ဆာလံ 89
89
ဘုရားသခင်နှင့်ဒါဝိဒ်၏ပဋိညာဉ်
(၃ရာ၊ ၄း၃၁)
1အကျွန်ုပ်သည် ထာဝရဘုရား၏ကရုဏာတော်ကို အစဉ်အမြဲသီချင်းဆိုပါမည်။ ကိုယ်တော်၏သစ္စာကို လူမျိုးအဆက်ဆက်တို့အား ဟောပြောမြွက်ဆိုပါမည်။ 2ကရုဏာတော်သည် အစဉ်အမြဲတည်ရပါ၏။ သစ္စာတော်ကို ကောင်းကင်၌ ခိုင်ခံ့မြဲမြံစေတော်မူသည်ဟု အကျွန်ုပ်သဘောကျပါ၏။ 3ကိုယ်တော်မိန့်တော်မူသည်ကား၊ သင်၏အမျိုးအနွယ်ကို အစဉ်မပြတ် ငါမြဲမြံစေမည်။ 4သင်၏ပလ္လင်ကိုလည်း လူမျိုးအဆက်ဆက်တည်စေမည်ဟု ငါရွေးကောက်သောသူနှင့် ငါသည်ပဋိညာဉ်ဖွဲ့၍၊ ငါ၏ကျွန်ဒါဝိဒ်အား ကျိန်ဆိုခြင်းကို ပြုပြီ။#၂ ရာ၊ ၇:၁၂-၁၆၊ ၅ ရာ၊ ၁၇:၁၁-၁၄၊ ဆာ၊ ၁၃၂:၁၁၊ တ၊ ၂:၃၀။
5အို ထာဝရဘုရား၊ ကောင်းကင်သည် အံ့ဖွယ်သောအမှုတော်တို့ကိုလည်းကောင်း၊ သန့်ရှင်းသောသူတို့သည် စည်းဝေးလျက် သစ္စာတော်ကိုလည်းကောင်း ချီးမွမ်းကြပါစေသော။ 6အကြောင်းမူကား၊ ကောင်းကင်တွင် ထာဝရဘုရားနှင့် အဘယ်သူပြိုင်နိုင်သနည်း။ ဘုရားသခင်၏သားတို့တွင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း။ 7ဘုရားသခင်သည် သန့်ရှင်းသူတို့၏ပရိသတ်တွင် အလွန်ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ အထံတော်၌ ပတ်လည်နေသောသူအပေါင်းတို့ထက် ရိုသေဖွယ်ဖြစ်တော်မူ၏။ 8ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်နှင့် အဘယ်သူ တူပါသနည်း။ ထာဝရဘုရားသည် ခွန်အားကြီးတော်မူ၏။ သစ္စာတော်လည်း ကိုယ်တော်ကို ပတ်ဝန်းလျက်ရှိပါ၏။ 9သမုဒ္ဒရာဟုန်းခြင်းကို အစိုးရတော်မူ၏။ လှိုင်းတံပိုးထသောအခါ ငြိမ်းစေတော်မူ၏။ 10ကိုယ်တော်သည် သူရဲကဲ့သို့ ရာခပ်ကိုချိုးဖျက်၍၊ အားကြီးသောလက်ရုံးတော်ဖြင့် ရန်သူတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူ၏။ 11ကောင်းကင်နှင့် မြေကြီးသည် ကိုယ်တော်၏ဥစ္စာဖြစ်ပါ၏။ လောကဓာတ်နှင့် လောကဓာတ်တန်ဆာများကို တည်တော်မူပြီ။ 12မြောက်မျက်နှာနှင့် တောင်မျက်နှာကိုလည်း ဖန်ဆင်းတော်မူပြီ။ တာဗော်တောင်နှင့် ဟေရမုန်တောင်သည် နာမတော်ကိုအမှီပြု၍ ရွှင်လန်းစွာသီချင်းဆိုကြပါ၏။ 13တန်ခိုးရှိသောလက်ရုံးနှင့် ပြည့်စုံတော်မူ၏။ လက်တော်သည်အားကြီး၍၊ လက်ယာလက်တော်သည် မြင့်ပါ၏။ 14တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်ပါ၏။ ကရုဏာနှင့်သစ္စာသည် မျက်နှာတော်ရှေ့၌သွားကြပါ၏။ 15အို ထာဝရဘုရား၊ နှိုးဆော်တော်မူခြင်းအသံကို နားလည်သောလူမျိုးသည် မင်္ဂလာရှိပါ၏။ 16သူတို့သည် မျက်နှာတော်အလင်း၌ သွားလာရကြပါ၏။ နာမတော်၌ အစဉ်ဝမ်းမြောက်၍ ဖြောင့်မတ်တော်မူခြင်းတရားအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်ရကြပါ၏။ 17ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ ဘုန်းဖြစ်တော်မူ၏။ ကျေးဇူးတော်အားဖြင့်လည်း အကျွန်ုပ်တို့၏ ဦးချိုသည် ချီးမြှောက်လျက်ရှိပါ၏။ 18ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကွယ်ကာတော်မူ၏။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားသည် အကျွန်ုပ်တို့၏ရှင်ဘုရင်ဖြစ်တော်မူ၏။
ဒါဝိဒ်အားဘုရားသခင်ပေးတော်မူသောကတိ
19တစ်ရံရောအခါ ကိုယ်တော်၏သန့်ရှင်းသူတို့ကို ဗျာဒိတ်တော်အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ အားကြီးသောသူသည် ကူမမည်အကြောင်း ငါခန့်ထားပြီ။ လူစုထဲက ရွေးကောက်သောသူ တစ်ယောက်ကို ငါချီးမြှောက်ပြီ။ 20ငါ၏ကျွန်ဒါဝိဒ်ကို ငါတွေ့၍၊ သန့်ရှင်းသောဆီနှင့် ဘိသိက်ပေးပြီ။#၁ ရာ၊ ၁၃:၁၄၊ တ၊ ၁၃:၂၂၊ ၁ ရာ၊ ၁၆:၁၂။ 21သူ့ဘက်မှာ ငါ့လက်သည်တည်လိမ့်မည်။ ငါ့လက်ရုံးသည် သူ့ကို မြဲမြံခိုင်ခံ့စေမည်။ 22ရန်သူသည် သူ၏ဥစ္စာကို အနိုင်အထက်မယူရ။ မတရားသောသူသည် မညှဉ်းဆဲရ။ 23သူ၏ရန်သူတို့ကို သူ့ရှေ့မှာ ငါနှိပ်စက်၍၊ သူ့ကိုမုန်းသော သူတို့ကို ဒဏ်ခတ်မည်။ 24ငါ၏သစ္စာနှင့် ကရုဏာသည်သူ့ဘက်မှာနေ၍၊ ငါ၏နာမအားဖြင့် သူ၏ဦးချိုသည် ချီးမြှောက်လျက် ရှိလိမ့်မည်။ 25သူ၏လက်ကိုလည်း၊ ပင်လယ်ပေါ်မှာလည်းကောင်း၊ သူ၏လက်ယာလက်ကို မြစ်များပေါ်မှာလည်းကောင်း ငါတင်၍ထားမည်။ 26သူကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်ရာကျောက်ဖြစ်တော်မူ၏ဟု ငါ့ကို ကြွေးကြော်လိမ့်မည်။ 27အကယ်စင်စစ် သူ့ကို သားဦးအရာ၌ ခန့်ထား၍၊ လောကီရှင်ဘုရင်တို့အပေါ်မှာ ချီးမြှောက်မည်။#ဗျာ၊ ၁:၅။ 28ငါ၏ကရုဏာကို သူ့အဖို့ငါသည် အစဉ်စောင့်၍၊ ငါ၏ပဋိညာဉ်တရားသည် သူ၌ မြဲမြံလိမ့်မည်။ 29သူ၏အမျိုးအနွယ်ကို အစဉ်အမြဲ တည်စေမည်။ သူ၏ပလ္လင်သည် ကောင်းကင်ကလာသကဲ့သို့ နိစ္စထာဝရဖြစ်လိမ့်မည်။
30သူ၏သားမြေးတို့သည် ငါ့တရားကို စွန့်ပယ်၍၊ ငါ၏စီရင်ချက်တို့ကို မကျင့်၊ 31ငါ၏အထုံးအဖွဲ့တို့ကို ရှုတ်ချ၍၊ ငါ၏ပညတ်တို့ကို မစောင့်ဘဲနေလျှင်၊ 32ငါသည် သူတို့ပြစ်မှားသောကြောင့်၊ ကြိမ်လုံးနှင့်ဆုံးမ၍ ဒဏ်ချက်တို့နှင့် ဒုစရိုက်အတိုင်း အပြစ်ပေးမည်။ 33သို့သော်လည်း၊ ငါ၏ကရုဏာကို သူမှငါမနုတ်မပယ်။ ငါ၏သစ္စာကိုလည်း မဖျက်။ 34ငါ၏ပဋိညာဉ်တရားကိုလည်း မရှုတ်ချ။ ငါမိန့်မြွက်သော စကားလည်း ဖောက်ပြန်ခြင်းမရှိရ။ 35ငါသည် ဒါဝိဒ်ကိုမလှည့်စားဟု ငါ၏သန့်ရှင်းခြင်းပါရမီကို တိုင်တည်၍ တစ်ခါကျိန်ဆိုပြီ။ 36သူ၏အမျိုးအနွယ်သည် အစဉ်အမြဲ တည်ရမည်။ သူ၏ပလ္လင်သည်လည်း၊ ငါ့ရှေ့၌ နေကဲ့သို့ဖြစ်ရမည်။ 37လကဲ့သို့လည်းကောင်း၊ မိုးကောင်းကင်၌ သစ္စာစောင့်သော သက်သေကဲ့သို့လည်းကောင်း၊ အစဉ်မြဲမြံရမည်ဟု ကိုယ်တော်သည် မိန့်တော်မူပါပြီ။
