YouVersion Logo
Search Icon

ရောမ 6

6
ခ​ရစ်​တော်၌​သေခြင်းနှင့်ရှင်​ခြင်း
1ထို​သို့​မှန်​လျှင်၊ အ​ဘယ်​သို့​ပြော​ရ​မည်​နည်း။ ကျေး​ဇူး​တော်​ပွား​များ​စေ​ခြင်း​ငှာ အ​ပြစ်​တ​ရား​ကို ကျင့်၍ နေ​ရ​မည်​လော။- 2ထို​သို့​မ​နေ​ရ။ အ​ပြစ်​တ​ရား​မှ စု​တေသော​သူ​တို့​သည် ထို​တ​ရား၌ အ​ဘယ်​သို့ ရှင်​ရ​ဦး​မည်​နည်း။- 3ယေ​ရှု​ခ​ရစ်၌ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​သည်​ဟု သင်​တို့ မ​သိ​သ​လော။- 4ထို​ကြောင့်၊ အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို ခံ​သော​အား​ဖြင့်၊ ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ခ​မည်း​တော်၏ ဘုန်း​တန်​ခိုး​အား​ဖြင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နည်း​တူ၊ ငါ​တို့​သည်​လည်း အ​သစ်​သော​အ​သက်၌ ကျင်​လည်​ရ​ကြ​သ​တည်း။-#ကော၊ ၂:၁၂။ 5တစ်​နည်း​ကား၊ အ​သေ​ခံ​တော်​မူ​ခြင်း၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍၊ ထို​သ​ခင်​နှင့်​အ​တူ ငါ​တို့​သည် စိုက်​ပျိုး​လျက်​ရှိ​သည်​မှန်​လျှင်၊ ထ​မြောက်​တော်​မူ​ခြင်း၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍ စိုက်​ပျိုး​လျက်​ရှိ​ကြ​လိမ့်​မည်။- 6ထို​မှ​တစ်​ပါး၊ ငါ​တို့၏​လူ​ဟောင်း​သည် ထို​သ​ခင်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​သတ်​ခြင်း​ကို​ခံ​ပြီ​ဟု ငါ​တို့​သိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် နောက်​မှ အ​ပြစ်​တ​ရား၏​အ​စေ​ကို မ​ခံ​စေ​ခြင်း​ငှာ၊ အ​ပြစ်​တ​ရား၏​ကိုယ်​ကို ဖျက်​ဆီး​မည်​အ​ကြောင်း​တည်း။- 7သေ​သော​သူ​သည် အ​ပြစ်​တ​ရား၏​လက်​မှ လွတ်​လျက်​ရှိ၏။- 8ခ​ရစ်​တော်​သည် သေ​ခြင်း​မှ​ထ​မြောက်​သော​အ​ခါ၊ သေ​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​တော်​မူ၏။- 9သေ​ခြင်း​တ​ရား​သည် နောက်​တစ်​ဖန် ကိုယ်​တော်​ကို မ​အုပ်​စိုး​ရ​သည်​ကို ထောက်​သော်၊ ငါ​တို့​သည် ခ​ရစ်​တော်​နှင့် အ​တူ​သေ​လျှင်၊ ထို​သ​ခင်​နှင့် အ​တူ ရှင်​လိမ့်​မည်​ဟု သ​ဘော​ရှိ​ကြ၏။- 10ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​ရာ​မှာ၊ အ​ပြစ်​တ​ရား​ကြောင့် တစ်​ကြိမ်​သာ​ခံ​တော်​မူ၏။ အ​သက်​ရှင်​တော်​မူ​ရာ​မှာ၊ ဘု​ရား​သ​ခင့်​အ​ဖို့ ရှင်​တော်​မူ၏။- 11ထို​နည်း​တူ သင်​တို့​သည် အ​ပြစ်​တ​ရား​နှင့် ဆိုင်​သော​အ​ရာ၌​ကား၊ အ​သေ​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော အ​ရာ၌​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သက်​ရှင်​သည်​ဟူ၍​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ် ထင်​မှတ်​ကြ​လော့။
