YouVersion Logo
Search Icon

ယောရှု 24

24
ယော​ရှု၏​နောက်​ဆုံး​စ​ကား
1တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့​ကို ရှေ​ခင်​မြို့၌ စည်း​ဝေး​စေ၍၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ၊ အ​ကဲ​အ​မှူး၊ တ​ရား​သူ​ကြီး၊ အ​ရာ​ရှိ​သော သူ​တို့​ကို​ခေါ်​သ​ဖြင့်၊ သူ​တို့​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​သို့ ချဉ်း​ကပ်​ကြ၏။ 2ထို​အ​ခါ ယော​ရှု​သည် လူ​အ​ပေါင်း​တို့​အား ဟော​ပြော​လေ​သည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အာ​ဗြ​ဟံ​နှင့် နာ​ခေါ်​တို့၏ အ​ဘ​တေ​ရ​မှ​စ၍ သင်​တို့​ဘိုး​ဘေး​တို့​သည် ရှေး​ကာ​လ၌ မြစ်​ကြီး​တစ်​ဖက်​မှာ​နေ၍ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို​ဝတ်​ပြု​ကြ၏။#က၊ ၁၁:၂၇။ 3သင်​တို့​အ​ဘ​အာ​ဗြ​ဟံ​ကို မြစ်​ကြီး​တစ်​ဖက်​မှ ငါ​ခေါ်​ပြီး​လျှင်၊ ခါ​နာန်​ပြည်​အ​ရပ်​ရပ်​သို့ ပို့​ဆောင်၍ သူ၏​အ​မျိုး​အ​နွယ်​ကို များ​ပြား​စေ​လျက်၊ ဣ​ဇာက်​ကို​ပေး၏။#က၊ ၁၂:၁-၉၊ ၂၁:၁-၃။ 4ဣ​ဇာက်​အား​လည်း၊ ယာ​ကုပ်​နှင့် ဧ​သော​ကို ငါ​ပေး၍၊ ဧ​သော​အား​လည်း စိ​ရ​တောင်​ကို အ​ပိုင်​ပေး၏။ ယာ​ကုပ်​နှင့် သူ၏​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့ သွား​ကြ၏။#က၊ ၂၅:၂၄-၂၆၊ ၃၆:၈၊ တရား၊ ၂:၅၊ က၊ ၄၆:၁-၇။ 5မော​ရှေ​နှင့်​အာ​ရုန်​ကို ငါ​စေ​လွှတ်၍ အဲ​ဂု​တ္တု​လူ​တို့၌ ပြု​သည်​အ​တိုင်း၊ အဲ​ဂု​တ္တု​ပြည်​ကို ဆုံး​မ​သော​နောက်၊ သင်​တို့​ကို နုတ်​ဆောင်​လေ၏။#ထွ၊ ၃:၁—၁၂:၄၂။ 6ထို​သို့ သင်​တို့​အ​ဘ​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သ​ဖြင့်၊ သူ​တို့​သည် ဧ​ဒုံ​ပင်​လယ်​သို့​ရောက်၍၊ အဲ​ဂု​တ္တု​လူ​တို့​သည် ရ​ထား​နှင့် မြင်း​စီး​သူ​ရဲ​ပါ​လျက် ထို​ပင်​လယ်​တိုင်​အောင် လိုက်​ကြ၏။ 7ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော​အ​ခါ၊ သင်​တို့​နှင့် အဲ​ဂု​တ္တု​လူ​တို့​စပ်​ကြား​မှာ မှောင်​မိုက်​ကို​ငါ​ထား၍ သူ​တို့​ကို ပင်​လယ်​ရေ​လွှမ်း​မိုး​စေ၏။ အဲ​ဂု​တ္တု​ပြည်၌ ငါ​ပြု​သော​အ​မှု​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ကြ​ပြီ။ တော၌​လည်း ကာ​လ​ကြာ​မြင့်​စွာ နေ​ရ​ကြ၏။#ထွ၊ ၁၄:၁-၃၁။ 8နောက်​တစ်​ဖန် ယော်​ဒန်​မြစ် အ​ရှေ့​ဘက်၌​နေ​သော အာ​မော​ရိ​လူ​တို့​ပြည်​သို့ သင်​တို့​ကို ငါ​ပို့​ဆောင်၍၊ သူ​တို့​သည်​စစ်​တိုက်​သော​အ​ခါ သူ​တို့​ကို သင်​တို့​လက်၌​ငါ​အပ်၍ သူ​တို့​မြေ​ကို သင်​တို့​သည် သိမ်း​ယူ​ကြ၏။ သူ​တို့​ကို သင်​တို့​ရှေ့​မှ ငါ​သုတ်​သင်​ပယ်​ရှင်း​လေ၏။#တော၊ ၂၁:၂၁-၃၅။ 9မော​ဘ​ရှင်​ဘု​ရင် ဇိ​ဖော်၏​သား​ဗာ​လက်​သည် ထ၍ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​သ​ဖြင့်၊ သင်​တို့​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ၊ ဗော​ရ၏​သား​ဗာ​လမ်​ကို​ခေါ်​သော​အ​ခါ၊ 10ဗာ​လမ်၏​စ​ကား​ကို ငါ​နား​မ​ထောင်​သော​ကြောင့်၊ သူ​သည် အ​ထပ်​ထပ်​ကောင်း​ချီး​ပေး၍ သူ့​လက်​မှ သင်​တို့​ကို ငါ​ကယ်​လွှတ်​လေ၏။#တော၊ ၂၂:၁-၂၄-၂၅။ 11တစ်​ဖန် သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ ယေ​ရိ​ခေါ​မြို့​သို့ ရောက်​ကြ​သော​အ​ခါ၊ ယေ​ရိ​ခေါ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​သည် သင်​တို့​ကို​စစ်​တိုက်၍ သူ​တို့​ကို သင်​တို့​လက်၌ ငါ​အပ်​လေ၏။#ယောရှု၊ ၃:၁၄-၁၇၊ ၆:၁-၂၁။ 12သင်​တို့၌ ဓား​နှင့်​လေး​မ​ပါ​ဘဲ၊ သင်​တို့​ရှေ့​မှာ ပျား​တူ​ကို ငါ​စေ​လွှတ်၍၊ အာ​မော​ရိ​မင်း​ကြီး​နှစ်​ပါး​ကို သင်​တို့​ရှေ့​မှ ငါ​နှင်​ထုတ်​လေ၏။#ထွ၊ ၂၃:၂၈၊ တရား၊ ၇:၂၀။ 13သင်​တို့​မ​လုပ်​သော​မြေ၊ မ​တည်​သော​မြို့​တို့​ကို ငါ​ပေး၍ သင်​တို့​သည် နေ​ရ​ကြ၏။ ကိုယ်​တိုင်​မ​စိုက်​သော စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်​တို့​ကို စား​ရ​ကြ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။#တရား၊ ၆:၁၀-၁၁။
14ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍ ကြည်​ဖြူ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့်​တ​ကွ ဝတ်​ပြု​ကြ​လော့။ မြစ်​ကြီး​တစ်​ဖက်၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော ဘု​ရား​များ​ကို​ပယ်၍ ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​ကြ​လော့။ 15သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​မ​ပြု​ကောင်း​ဟု သင်​တို့​ထင်​လျှင်၊ မြစ်​ကြီး​တစ်​ဖက်၌ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော​ဘု​ရား၊ သင်​တို့​နေ​ရာ အာ​မော​ရိ​ပြည်​သား​တို့၏​ဘု​ရား​များ​တွင်၊ အ​ဘယ်​မည်​သော ဘု​ရား​တို့​အား ဝတ်​ပြု​မည်​အ​ရာ​ကို ယ​နေ့​ရွေး​ကြ​လော့။ ငါ​နှင့် ငါ့​အိမ်​သား​ဖြစ်​လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​မည်​ဟု ဆို​လေ​သော်၊ 16လူ​များ​တို့​က အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​သော​အ​မှု​သည် အ​ကျွန်ုပ်​တို့​နှင့် ဝေး​ပါ​စေ​သော။ 17ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘ​တို့​နှင့် ငါ​တို့​ကို​နုတ်​ဆောင်၍၊ ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ငါ​တို့​မျက်​မှောက်၌ ပြ​တော်​မူ​ပြီ။ ငါ​တို့​သွား​လေ​ရာ​ရာ​အ​ရပ်၊ လျှောက်​လေ​ရာ​ရာ​လူ​မျိုး​တို့​တွင် စောင့်​တော်​မူ​ပြီ။ 18ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဤ​ပြည်၌ နေ​သော​သူ အာ​မော​ရိ​လူ​အ​ပေါင်း​တို့​ကို ငါ​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ပါ​မည်။ ထို​ဘု​ရား​သည် ငါ​တို့​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ဟု ပြန်​ပြော​ကြ၏။ 19ယော​ရှု​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​မ​ပြု​နိုင်။ ထို​ဘု​ရား​သည် သန့်​ရှင်း​သော​ဘု​ရား၊ အ​ပြစ်​ရှိ​သည်​ဟု ထင်​လွယ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။ သင်​တို့ လွန်​ကျူး​ပြစ်​မှား​သော အ​ပြစ်​တို့​ကို သည်း​ခံ​တော်​မ​မူ။ 20သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍ တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​တို့​ကို ဝတ်​ပြု​လျှင်၊ သင်​တို့၌ ကျေး​ဇူး​ပြု​တော်​မူ​ပြီး​မှ တစ်​ဖန်​လှည့်၍ ညှဉ်း​ဆဲ​ဖျက်​ဆီး​တော်​မူ​မည်​ဟု ဆို​လျှင်၊ 21လူ​များ​တို့​က၊ မ​ဟုတ်​ပါ။ ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ဝတ်​ပြု​ပါ​မည်​ဟု ပြန်​လျှောက်​ကြ၏။ 22ယော​ရှု​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ခြင်း​ငှာ ထို​ဘု​ရား​ကို ရွေး​ကြ​ပြီ​ဟု ကိုယ်​အ​မှု၌ ကိုယ်​သက်​သေ​ခံ​ကြ​သည်​ဟု​ဆို​လျှင် သူ​တို့​က၊ သက်​သေ​ခံ​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊ 23ယော​ရှု​က၊ သို့​ဖြစ်​လျှင်၊ သင်​တို့​တွင်​ရှိ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​တို့​ကို​ပယ်၍ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဘက်​သို့ စိတ်​နှ​လုံး​ကို​ညွှတ်​ကြ​လော့​ဟု ဆို​လေ၏။ 24လူ​များ​တို့​က​လည်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ပါ​မည်။ စ​ကား​တော်​ကို နား​ထောင်​ပါ​မည်​ဟု ဝန်​ခံ​ပြီး​မှ၊ 25ယော​ရှု​သည် ထို​နေ့၌ လူ​များ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု၍ ရှေ​ခင်​မြို့​မှာ စီ​ရင်​ထုံး​ဖွဲ့​ချက်​ကို ထား​လေ၏။ 26ထို​စ​ကား​ကို​လည်း ဘု​ရား​သ​ခင်၏​ဓ​မ္မ​ကျမ်း​စာ၌​ရေး​ထား၍၊ ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​ရာ​ဌာ​န​တော်​နား​မှာ​ရှိ​သော သ​ပိတ်​ပင်​အောက်၌ ကျောက်​ကြီး​ကို ထောင်​လျက်၊ 27ဤ​ကျောက်​သည် ငါ​တို့​အား​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​အ​လုံး​စုံ​ကို ကြား​ရ​ပြီ။ သို့​ဖြစ်၍ သင်​တို့​သည် ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သင်​တို့​အား သက်​သေ​ဖြစ်​ရ​လိမ့်​မည်​ဟု လူ​အ​ပေါင်း​တို့​အား​ပြော​ဆို​ပြီး​မှ၊ 28အ​သီး​အ​သီး မိ​မိ​တို့​အ​မွေ​ခံ​ရာ​အ​ရပ်​သို့ ပြန်​သွား​ရ​သော​အ​ခွင့်​ကို ပေး​လေ၏။
ယော​ရှု​အ​နိ​စ္စ​ရောက်​ခြင်း
29ထို​နောက်​မှ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်၊ နုန်၏​သား​ယော​ရှု​သည် အ​သက်​တစ်​ရာ​တစ်​ဆယ်​ရှိ​သော် အ​နိ​စ္စ​ရောက်​လေ၏။ 30ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ဂါ​ရှ​ကုန်း​မြောက်​မှာ​ရှိ​သော သူ၏​အ​မွေ​ခံ​ရာ တိ​မ​နဿေ​ရ​မြို့​နယ်​မြေ၌ သင်္ဂြိုဟ်​ကြ၏။#ယောရှု၊ ၁၉:၄၉-၅၀။ 31ယော​ရှု​လက်​ထက်​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သ​မျှ​တို့​ကို​သိ၍ ယော​ရှု​မ​ရှိ​သည်​နောက် အ​သက်​ရှင်​သေး​သော အ​သက်​ကြီး​သူ​တို့​လက်​ထက်၌​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။
ယော​သပ်၏​အ​ရိုး​ကို​သင်္ဂြိုဟ်​ခြင်း
32ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​ခဲ့​သော ယော​သပ်၏​အ​ရိုး​တို့​ကို၊ ရှေ​ခင်၏​အ​ဘ ဟာ​မော်၏​သား​တို့​တွင် ငွေ​တစ်​ပိဿာ​နှင့် ယာ​ကုပ်​ဝယ်​သော​ရှေ​ခင်​မြို့​နယ် မြေ​အ​ကွက်၌ သင်္ဂြိုဟ်​ကြ၏။ ထို​မြေ​အ​ကွက်​သည် ယော​သပ်​သား​တို့ အ​မွေ​မြေ​ဖြစ်​သ​တည်း။#က၊ ၃၃:၁၉၊ ၅၀:၂၄-၂၅၊ ထွ၊ ၁၃:၁၉၊ ယော၊ ၄:၅၊ တ၊ ၇:၁၆။ 33အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သည်​လည်း အ​နိ​စ္စ​ရောက်​လေ၏။ သူ၏​သား​ဖိ​န​ဟတ်​အား လူ​များ​ပေး​ခဲ့​သော ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ဖိ​န​ဟတ်​ကုန်း၌ သင်္ဂြိုဟ်​ကြ၏။
ယော​ရှု​မှတ်​စာ​ပြီး၏။

Currently Selected:

ယောရှု 24: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy