ဆာလံ 107
107
အတွဲ ၅
(ဆာလံ၊ ၁၀၇-၁၅၀)
ဆင်းရဲခြင်းထဲမှကယ်တော်မူခြင်း
1ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။#၅ ရာ၊ ၁၆:၃၄၊ ၆ ရာ၊ ၅:၁၃၊ ၇:၃၊ ဧဇ၊ ၃:၁၁၊ ဆာ၊ ၁၀၀:၅၊ ၁၀၆:၁၊ ၁၁၈:၁၊ ၁၃၆:၁၊ ယေ၊ ၃၃:၁၁။ 2-3ရန်သူ၏လက်မှ ထာဝရဘုရားနုတ်၍ အရှေ့အနောက် တောင်မြောက်အရပ်ရပ်ထဲက စုသိမ်းသော သူတည်းဟူသော၊ ရွေးတော်မူသောသူတို့သည် ဝန်ခံကြစေ။ 4သူတို့သည် တောတွင်း လူဆိတ်ညံရာအရပ်၌လည်၍၊ နေစရာမြို့သို့ ရောက်သောလမ်းကို မတွေ့ကြ။ 5ဆာငတ်မွတ်သိပ်၍ စိတ်ပျက်ကြ၏။ 6ဆင်းရဲခံရသောအခါ၊ ထာဝရဘုရားကိုအော်ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ဆယ်နုတ်တော်မူ၏။ 7သူတို့နေစရာမြို့သို့ ရောက်စေခြင်းငှာ၊ ဖြောင့်သောလမ်းဖြင့် ပို့ဆောင်တော်မူ၏။ 8လူသားတို့၌ပြုတော်မူသော ကရုဏာနှင့် အံ့ဖွယ်သောအမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။ 9အကြောင်းမူကား၊ တောင့်တသောဝိညာဉ်ကို ရောင့်ရဲစေ၍၊ မွတ်သိပ်သောဝိညာဉ်ကိုလည်း၊ ကောင်းသောအရာနှင့် ဝစေတော်မူ၏။
10-11ထိုသူတို့သည် ဘုရားသခင်၏အမိန့်တော်ကို ငြင်းဆန်၍၊ အမြင့်ဆုံးသောဘုရား၏ အကြံတော်ကို မထီမဲ့မြင် ပြုသောကြောင့်၊ မှောင်မိုက်၊ သေမင်းအရိပ်၌ထိုင်လျက်၊ ဒုက္ခနှင့်လည်းကောင်း၊ သံကြိုးနှင့်လည်းကောင်း ချည်နှောင်လျက် နေရကြ၏။ 12ဘုရားသခင်သည် အမှုရောက်စေ၍၊ သူတို့စိတ်ကို နှိမ့်ချတော်မူ၏။ သူတို့သည်လဲ၍ ထောက်မသောသူမရှိဘဲ၊ 13ဆင်းရဲခံရသောအခါ၊ ထာဝရဘုရားကိုအော်ဟစ်၍ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏။ 14မှောင်မိုက်နှင့် သေမင်းအရိပ်ထဲက ထုတ်ဆောင်၍ သူတို့ချည်နှောင်ခြင်းကို ဖြေတော်မူ၏။ 15လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဖွယ်သောအမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းကြစေ။ 16အကြောင်းမူကား၊ ကြေးဝါတံခါးတို့ကိုချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်တော်မူ၏။
17မိုက်သောသဘောရှိသော သူတို့သည်လမ်းလွှဲ၍၊ ဒုစရိုက်ကို ပြုသောကြောင့် ဆင်းရဲခြင်းနှင့် တွေ့ကြုံရကြ၏။ 18စားစရာအမျိုးမျိုးကိုရွံ၍ သေခြင်းတံခါး ငါ့အနီးသို့#၁၀၇:၁၈။ သေခြင်းတံခါး ငါ့အနီးသို့‘‘သေခြင်းတံခါး၀အနီးသို့’’ (၁၉၃၃ ခုနှစ်ထုတ်သမ္မာကျမ်းစာ) ရောက်ကြ၏။ 19ဆင်းရဲခံရသောအခါ ထာဝရဘုရားကိုအော်ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏။ 20နှုတ်ကပတ်တော်ကိုလွှတ်သဖြင့်၊ သူတို့အနာကို ငြိမ်းစေ၍၊ ဖျက်ဆီးခြင်းအရာများထဲက နုတ်ယူတော်မူ၏။ 21လူသားတို့၌ ပြုတော်မူသောကရုဏာနှင့် အံ့ဖွယ်သောအမှုတော်တို့ကိုထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။ 22ကျေးဇူးတော် ဝန်ခံရာယဇ်ကိုပူဇော်၍၊ ရွှင်လန်းသောအသံနှင့်တကွ အမှုတော်တို့ကို ကြားပြောကြစေ။
