သုတ္တံ 20
20
1စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ်၏။ ထိုသို့သောအားဖြင့် မှားယွင်းသောသူသည် ပညာမရှိ။ 2ရှင်ဘုရင်ကြောက်စေသောအမှုအရာသည် ခြင်္သေ့ဟောက်ခြင်းနှင့် တူ၏။ အမျက်တော်ကို နှိုးဆော်သောသူသည် မိမိအသက်ကို ပြစ်မှား၏။ 3ရန်တွေ့ခြင်းကို ငြိမ်းစေသောသူသည် ဂုဏ်အသရေရှိ၏။ မိုက်သောသူမူကား၊ အမှုနှင့် ရောနှောတတ်၏။ 4ချမ်းသောကြောင့် ပျင်းရိသောသူသည် လယ်မလုပ်လို။ ထိုကြောင့် စပါးရိတ်သောကာလ၌ သူတစ်ပါးကို တောင်းသော်လည်း မရရာ။ 5လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့် တူသော်လည်း၊ ဉာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။ 6လူများတို့သည် မိမိတို့ပြုသောကျေးဇူးကို ကြားပြောတတ်၏။ သစ္စာရှိသောသူကိုကား၊ အဘယ်သူရှာ၍ တွေ့နိုင်သနည်း။ 7ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းလမ်းသို့လိုက်၍၊ သူ၏သားစဉ်မြေးဆက်တို့သည် မင်္ဂလာရှိကြ၏။ 8တရားပလ္လင်ပေါ်မှာ ထိုင်သော ရှင်ဘုရင်သည် မကောင်းသောအမှုအရာရှိသမျှတို့ကို မျက်စိတော်နှင့် ပယ်ရှင်းတတ်၏။ 9ငါသည် ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီ။ အပြစ်နှင့် ကင်းလွတ်၏ဟု အဘယ်သူဆိုနိုင်သနည်း။ 10အလေးချင်းမတူသောအလေး၊ အဝင်ချင်းမတူသော တင်းတောင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ 11သူငယ်သော်လည်း၊ မိမိပြုသောအမှုသည် စင်သည်မစင်သည်၊ မှန်သည်မမှန်သည်ကို မိမိအခြင်းအရာအားဖြင့်ပြ၍၊ မိမိသဘောကို ထင်ရှားစေ၏။ 12ကြားတတ်သော နားကိုလည်းကောင်း၊ မြင်တတ်သောမျက်စိကိုလည်းကောင်း၊ ထာဝရဘုရား ဖန်ဆင်းတော်မူပြီ။ 13ဆင်းရဲမည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍၊ အိပ်ခြင်းကို မတပ်မက်နှင့်။ နိုးတတ်လျှင် ဝစွာစားရ၏။ 14ဝယ်သောသူက၊ မကောင်းဘူး၊ မကောင်းဘူးဟု ဆိုတတ်၏။ ဝယ်၍သွားပြီးမှ ဝါကြွားတတ်၏။ 15ရွှေရှိ၏။ ပတ္တမြားလည်းရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသောနှုတ်မူကား၊ အလွန်အဖိုးထိုက်သော ရတနာဖြစ်၏။ 16မကျွမ်းသောသူအတွက်၊ အမျိုးပျက်သောမိန်းမအတွက်၊ အာမခံတတ်သောသူသည် အဝတ်အစရှိသော ဥစ္စာတစ်စုံတစ်ခုကို ပေါင်ထားစေ။
17လှည့်စား၍ရသော အစာသည် ချိုမြိန်သော်လည်း၊ စားသောသူ၏နှုတ်သည် ကျောက်စရစ်နှင့် ပြည့်လိမ့်မည်။ 18အကြံရှိသောသူသည် သူတစ်ပါးနှင့်တိုင်ပင်လျှင်၊ အကြံထမြောက်တတ်၏။ ကောင်းသောတိုင်ပင်ခြင်းရှိမှသာ စစ်မှုကိုပြုရမည်။ 19လည်၍ စကားများသောသူသည် လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ သို့ဖြစ်၍ ချော့မော့တတ်သောသူနှင့် မပေါင်းဖော်နှင့်။ 20အကြင်သူသည် မိဘကိုကျိန်ဆဲ၏။ ထိုသူ၏မီးခွက်သည် ထူထပ်သော မှောင်မိုက်၌ သေလိမ့်မည်။ 21အမွေဥစ္စာကို အစအဦး၌ အလျင်ရနိုင်သော်လည်း၊ အဆုံး၌ အမင်္ဂလာဖြစ်လိမ့်မည်။ 22ငါသည် ရန်တုံ့ပြုမည်ဟု မဆိုနှင့်၊ ထာဝရဘုရားကို ငံ့လင့်လော့။ သို့ပြုလျှင် ကယ်တင်တော်မူလိမ့်မည်။ 23အလေးချင်းမတူသော အလေးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ စဉ်းလဲသောချိန်ခွင်လည်း အပြစ်ရှိ၏။ 24လူသွားရာလမ်းတို့ကို ထာဝရဘုရားစီရင်တော်မူ၏။ သို့ဖြစ်၍ သူသည် မိမိသွားရာလမ်းတို့ကို အဘယ်သို့ နားလည်နိုင်သနည်း။ 25ဘုရားအမှု၌ စကားလွန်မိသောသူ၊ သစ္စာကတိထားပြီးမှ မေးမြန်းသောသူသည် ကျော့ကွင်းနှင့် တွေ့မိပြီ။ 26ပညာရှိသောရှင်ဘုရင်သည် လူဆိုးတို့ကို ကွဲပြားစေ၍၊ ဘီးနှင့်ဖိတတ်၏။ 27လူ၏စိတ်ဝိညာဉ်သည် ကိုယ်အတွင်း၌ ရှိရှိသမျှတို့ကို စစ်ဆေးသော ထာဝရဘုရား၏မီးခွက်ဖြစ်၏။ 28ကရုဏာတရားနှင့် သစ္စာတရားသည် ရှင်ဘုရင်ကိုစောင့်မတတ်၏။ ရာဇပလ္လင်တော်သည် ကရုဏာတရားအားဖြင့် မြဲမြံတတ်၏။ 29လူပျို၏ဘုန်းကား အစွမ်းသတ္တိ၊ လူအို၏ဂုဏ်အသရေကား ဖြူသောဆံပင်ဖြစ်၏။ 30အနာကို မွှေနှောက်ခြင်းအားဖြင့် အဆိုးအညစ်နှင့် ကင်းစင်တတ်၏။ ဒဏ်ချက်ရာတို့သည်လည်း၊ ကိုယ်အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကိုပြုတတ်၏။
Currently Selected:
သုတ္တံ 20: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.