ဆာလံ 73
73
အတွဲ ၃
(ဆာလံ၊ ၇၃-၈၉)
ဖိနှိပ်မှုအတွက်တောင်းလျှောက်ခြင်း
1အကယ်စင်စစ် ဘုရားသခင်သည် နှလုံးသန့်ရှင်းသောသူတည်းဟူသော ဣသရေလအမျိုး၌ ကျေးဇူးကြီးတော်မူ၏။ 2ငါမူကား၊ ခြေချော်လုလျက်၊ ခြေရာလွဲလုလျက် ရှိမိပြီ။ 3အကြောင်းမူကား၊ မတရားသောသူတို့၏ စည်းစိမ်ကိုမြင်သောအခါ၊ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ။ 4ထိုသူတို့သည် မသေမီတိုင်အောင် နာကြင်ခြင်းဝေဒနာမရှိ။ ခိုင်မာသောအစွမ်းသတ္တိ ရှိကြ၏။ 5သူတို့သည် လောကဓံဒုက္ခ မရှိ။ လူများကဲ့သို့ အနှောင့်အယှက်ကိုမခံရကြ။ 6ထိုကြောင့် မာနကို လည်ဆွဲတန်ဆာကဲ့သို့ဆင်၍၊ ညှဉ်းဆဲခြင်းအဝတ်ကိုလည်း ဝတ်တတ်ကြ၏။ 7ဆူဝသောကြောင့် မျက်နှာမော်လျက်ရှိကြ၏။ စိတ်နှလုံးကြံစည်ခြင်းအားဖြင့် လွန်ကျူးတတ်ကြ၏။ 8ဆိုးသောညှဉ်းဆဲခြင်းကိုပင် ပြက်ရယ်ပြု၍ ပြောတတ်ကြ၏။ ထောင်လွှားသောစကားကိုလည်း သုံးတတ်ကြ၏။ 9သူတို့နှုတ်သည် ကောင်းကင်နှင့် ဆန့်ကျင်ဘက်ပြု၍၊ လျှာသည်လည်း မြေကြီးကို လှည့်လည်တတ်၏။ 10ထိုကြောင့် ဘုရားသခင်၏လူတို့သည် သူတို့ထံသို့ ပြန်သွား၍ များစွာသောရေကို မျိုရကြ၏။ 11ဘုရားသခင်သည် အဘယ်သို့သိတော်မူမည်နည်း။ အမြင့်ဆုံးသောဘုရား၌ ဉာဏ်ရှိပါလိမ့်မည်လောဟု ဆိုတတ်ကြ၏။ 12ထိုမတရားသောသူတို့သည် အစဉ်ကောင်းစား၍ ဥစ္စာပွားများကြ၏။ 13အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော်လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ။ 14နေ့တိုင်း နှောင့်ယှက်ခြင်းနှင့် နံနက်တိုင်းဆုံးမခြင်းကိုငါခံရ၏။
15ထိုသို့သဘောကျမည်ဟု အကျွန်ုပ်ဆိုလျှင်၊ ကိုယ်တော်၏အမျိုးသားတို့ကို ပြစ်မှားရာသို့ ရောက်ပါလိမ့်မည်။ 16ထိုအမှုကိုနားလည်ရအောင် ဆင်ခြင်သောအခါ အလွန်ခက်သည်ဟု ထင်ပါ၏။ 17နောက်မှ ဘုရားသခင်၏ သန့်ရှင်းရာဌာနထဲသို့ဝင်၍၊ သူတို့၏အဆုံးကို နားလည်ရပါ၏။ 18အကယ်စင်စစ် ကိုယ်တော်သည် သူတို့ကို ချောသောအရပ်၌ ထားတော်မူပြီ။ ဖျက်ဆီးရာအရပ်သို့ ချတော်မူ၏။ 19တစ်ခဏချင်းတွင် အကျိုးနည်းကြပါပြီတကား။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါပြီတကား။ 20အိုထာဝရဘုရား၊ လူသည် နိုးသောအခါ အိပ်မက်ကိုမှတ်သကဲ့သို့ သူတို့ကို နှိုးတော်မူသောအခါ၊ သူတို့အကြံအစည်ကို မထီမဲ့မြင်ပြုတော်မူမည်။ 21ထိုသို့ အကျွန်ုပ်သည်နှလုံးနာလျက်၊ ကျောက်ကပ်မွှေနှောက်လျက်ရှိ၍၊ 22မိုက်သောသူ၊ ပညာမဲ့သောသူ ဖြစ်ပါ၏။ ရှေ့တော်၌ တိရစ္ဆာန်ကဲ့သို့ ဖြစ်ပါ၏။ 23သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်ထံမှာအစဉ်ရှိ၍၊ အကျွန်ုပ်၏လက်ယာလက်ကို ဆွဲကိုင်တော်မူ၏။ 24အကျွန်ုပ်ကို ဉာဏ်ပေး၍ ပဲ့ပြင်တော်မူမည်။ နောက်တစ်ဖန် ဘုန်းအသရေ၌ သိမ်းယူတော်မူမည်။ 25ကိုယ်တော်မှတစ်ပါး၊ ကောင်းကင်ဘုံမှာ အကျွန်ုပ်၌ အဘယ်သူရှိပါသနည်း။ ကိုယ်တော်ကိုအလိုရှိသည်နှင့်အမျှ မြေကြီးပေါ်မှာအကျွန်ုပ်သည် အဘယ်အလိုရှိပါသနည်း။ 26အကျွန်ုပ်၏အသားနှင့် နှလုံးသည်ပျက်ကြပါ၏။ သို့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဖို့ ဖြစ်တော်မူ၏။ 27အကယ်စင်စစ် ကိုယ်တော်နှင့် ဝေးဝေးနေသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ၏။ ကိုယ်တော်နှင့်ကွာ၍ မှားယွင်းသောသူအပေါင်းတို့ကို ပယ်ရှင်းတော်မူ၏။ 28အကျွန်ုပ်မူကား၊ ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကို ကြားပြောခြင်းအလိုငှာ၊ အရှင်ထာဝရဘုရား၌ ခိုလှုံလျက်နေပါ၏။
Currently Selected:
ဆာလံ 73: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.