ဝတ်ပြုရာ 8
8
အာရုန်နှင့်သားတို့ကိုသိက္ခာတင်ခြင်း
(ထွ၊ ၂၉:၁-၃၇)
1တစ်ဖန် ထာဝရဘုရားက၊ 2သင်သည် အာရုန်နှင့် သူ၏သားများ၊ အဝတ်များ၊ လိမ်းရန်ဆီ၊ အပြစ်ဖြေရာယဇ်ဖို့နွားထီး၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့မုန့်တစ်တောင်းကိုယူ၍၊ 3ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့သို့ ပရိသတ်အပေါင်းကို စည်ဝေးစေလော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ 4မောရှေပြု၍၊ ပရိသတ်တို့သည် ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့မှာ စည်းဝေးကြ၏။ 5မောရှေကလည်း၊ ဤသို့ ထာဝရဘုရားမှာထားတော်မူပြီဟု ပရိသတ်တို့အား ပြောဆိုလျက်၊ 6ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့ကိုခေါ်ခဲ့၍ ရေချိုးပြီးလျှင်၊ 7အာရုန်ကို အင်္ကျီဝတ်စေ၍၊ ခါးပန်းကိုစည်းစေလေ၏။ ဝတ်လုံနှင့် သင်တိုင်းကိုလည်းခြုံစေ၍၊ ထူးဆန်းသော သင်တိုင်းခါးစည်းဖြင့် စည်းလေ၏။ 8ရင်ဖုံးကိုလည်းဆင်စေ၍၊ ရင်ဖုံးအထဲ၌ ဥရိမ်နှင့်သုမိမ်ကို သွင်းထားလေ၏။ 9သူ၏ခေါင်းပေါ်မှာ ဗောင်းကိုတင်၍၊ သန့်ရှင်းသောရွှေသင်းကျစ်ပြားကို ဗောင်းရှေ့၌တပ်လေ၏။ 10ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည်လိမ်းရန်ဆီကိုယူ၍၊ တဲတော်နှင့် တဲတော်တန်ဆာရှိသမျှကိုလိမ်းသဖြင့် သန့်ရှင်းစေ၏။ 11ထိုဆီကို ယဇ်ပလ္လင်ပေါ်မှာခုနစ်ကြိမ်ဖျန်း၍၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် ခြေထောက်ကိုလည်းကောင်း၊ သန့်ရှင်စေခြင်းငှာလိမ်းလေ၏။ 12လိမ်းရန်ဆီကို အာရုန်ခေါင်းပေါ်မှာလောင်း၍ သူ့ကိုသန့်ရှင်းစေခြင်းငှာ လိမ်းလေ၏။ 13အာရုန်၏သားတို့ကိုလည်း အင်္ကျီဝတ်စေ၍၊ ခါးပန်းကိုစည်းစေလျက်၊ ဦးထုပ်ကိုဆောင်းစေလေ၏။
14ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အပြစ်ဖြေရာယဇ်ဖို့ နွားထီးကိုဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာတင်ကြ၏။ 15နွားကိုသတ်၍၊ မောရှေသည် ယဇ်ပလ္လင်ပတ်လည်ဦးချိုတို့၌ အသွေးကို လက်ညှိုးနှင့်ယူ၍ထည့်သဖြင့်၊ ယဇ်ပလ္လင်ကို စင်ကြယ်စေပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌သွန်၍၊ ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်းစေ၏။ 16အအူကိုဖုံးသောဆီဥရှိသမျှ၊ အသည်းပေါ်၌ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာမီးရှို့လေ၏။ 17အရေ၊ အသား၊ ချေးနုနှင့်တကွ နွားကောင်ကို၊ တပ်ပြင်မှာရှို့ရ၏။
18ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ပြုသော သိုးထီးကိုလည်းဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာတင်ကြ၏။ 19သိုးကိုသတ်ပြီးလျှင်၊ မောရှေသည် အသွေးကိုယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းလေ၏။ 20သိုးကိုလည်းအပိုင်းပိုင်းဖြတ်ပြီးလျှင်၊ ခေါင်းမှစ၍ သားတစ်များနှင့်ဆီဥကို မီးရှို့လေ၏။ 21ဝမ်းထဲ၌ရှိသောအရာနှင့် ခြေတို့ကိုဆေးကြော၍၊ သိုးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့လေ၏။ မွှေးကြိုင်ရာဖို့ မီးရှို့သောယဇ်ဖြစ်သတည်း။ မီးဖြင့် ထာဝရဘုရားအားပြုသော ပူဇော်သကာဖြစ်သတည်း။
22ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အခြားသောသိုး၊ အရာ၌ခန့်ထားရာသိုးကို ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည် မိမိတို့လက်ကိုသိုးခေါင်းပေါ်မှာ တင်ကြ၏။ 23သိုးကိုသတ်ပြီးမှ၊ မောရှေသည်အသွေးကိုယူ၍၊ အာရုန်၏ လက်ယာနားပျဉ်း၌လည်းကောင်း၊ လက်ယာလက်မ၌လည်းကောင်း၊ လက်ယာခြေမ၌လည်းကောင်း ထည့်လေ၏။ 24အာရုန်၏သားတို့ကိုလည်း ခေါ်ခဲ့၍၊ သူတို့လက်ယာနားပျဉ်း၊ လက်ယာလက်မ၊ လက်ယာခြေမတို့၌ အသွေးကိုထည့်ပြီးမှ၊ ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းလေ၏။ 25ဆီဥ၊ အမြီး၊ အအူကိုဖုံးသောဆီဥ၊ အသည်းပေါ်၌ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ကိုဖုံးသောဆီဥ၊ လက်ယာပခုံး၊ 26ထာဝရဘုရားရှေ့တော်၌ထားသော တဆေးမဲ့မုန့်တောင်းထဲက တဆေးမဲ့မုန့်တစ်လုံး၊ ဆီနှင့်လုပ်သောမုန့်ပြားတစ်ပြား၊ မုန့်ကြွပ်တစ်ချပ်ကိုယူ၍၊ မုန့်များကို ဆီဥနှင့် လက်ယာပခုံးပေါ်မှာထည့်ပြီးလျှင်၊ 27အာရုန်၏လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကိုထား၍၊ ထာဝရဘုရားရှေ့တော်၌၊ ချီလွှဲသဖြင့်၊ ချီလွှဲသောပူဇော်သကာပြုလေ၏။ 28ထိုအရာတို့ကို သူတို့လက်မှခံယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့်အတူ ရှို့လေ၏။ မွှေးကြိုင်သောအနံ့ရှိ၍ အရာ၌ခန့်ထားရာယဇ် ဖြစ်သတည်း။ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သကာဖြစ်သတည်း။ 29ထိုနောက် မောရှေသည် ရင်ပတ်ကိုယူ၍၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသောပူဇော်သကာပြုလေ၏။ အရာ၌ခန့်ထားရာသိုး၏ ရင်ပတ်သည် မောရှေ၏အဖို့ ဖြစ်သတည်း။ 30တစ်ဖန် ယဇ်ပလ္လင်ပေါ်မှာရှိသောအသွေးနှင့် လိမ်းရန်ဆီကိုယူ၍ အာရုန်နှင့် သူ၏အဝတ်၌လည်းကောင်း၊ သူ၏သားတို့နှင့် သူတို့အဝတ်၌လည်းကောင်းဖျန်းသဖြင့်၊ အာရုန်မှစ၍ သားများ၊ အဝတ်များတို့ကို သန့်ရှင်းစေလေ၏။
31မောရှေသည်၊ အာရုန်နှင့် သူ၏သားတို့အားလည်း၊ ထိုသိုး၏အသားကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာပြုတ်ကြလော့။ ထာဝရဘုရားက၊ အာရုန်နှင့် သူ၏သားတို့သည် ထိုအသားကိုစားရကြမည်ဟု ငါ့အားမှာထားတော်မူသည်အတိုင်း၊ ထိုအသားကိုလည်းကောင်း၊ အရာ၌ခန့်ထားရာ မုန့်တောင်း၌ရှိသောမုန့်ကိုလည်းကောင်း၊ ထိုအရပ်၌ စားကြလော့။ 32ကျန်ကြွင်းသောအသားနှင့် မုန့်ကိုမီးရှို့ရမည်။ 33သင်တို့ကို အရာ၌ခန့်ထားရာ ကာလခုနစ်ရက်မစေ့မီ ပရိသတ်စည်းဝေးရာ တဲတော်တံခါးပြင်သို့ မထွက်ရကြ။ ခုနစ်ရက်ပတ်လုံး အရာ၌ခန့်ထားခြင်းမင်္ဂလာကို ဆောင်ရကြမည်။ 34ယနေ့ပြုသည်အတိုင်း သင်တို့အဖို့ အပြစ်ဖြေခြင်းကိုပြုမည်အကြောင်း ထာဝရဘုရားမှာထားတော်မူပြီ။ 35ထိုကြောင့် သင်တို့သည် သေဘေးနှင့်ကင်းလွတ်ခြင်းငှာ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ၊ ခုနစ်ရက်ပတ်လုံးနေ့ညမပြတ်နေ၍၊ ထာဝရဘုရားအမှုတော်ကို စောင့်ရကြမည်။ ထိုသို့ ငါ့အားမှာထားတော်မူပြီဟု ဆင့်ဆိုသည်ဖြစ်၍၊ 36မောရှေအားဖြင့် ထာဝရဘုရားမှာထားတော်မူသမျှအတိုင်း၊ အာရုန်နှင့် သူ၏သားတို့သည် ပြုကြ၏။
Currently Selected:
ဝတ်ပြုရာ 8: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.