23သင်္ဘောစီးလျက် ပင်လယ်ကိုကူး၍၊ ရေများပေါ်မှာ လုပ်ဆောင်သောသူတို့သည်၊ 24နက်နဲရာအရပ်၌ ထာဝရဘုရား၏အမှုတော်တို့နှင့်၊ အံ့ဖွယ်သော အမှုတော်တို့ကို မြင်ရကြ၏။ 25အမိန့်တော်ရှိ၍ လေပြင်းမုန်တိုင်းတိုက်သဖြင့်၊ လှိုင်းတံပိုးတို့ကို ထစေ၏။ 26မိုးကောင်းကင်တိုင်အောင် တက်လျက်၊ နက်နဲရာထဲသို့ဆင်းလျက် တွေ့သောဘေးကြောင့်၊ သူတို့သည် စိတ်ပျက်ကြ၏။ 27တလည်လည်သွားလျက် ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက်နေ၍ ဉာဏ်တိမ်မြုပ်ခြင်း ရှိကြ၏။ 28ဆင်းရဲခံရသောအခါ ထာဝရဘုရားကိုအော်ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ထုတ်ဆောင်တော်မူ၏။ 29လေပြင်းကိုပျောက်စေတော်မူ၍၊ လှိုင်းတံပိုးများလည်း ငြိမ်ဝပ်ကြ၏။ 30ထိုသို့ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏။ အလိုရှိရာသင်္ဘောဆိပ်သို့ ပို့ဆောင်တော်မူ၏။ 31လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဖွယ်သောအမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။ 32လူပရိသတ်၏အလယ်မှာ ထာဝရဘုရားကို ချီးမြှောက်၍ အသက်ကြီးသူတို့၏ အစည်းအဝေး၌ ချီးမွမ်းကြစေ။
33မြစ်တို့ကို လွင်ပြင်ဖြစ်စေခြင်းငှာလည်းကောင်း၊ စမ်းရေထွက်ရာအရပ်ကိုလည်း သွေ့ခြောက်စေခြင်းငှာလည်းကောင်း ပြုတော်မူ၏။ 34မြေကောင်းသောပြည်ကို ပြည်သူပြည်သားတို့၏အပြစ်ကြောင့် ဆားမြေဖြစ်စေတော်မူ၏။ 35တစ်ဖန် လွင်ပြင်ကို ရေနှင့်ပြည့်စေခြင်းငှာလည်းကောင်း၊ သွေ့ခြောက်သောအရပ်ကိုလည်း စမ်းရေထွက်စေခြင်းငှာလည်းကောင်း ပြုတော်မူ၏။ 36ထိုအရပ်၌လည်း၊ ငတ်မွတ်သောသူတို့ကို နေရာချတော်မူ၍၊ သူတို့သည် မိမိနေစရာဖို့ မြို့ကိုတည်ကြ၏။ 37လယ်လုပ်လျက်၊ စပျစ်ဥယျာဉ်ကိုလည်း စိုက်ပျိုးလျက်၊ မြေအသီးအနှံတို့ကို ပြုစုကြ၏။ 38ကောင်းချီးပေးတော်မူ၍၊ သူတို့သည် အလွန်ပွားများကြ၏။ သူတို့သိုးနွားများကိုလည်း လျော့စေတော်မမူ။ 39တစ်ဖန် သူတို့သည်လျော့၍ ညှဉ်းဆဲခြင်း၊ ငြိုငြင်ခြင်း၊ စိတ်ပူပန်ခြင်းအားဖြင့် နှိမ့်ချလျက်နေရကြ၏။ 40မင်းသားတို့ကို အရှက်ခွဲ၍၊ လမ်းမရှိသော တောအရပ်၌လည်စေတော်မူ၏။ 41ဆင်းရဲသောသူကိုလည်း ဒုက္ခမှထမြောက်စေ၍၊ သိုးစုကဲ့သို့ အိမ်ထောင်ပွားများစေတော်မူ၏။ 42ဖြောင့်မတ်သောသူတို့သည်မြင်၍၊ ဝမ်းမြောက်ကြ၏။ ခပ်သိမ်းသောဒုစရိုက်သည်လည်း မိမိနှုတ်ကို ပိတ်ရ၏။ 43အကြင်သူသည် ပညာရှိ၏၊ ထိုသူသည် ဤအမှုအရာတို့ကိုဆင်ခြင်၍၊ ထာဝရဘုရား၏ ကရုဏာကျေးဇူးတော်ကို နားလည်လိမ့်မည်။
Currently Selected:
ဆာလံ 107: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.