12ထို​ကြောင့်၊ သင်​တို့၏​သေ​တတ်​သော ကိုယ်​ခ​န္ဓာ၏ တပ်​မက်​ခြင်း​အ​လို​သို့ လိုက်​ရ​သည်​တိုင်​အောင်၊ အ​ပြစ်​တ​ရား​သည် ထို​ကိုယ်​ခ​န္ဓာ၌ အ​စိုး​မ​ရ​စေ​နှင့်။- 13သင်​တို့၏​ကိုယ်​အင်္ဂါ​များ​ကို ဒု​စ​ရိုက်​လက်​နက် ဖြစ်​စေ၍၊ အ​ပြစ်​တ​ရား​အား မ​ဆက်​ကြ​နှင့်။ သေ​ခြင်း​မှ ထ​မြောက်၍ အ​သက်​ရှင်​သော​သူ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​အား ကိုယ်​ကို​ကိုယ်​ဆက်​ကြ​လော့။- 14ကိုယ်​အင်္ဂါ​များ​ကို​လည်း သု​စ​ရိုက်​လက်​နက် ဖြစ်​စေ၍၊ ဘု​ရား​သ​ခင်​အား ဆက်​ကြ​လော့။ သင်​တို့​သည် ပ​ညတ်​တ​ရား​လက်၌​မ​ရှိ၊ ကျေး​ဇူး​တ​ရား​လက်၌​ရှိ​သော​ကြောင့် အ​ပြစ်​တ​ရား​သည် သင်​တို့​ကို မ​အုပ်​စိုး​ရ။
ဖြော​င့်​မတ်​ခြင်း​တ​ရား​၏​ကျွန်​များ
15ထို​သို့​ဖြစ်​လျှင် အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် ပ​ညတ်​တ​ရား​လက်၌မရှိ။ ကျေးဇူးတရားလက်၌ရှိ​သော​ကြောင့်၊ ဒု​စ​ရိုက်​ကို ပြု​ရ​မည်​လော။ ထို​သို့​မ​ပြု​ရ။- 16အ​ကြင်​သူ၏​အ​ထံ၌ အ​စေ​ခံ​ကျွန်​ဖြစ်​ခြင်း​ငှာ သင်​တို့​ဝင်၍ အ​စေ​ခံ၏၊ ထို​သူ​သည် သေ​ခြင်း​နှင့်​ယှဉ်​သော အ​ပြစ်​တ​ရား​ဖြစ်​စေ၊ ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​နှင့်​ယှဉ်​သော နား​ထောင်​ခြင်း တ​ရား​ဖြစ်​စေ၊ သင်​တို့၏​သ​ခင်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။- 17သင်​တို့​သည် အ​ပြစ်​တ​ရား၏ ကျွန်​ဖြစ်​ဖူး​သော်​လည်း၊ ယ​ခု​တွင်​ခံ​ခဲ့​ပြီး​သော ဩ​ဝါ​ဒ​နည်း​ဥ​ပ​ဒေ​သ​စ​ကား​ကို စေ​တ​နာ​စိတ်​နှင့် နား​ထောင်​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။- 18သင်​တို့​သည် အ​ပြစ်​တ​ရား၏​လက်​မှ လွတ်​ကြ​ပြီ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​တ​ရား၏ ကျွန်​ဖြစ်​ကြ၏။- 19ထို​သို့​ငါ​ဆို​သော်၊ သင်​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း ဉာဏ်​နည်း​သော​ကြောင့်၊ လော​ကီ​ဝေါ​ဟာ​ရ​အား​ဖြင့် ဆို​သ​တည်း။ သင်​တို့​သည် မိ​မိ​တို့ ကိုယ်​အင်္ဂါ​များ​ကို အ​ဓ​မ္မ​အ​လို​ငှာ ညစ်​ညူး​ခြင်း​တ​ရား၊ အ​ဓ​မ္မ​တ​ရား၌သွင်း၍ ကျွန်​ခံ​စေဖူးသည်နည်းတူ၊ ယခုမှာ ကိုယ်အင်္ဂါများကို သန့်ရှင်းခြင်းအလိုငှာ၊ ဖြောင့်မတ်ခြင်းတရား၌သွင်း၍ ကျွန်ခံစေကြ​လော့။- 20သင်​တို့​သည် အ​ပြစ်​တ​ရား၏​ကျွန် ဖြစ်​စဉ်​ကာ​လ၊ ဖြောင့်​မတ်​ခြင်း​တ​ရား၏​လက်​မှ လွတ်​ကြ၏။- 21ယ​ခု သင်​တို့​ရှက်​ကြောက်​သော ထို​အ​ကျင့်​တို့​ကို ကျင့်​စဉ်​အ​ခါ၊ အ​ဘယ်​အ​ကျိုး​ကို ရ​ကြ​သ​နည်း။ ထို​သို့​သော​အ​ကျင့်​သည် သေ​ခြင်း၌ လမ်း​ဆုံး​သ​တည်း။- 22ယ​ခု​မူ​ကား၊ သင်​တို့​သည် အ​ပြစ်​တ​ရား၏ လက်​မှ​လွတ်၍၊ ဘု​ရား​သ​ခင်၏​ကျွန် ဖြစ်​ကြ​သည်​နှင့် အ​ညီ၊ သန့်​ရှင်း​ခြင်း​အ​ကျိုး​ကို ရ​ကြ၏။ အ​ဆုံး၌​လည်း ထာ​ဝ​ရ​အ​သက်​ကို ရ​ကြ​လိမ့်​မည်။- 23အ​ပြစ်​တ​ရား၏​အ​ခ​ကား သေ​ခြင်း​ပေ​တည်း။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကား၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ပေ​တည်း။

Currently Selected:

ရောမ 6: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy