မိက္ခာ 1
1
1ယုဒရှင်ဘုရင် ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်းတို့လက်ထက်၌ မောရရှရွာသား မိက္ခာသည် ရှမာရိမြို့နှင့် ယေရုရှလင်မြို့အဖို့ ခံရသော ထာဝရဘုရား၏ဗျာဒိတ်တော်ဟူမူကား၊#၄ရာ၊ ၁၅:၃၂-၁၆:၂၀။ ၁၈:၁-၂၀:၂၁။ ၆ရာ၊ ၂၇:၁-၇၊ ၂၈:၁-၃၂:၃၃။
ရှမာရိနှင့်ယေရုရှလင်အတွက်မြည်တမ်းခြင်း
2အို လူများအပေါင်းတို့၊ ကြားကြလော့။ အို ပြည်နှင့် ပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ အရှင်ထာဝရဘုရားတည်းဟူသော သန့်ရှင်းသောဗိမာန်တော်ထဲက ဘုရားရှင်သည် သင်တို့တစ်ဖက်၌ သက်သေခံတော်မူမည်။ 3ထာဝရဘုရားသည် ကျိန်းဝပ်တော်မူရာအရပ် ဌာနတော်ထဲက ထွက်ကြွဆင်းသက်၍၊ မြင့်သော မြေအရပ်တို့ကို နင်းတော်မူမည်။ 4မီးရှေ့မှာ ဖယောင်းကဲ့သို့လည်းကောင်း၊ ချောက်ကြီးမှ ဆင်းသောရေကဲ့သို့လည်းကောင်း ရှေ့တော်၌ တောင်တို့သည် အရည်ဖြစ်၍၊ ချိုင့်တို့သည်လည်း အက်ကွဲကြလိမ့်မည်။ 5ထိုအမှုသည် ယာကုပ်လွန်ကျူး၍ ဣသရေလအမျိုးပြစ်မှားသောကြောင့် ရောက်သတည်း။ ယာကုပ်လွန်ကျူးရာကား အဘယ်သို့နည်း။ ရှမာရိမြို့မဟုတ်လော။ ယုဒ၏မြင့်ရာအရပ်ကား အဘယ်မှာရှိသနည်း။ ယေရုရှလင်မြို့၌ရှိသည်မဟုတ်လော။ 6ထိုကြောင့်၊ ရှမာရိမြို့ကို လယ်ပြင်၌ မြေပုံကဲ့သို့လည်းကောင်း၊ စပျစ်ဥယျာဉ် စိုက်ရာအရပ်ကဲ့သို့လည်းကောင်း ငါဖြစ်စေမည်။ မြို့ရိုးကျောက်တို့ကို ချိုင့်ထဲသို့ သွန်ပစ်၍၊ မြို့ရိုးအမြစ်ကို လှန်ပြမည်။ 7ခပ်သိမ်းသော ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့မည်။ သူငှားလုပ်၍ ရသမျှသောအခတို့ကို မီးရှို့မည်။ မှားသောဘုရားရှိသမျှတို့ကို သုတ်သင်ပယ်ရှင်းမည်။ ပြည့်တန်ဆာလုပ်၍ ဥစ္စာကိုဆည်းပူးသည်ဖြစ်၍၊ ထိုဥစ္စာသည် ပြည့်တန်ဆာလက်သို့ တစ်ဖန်ရောက်ရဦးမည်။ 8ထိုအမှုကြောင့် ငါသည် ငိုကြွေးမြည်တမ်းမည်။ အဝတ်ကိုချွတ်၍ အချည်းစည်းလည်သွားမည်။ မြေခွေးကဲ့သို့ အူလျက်၊ ကုလားအုတ်ငှက်ကဲ့သို့ မြည်လျက်နေမည်။ 9သူခံရသော ဒဏ်နာမပျောက်နိုင်။ ယုဒပြည်တိုင်အောင်ကူးသဖြင့်၊ ငါ၏အမျိုးသားနေရာ ယေရုရှလင်မြို့ တံခါးသို့ရောက်လေပြီ။
ယေရုရှလင်မြို့သို့ဘေးဒဏ်ရောက်လေပြီ
10ဂါသမြို့၌ သတင်းမပြောကြနှင့်။ အလျှင်းမငိုကြွေးကြနှင့်။ ဗေသောဖရာမြို့မှာ မြေမှုန့်၌ လူးလဲလျက် နေကြလော့။ 11အို ရှဖိရမြို့သမီး၊ အဝတ်ကိုချွတ်၍ အရှက်ကွဲလျက် သွားလော့။ ဇာနန်မြို့သမီးသည် ငိုကြွေးခြင်းကိုပြုလျက် မထွက်ရ။ ဗေသဇေလမြို့သည် သင်တို့တည်းခိုရသော အခွင့်ကို မပေးရ။ 12မာရုတ်မြို့သမီးသည်လည်း ကောင်းသောအရာကို တောင့်တ၍ နာကျင်လျက်ရှိ၏။ အကြောင်းမူကား၊ ထာဝရဘုရားထံတော်မှ ဘေးဒဏ်သည် ယေရုရှလင်မြို့ တံခါးသို့ရောက်လေပြီ။ 13အို လာခိရှမြို့သမီး၊ လျင်မြန်သောမြင်းကို ရထား၌ကလော့။ သင်သည် ဣသရေလ၏ လွန်ကျူးခြင်းကိုလက်ခံ၍၊ ဇိအုန်သတို့သမီးအား အပြစ်လမ်းကို ပြသတည်း။ 14ထိုကြောင့် သင်သည် ဂါသပြည် မောရရှက်မြို့သို့ လက်ဆောင်ကို ပေးလိုက်ရမည်။ အာခဇိပ်မြို့သားတို့သည် ဣသရေလ ရှင်ဘုရင်တို့ကို လှည့်စားကြလိမ့်မည်။ 15အို မရေရှမြို့သမီး၊ သင်၏ဥစ္စာကို အမွေခံသောသူကို ငါခေါ်ခဲ့မည်။ သူသည် ဣသရေလဘုန်း၊ အဒုလံမြို့သို့ ရောက်လိမ့်မည်။ 16ချစ်ဖွယ်သော သင်၏သားသမီးတို့သည် သိမ်းသွားခြင်းကို ခံရသောကြောင့်၊ သူတို့အတွက် သင်သည် ခေါင်းပြောင်အောင် ဆံပင်ကိုရိတ်၍ နေလော့။ ရွှေလင်းတကဲ့သို့ ကျယ်စွာသော ခေါင်းပြောင်ခြင်းကို ပြုလော့။
Currently Selected:
မိက္ခာ 1: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.