ဆာလံ 103
103
ဘုရားသခင်၏မေတ္တာတော်
1အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ငါ၏အထဲမှာရှိသမျှတို့၊ သန့်ရှင်းသောနာမတော်ကို ကောင်းချီးပေးကြလော့။ 2အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။ 3သင်၏အပြစ်အလုံးစုံတို့ကိုဖြေလွှတ်၍၊ သင်၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။ 4သင်၏အသက်ကို ဖျက်ဆီးခြင်းထဲကရွေး၍ ကျေးဇူးတော်၊ ကရုဏာတော်များနှင့် သင်၏ခေါင်းကို ပတ်ရစ်တော်မူ၏။ 5သင့်ကိုအသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ၏အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။
6ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကို ခံရသမျှသောသူတို့အဖို့ တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။ 7ဘာသာဓလေ့တော်တို့ကို မောရှေ၌လည်းကောင်း၊ စီရင်တော်မူသော အမှုအရာတို့ကို ဣသရေလအမျိုးသားတို့၌လည်းကောင်း ပြတော်မူပြီ။ 8ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍၊ ကရုဏာကြွယ်ဝသောသဘော ရှိတော်မူ၏။#ယာ၊ ၅:၁၁။ 9အစဉ်မပြတ် အပြစ်တင်တော်မူသည် မဟုတ်။ အငြိုးကို အမြဲထားတော်မူသည် မဟုတ်။ 10ငါတို့ပြစ်မှားခြင်းနှင့် အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်၊ 11မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည် အတိုင်း၊ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။ 12အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့် ဝေးသည်အတိုင်း၊ ငါတို့အပြစ်များကို ငါတို့နှင့် ဝေးစေတော်မူ၏။ 13အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ 14အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။ 15လူတို့၏နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူသည်လယ်ပြင်၌ရှိသော ပန်းပွင့်ကဲ့သို့ ပွင့်တတ်၏။ 16လေသည်လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏နေရာသည် နောက်တစ်ဖန် သူ့ကိုမသိရာ။ 17ထာဝရဘုရား၏ကရုဏာတော်မူကား၊ ကြောက်ရွံ့သော သူတို့အပေါ်သို့ ကာလအစဉ်အဆက် သက်ရောက်တတ်၏။ 18သစ္စာတော်ကိုစောင့်၍ ပညတ်တော်တို့ကိုကျင့်ခြင်းငှာ၊ သတိပြုသောသူတို့၏ သားစဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။
19ထာဝရဘုရားသည် ပလ္လင်တော်ကို ကောင်းကင်ဘုံ၌ တည်တော်မူ၍၊ အာဏာတော်သည် ခပ်သိမ်းသော အရပ်တို့ကိုနှံ့ပြား၏။ 20တန်ခိုးကြီး၍ နှုတ်ကပတ်တော်အသံကို နားထောင်လျက်၊ အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ 21အလိုတော်သို့လိုက်သော အမှုတော်ထမ်း၊ ကောင်းကင်ဗိုလ်ခြေတော်အပေါင်းတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ 22နိုင်ငံတော်အရပ်ရပ်၌ စီရင်ဖန်ဆင်းတော်မူသမျှတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။
Currently Selected:
ဆာလံ 103: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.