မင်းကြီးအရေးရှုံးနိမ့်သည့်အတွက် ငိုကြွေးမြည်တမ်းခြင်း
38သို့သော်လည်း၊ ကိုယ်တော်သည် ယခုစွန့်ပယ်၍ရွံရှာတော်မူပြီ။ အထံတော်၌ ဘိသိက်ခံသောသူကို အမျက်ထွက်တော်မူပြီ။ 39ကိုယ်တော်၏ကျွန်နှင့်ဖွဲ့သော ပဋိညာဉ်ကိုဖျက်၍၊ သူ၏သရဖူကို မြေတိုင်အောင် ရှုတ်ချတော်မူပြီ။ 40သူ၏ခြံရှိသမျှတို့ကိုချိုး၍၊ သူ၏တိုက်များကို ဖြိုဖျက်တော်မူပြီ။ 41လမ်း၌လျှောက်သွားသောသူအပေါင်းတို့သည် သူ့ကိုလုယူကြ၏။ အိမ်နီးချင်းတို့တွင် ကဲ့ရဲ့ဖွယ်ဖြစ်ပါ၏။ 42သူ၏ရန်သူတို့ လက်ယာလက်ကို ချီးမြှင့်၍၊ ရန်ဘက်ပြုသောသူအပေါင်းတို့ကို ဝမ်းမြောက်စေတော်မူ၏။ 43သူ၏ဓားသွားကိုလိပ်စေ၍၊ သူစစ်တိုက်ရာတွင် ထောက်မတော်မမူပါ။ 44သူ၏ဘုန်းကိုကွယ်စေ၍၊ သူ၏ရာဇပလ္လင်ကို မြေသို့နှိမ့်ချတော်မူပြီ။ 45သူ၏ပျိုသောအရွယ်ကို တိုစေ၍ အရှက်ခွဲတော်မူပြီ။
လွတ်မြောက်ရန်ဆုတောင်း
46အို ထာဝရဘုရား၊ ကိုယ်တော်သည် အလျှင်းမထင်ရှားဘဲ၊ အဘယ်မျှကာလပတ်လုံးပုန်း၍ နေတော်မူမည်နည်း။ အမျက်တော်သည် အဘယ်မျှကာလပတ်လုံး မီးကဲ့သို့ လောင်ရပါမည်နည်း။ 47အကျွန်ုပ်၏အသက်တာသည် အဘယ်မျှလောက် တိုသည်ကိုလည်းကောင်း၊ အဘယ်မျှလောက် ပျက်တတ်စေခြင်းငှာ၊ လူသားအပေါင်းတို့ကို ဖန်ဆင်းတော်မူသည်ကိုလည်းကောင်း၊ အောက်မေ့တော်မူပါ။ 48သေခြင်းသို့မရောက်၊ အသက်ရှင်၍ မိမိဝိညာဉ်ကို မရဏာနိုင်ငံတန်ခိုးမှ ကယ်နုတ်နိုင်သောသူကား အဘယ်သူနည်း။ 49အို ထာဝရဘုရား၊ သစ္စာတော်နှင့်တကွ ကိုယ်တော်၏ကျွန်ဒါဝိဒ်အား ကျိန်ဆိုတော်မူသော ရှေးကရုဏာတော်သည် အဘယ်မှာရှိပါသနည်း။ 50အိုထာဝရဘုရား၊ ကိုယ်တော်၏ကျွန်တို့သည် ခံရသောကဲ့ရဲ့ခြင်းကို အောက်မေ့တော်မူပါ။ များစွာသော လူတို့၏အမှုအလုံးစုံကို အကျွန်ုပ်သည် ကိုယ်ရင်ခွင်၌ ဆောင်ရပါ၏။ 51အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ရန်သူတို့သည် ကဲ့ရဲ့တတ်ကြပါ၏။ အထံတော်၌ ဘိသိက်ခံသောသူ၏ခြေတော်ရာတို့ကို ကဲ့ရဲ့တတ်ကြပါ၏။ 52ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။ အာမင်နှင့် အာမင်။
Currently Selected:
ဆာလံ 89: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.