8
အနာကြီးရောဂါသည်​တစ်ဦး​ကို ကျန်းမာစေတော်မူခြင်း
1ယေရှု​သည် တောင်ပေါ်​မှ ဆင်းကြွတော်မူ​သောအခါ လူအုပ်ကြီး​သည် နောက်တော်​သို့ လိုက်ကြ၏။ 2ထိုအခါ အနာကြီးရောဂါသည်​တစ်ဦး​သည် ကိုယ်တော်​ထံသို့ လာ​၍ ဒူးထောက်​လျက် “သခင်… သခင်​အလိုတော်​ရှိ​လျှင် အကျွန်ုပ်​ကို စင်ကြယ်​စေနိုင်ပါသည်” ဟု လျှောက်လေ၏။
3ယေရှု​သည်လည်း လက်တော်​ကို ဆန့်​၍ ထို​သူ​ကို တို့ထိတော်မူ​ပြီးလျှင် “ငါ​အလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။ ထို​ခဏ​အတွင်း​၌ ထို​သူ​၏​ရောဂါ​သည်လည်း ပျောက်ကင်းလေ၏။ 4ထို့နောက် ယေရှု​က ထို​သူ​အား “ဤ​အကြောင်း​ကို မည်သူ့​ကို​မျှ မပြောနှင့်။ ယဇ်ပုရောဟိတ်​ထံသို့ သွား​၍ သူ့​အား​ကြည့်ရှုစစ်ဆေးစေလော့။ သင့်​ရောဂါ​ပျောက်ကင်းကြောင်း လူတို့​ရှေ့​၌ သက်သေပြ​ရန် မောရှေ​၏​ပညတ်ကျမ်း​အတိုင်း ပူဇော်စရာများ​ကို ဆက်သလော့” ဟု မိန့်တော်မူ၏။
ရောမ​တပ်မှူး​တစ်ဦး​၏ ယုံကြည်ခြင်း
5ယေရှု​သည် ကပေရနောင်မြို့​သို့ ကြွတော်မူ​သောအခါ ရောမ​တပ်မှူး​တစ်ဦး#8:5 မူရင်း​ဂရိကျမ်း​တွင် “တပ်မှူး” ဟု သုံးနှုန်းထားသည်။ ၈:၈ ၌လည်း ထို့အတူ​ဖြစ်သည်။​သည် ကိုယ်တော်​ထံသို့ ချဉ်းကပ်​၍ 6“သခင်… အကျွန်ုပ်​၏ အစေခံ​တစ်ယောက်​သည်#8:6 မူရင်း​ဂရိကျမ်း​တွင် “ကလေး” ဟု ဖော်ပြထားသည်။ လေဖြတ်​၍ ဝေဒနာ​ပြင်း​စွာ ခံစား​လျက် အိပ်ရာ​တွင် လဲနေရပါသည်” ဟု လျှောက်လေ၏။
7ထိုအခါ ယေရှု​က “ငါ​လာ​၍ သူ့​ကို ကျန်းမာစေမည်” ဟု မိန့်တော်မူ၏။
8သို့သော် တပ်မှူး​က “သခင်… အကျွန်ုပ်​သည် ထိုက်တန်သော​သူ မဟုတ်​သောကြောင့် အကျွန်ုပ်​၏​အိမ်မိုး အောက်​သို့ သခင်​ကြွလာတော်မူ​ရန် မသင့်လျော်ပါ။ သခင်​ရှိသည့်​နေရာ​မှ အမိန့်တော်​ကိုသာ ပေးတော်မူ​လျှင် အကျွန်ုပ်​၏​အစေခံ​သည် ပြန်လည်​ကျန်းမာပါ​လိမ့်မည်။ 9ဤသို့​ဆိုရခြင်း​မှာ အကျွန်ုပ်​သည် အမိန့်အာဏာ​အောက်​တွင် ရှိသူ​ဖြစ်ပြီး အကျွန်ုပ်​၏​လက်အောက်​တွင်လည်း စစ်သားများ​ရှိ​သောကြောင့် ဖြစ်၏။ အကျွန်ုပ်​သည် တစ်ဦး​ကို ‘သွားလော့’ ဟု ပြော​လျှင် သူ​သည်​သွားရ၏။ အခြား​တစ်ဦး​ကို ‘လာလော့’ ဟု ပြော​လျှင် သူ​သည်​လာရ၏။ အကျွန်ုပ်​၏​အစေခံ​ကို ‘ဤ​အရာ​ကို လုပ်ဆောင်လော့’ ဟု ပြော​လျှင် သူ​သည် လုပ်ဆောင်ရပါ၏” ဟု လျှောက်လေ၏။
10ယေရှု​သည် ထို​တပ်မှူး​၏ စကား​ကို ကြား​သော် အံ့သြတော်မူ​လျက် နောက်တော်​သို့ လိုက်သောသူများ​ဘက်​သို့ လှည့်​၍ “သင်တို့​အား ငါ​အမှန်​ဆို၏။ ထို​ကဲ့သို့ ယုံကြည်ခြင်း​ရှိသော​သူ​တစ်ဦး​ကိုမျှ အစ္စရေးလူမျိုး​ထဲ၌ ငါ​မတွေ့ဖူးသေး။ 11သင်တို့​အား ငါ​ပြောဆိုသည်​မှာ လူမျိုးခြား​များစွာတို့​သည် အရှေ့အရပ်​နှင့် အနောက်အရပ်​မှ လာ​၍ ကောင်းကင်​နိုင်ငံတော်​၏ စားသောက်ပွဲ​၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်​တို့​နှင့်အတူ စားသောက်ကြ​လိမ့်မည်။#8:11 မူရင်း​ဂရိကျမ်း​တွင် “လျောင်းကြ​လိမ့်မည်” ဟု တွေ့ရှိရသည်။ ပထမ​ရာစု​အရှေ့အလယ်ပိုင်း​၌ အစာ​စားသုံးရာ​တွင် စားပွဲ​ရှေ့၌​ထိုင်​၍ စားသုံးလေ့​မရှိပါ။ ကြမ်းပြင်​ပေါ်၌ အခြား​တစ်ဦး​အပေါ် မှီလျောင်း​၍ စားပွဲ​ကို​ဦးတည်​ကာ စားသောက်လေ့​ရှိသည်။ 12နိုင်ငံတော်သားများ​ဖြစ်သော အစ္စရေးလူမျိုးတို့​မှာမူ အပြင်ဘက်​မှောင်မိုက်သော​အရပ်​သို့ နှင်ထုတ်ခံကြရ​လိမ့်မည်။ ထို​နေရာ​၌ သူတို့​သည် အံကြိတ်​၍ ငိုကြွေးရ​လိမ့်မည်” ဟု မိန့်တော်မူ၏။
13ထို့နောက် ယေရှု​က ထို​ရောမ​တပ်မှူး​အား “အိမ်​သို့ ပြန်လော့။ သင်​၏​ယုံကြည်ခြင်း​အတိုင်း ဖြစ်ပြီ” ဟု မိန့်တော်၏။ ထိုသို့ မိန့်တော်မူသည့်​အချိန်​၌ပင် တပ်မှူး​၏ အစေခံ​သည် ပြန်လည်​ကျန်းမာလေ၏။
လူ​များစွာ​ကို ကျန်းမာစေတော်မူခြင်း
14ယေရှု​သည် ပေတရု​အိမ်​သို့ ကြွ​သောအခါ ပေတရု​၏ ယောက္ခမ​သည် ဖျား​လျက် အိပ်ရာ​ထဲ၌ လဲနေသည်​ကို မြင်တော်မူ၏။ 15ယေရှု​သည် ထို​အမျိုးသမီး​၏ လက်​ကို တို့ထိတော်မူ​လျှင် အဖျားပျောက်လေ၏။ ထိုအခါ သူ​သည် အိပ်ရာ​မှ ထပြီး​လျှင် ယေရှု​အား ဧည့်ခံလေ၏။
16ထို​ညနေ​တွင် လူတို့​သည် နတ်ဆိုးပူးသူများ​ကို ယေရှု​ထံတော်သို့ ခေါ်ဆောင်လာကြ၏။ ယေရှု​သည် ထို​နတ်ဆိုးတို့​ကို အမိန့်ပေး​၍ နှင်ထုတ်တော်မူ၏။ ဖျားနာသောသူ​အားလုံး​ကိုလည်း ကျန်းမာစေတော်မူ၏။ 17ဤ​အရာ​သည် ပရောဖက်​ဟေရှာယ​အားဖြင့် မိန့်တော်မူသော ဘုရားသခင်​၏​စကားတော်​အတိုင်း ဖြစ်ပျက်လာ​ရန်​ပင် ဖြစ်၏။ ထို​ဟောပြောချက်​မှာ
“ကိုယ်တော်​သည် ကျွန်ုပ်တို့​၏ ဖျားနာခြင်း​နှင့်
ရောဂါဝေဒနာများ​ကို ယူဆောင်သွားတော်မူ၏”#8:17 ဟေရှာ ၅၃:၄။
ဟူ၍ ဖြစ်၏။
ယေရှု​နောက်တော်​သို့ လိုက်ခြင်း​၏ အကျိုးဆက်
18ယေရှု​သည် မိမိ​ပတ်လည်​၌​ရှိသော လူထု​ကို မြင်တော်မူ​လျှင် တပည့်တော်တို့​အား တစ်ဖက်ကမ်း​သို့ ကူး​ရန် ညွှန်ကြားတော်မူ၏။
19ထိုအခါ ကျမ်းတတ်ဆရာ​တစ်ဦး​က “ဆရာတော်​ကြွသည့် မည်သည့်​နေရာ​ကို​မဆို အကျွန်ုပ်​လိုက်ပါမည်” ဟု လျှောက်လေ၏။
20သို့သော် ယေရှု​က “မြေခွေးတို့​၌ နေစရာ တွင်း​ရှိ၏။ ငှက်တို့​၌ နားစရာ​အသိုက်​ရှိ၏။ လူသား#8:20 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​၌​မူ ခေါင်းချစရာ​နေရာ​ပင် မရှိ” ဟု မိန့်တော်မူ၏။
21အခြား​တပည့်တော်​တစ်ဦး​က “သခင်… အိမ်​သို့​ပြန်​၍ အကျွန်ုပ်​၏​ဖခင်​ကို ဦးစွာ သင်္ဂြိုဟ်ခွင့်​ပြုတော်မူပါ” ဟု လျှောက်လေ၏။
22သို့သော် ယေရှု​က “ယခု​ပင် ငါ့​နောက်သို့ လိုက်လော့။ ဝိညာဉ်ရေးရာ​၌ သေဆုံးနေသော​သူတို့​သာ မိမိတို့​၏​လူသေ​ကို သင်္ဂြိုဟ်ပါစေ#8:22 မူရင်း​ဂရိကျမ်း​တွင် “လူသေတို့​သည် မိမိတို့​လူသေ​ကို သင်္ဂြိုဟ်ပါစေ” ဟူ၍ ပါရှိသည်။” ဟု မိန့်တော်မူ၏။
လေမုန်တိုင်း​ကို ငြိမ်သက်စေတော်မူခြင်း
23ထို့နောက် ယေရှု​သည် လှေ​ပေါ်သို့ တက်တော်မူ​၍ တပည့်တော်များ​နှင့်အတူ အိုင်​တစ်ဖက်ကမ်း​သို့ ကူးဖြတ်တော်မူ၏။ 24ရုတ်တရက် အိုင်​ထဲတွင် လေပြင်းမုန်တိုင်း​ကျလာ​သဖြင့် လှေ​သည် လှိုင်းတံပိုးများ​အောက်တွင် နစ်လုမတတ်​ရှိ၏။ သို့သော် ထို​အချိန်​တွင် ယေရှု​သည် အိပ်စက်နေတော်မူ၏။ 25တပည့်တော်တို့​သည် ကိုယ်တော်​ထံသို့ ချဉ်းကပ်​၍ နှိုးပြီး​လျှင် “သခင်… ကယ်တော်မူပါ။ အကျွန်ုပ်တို့​ရေနစ်​သေရပါတော့မည်” ဟု အော်ဟစ်​လျက် လျှောက်ကြ၏။
26ယေရှု​က “ယုံကြည်ခြင်း​အားနည်းသောသူတို့… အဘယ်ကြောင့် ကြောက်လန့်ကြသနည်း” ဟု မိန့်တော်မူ​ပြီးနောက် ထ​၍ လေ​နှင့် လှိုင်းတံပိုး​အား အမိန့်ပေး​ကာ ဆုံးမတော်မူ၏။ ထိုအခါ လေ​နှင့် လှိုင်းတံပိုးတို့​သည် ချက်ချင်း​ငြိမ်သက်သွားလေ၏။
27တပည့်တော်တို့​သည် အံ့အားသင့်​လျက် “ဤ​သူ​သည် မည်သူနည်း။ လေ​နှင့် လှိုင်းတံပိုးတို့​ပင်လျှင် သူ့​ကို နာခံကြသည်” ဟူ၍ ပြောဆိုကြ၏။
နတ်ဆိုးပူးနေသော​လူနှစ်ဦးတို့​ကို ကျန်းမာစေတော်မူခြင်း
28အိုင်​တစ်ဖက်ကမ်း​ရှိ ဂါရစ#8:28 “ဂါရစ” အချို့​လက်ရေးမူကျမ်းများ​တွင် “ဂါဒရ​ဒေသ၊” အချို့​တွင် “ဂါဂရ​ဒေသ” ဟု ဖော်ပြထားသည်။​ဒေသ​သို့ ကြွ​သောအခါ နတ်ဆိုးပူးသူ​နှစ်ဦးတို့​သည် သင်္ချိုင်းဂူများ​အကြား​မှ ထွက်လာ​၍ ယေရှု​နှင့် တွေ့ဆုံကြ၏။ ထို​သူတို့​သည် အလွန်​ဆိုးသွမ်း​သဖြင့် မည်သူ​မျှ ထို​သင်္ချိုင်း​လမ်း​ကို ဖြတ်​မသွားနိုင်ကြပေ။
29ထို​သူတို့​က “ဘုရားသခင်​၏​သားတော်… ကိုယ်တော်​သည် အကျွန်ုပ်တို့​နှင့် မည်သို့​ဆိုင်သနည်း။ ဘုရားသခင် သတ်မှတ်ထားတော်မူသော အချိန်​မတိုင်မီ ကိုယ်တော်​သည် အကျွန်ုပ်တို့​ကို ညှဉ်းဆဲ​ရန် ဤ​နေရာ​သို့ ကြွလာတော်မူသလော” ဟူ၍ ယေရှု​ကို အော်ဟစ်ပြောဆိုကြ၏။
30ထို​သူတို့​နှင့် မလှမ်းမကမ်း​တွင် ဝက်အုပ်ကြီး​တစ်အုပ်​သည် အစာစားနေ၏။ 31နတ်ဆိုးတို့​က “အကျွန်ုပ်တို့​ကို နှင်ထုတ်မည်​ဆိုပါက ထို​ဝက်အုပ်​ထဲသို့ ဝင်ခွင့်ပြုတော်မူပါ” ဟု တောင်းပန်ကြ၏။
32ယေရှု​က “သွားကြလော့” ဟု မိန့်တော်မူ၏။ ထို့ကြောင့် နတ်ဆိုးတို့​သည် ထို​သူတို့​အထဲ​မှ ထွက်​၍ ဝက်အုပ်​ထဲသို့ ဝင်ကြ၏။ ထို​ဝက်​တစ်အုပ်လုံး​သည် မတ်စောက်သော​တောင်စောင်း​အတိုင်း အိုင်​ကမ်းပါး​သို့ တစ်ဟုန်ထိုး​ပြေဆင်း​၍ ရေနစ်​သေဆုံးကြ၏။
33ဝက်ကျောင်းသော​သူတို့​သည် မြို့​သို့ ထွက်ပြေး​၍ လူအပေါင်းတို့​ကို ထို​နတ်ဆိုးပူးခံရသောသူတို့​၌ ဖြစ်ပျက်ခဲ့​သမျှ​အကြောင်း​ကို ပြောပြကြ၏။ 34ထိုအခါ တစ်မြို့လုံးရှိ​လူတို့​သည် ယေရှု​ထံသို့ သွားကြ၏။ ယေရှု​ကို တွေ့​သောအခါ မိမိတို့​အရပ်​မှ ထွက်ခွာသွားတော်မူ​ရန် တောင်းပန်ကြ၏။

Currently Selected:

မဿဲ 8: BCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in