YouVersion Logo
Search Icon

ယောရှု 10

10
ငြိမ်၀ပ်​စွာ​ရပ်​နေ​သော​နေ
1ယော​ရှု​သည် ယေ​ရိ​ခေါ​မြို့​နှင့် မင်း​ကြီး​ကို ပြု​သ​ကဲ့​သို့၊ အာ​ဣ​မြို့​နှင့် မင်း​ကြီး​ကို တိုက်​ယူ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြောင်း​ကို​လည်း​ကောင်း၊ ဂိ​ဗောင်​မြို့​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍ အ​တူ​နေ​ကြောင်း​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည် ကြား​သော​အ​ခါ၊ 2ဂိ​ဗောင်​မြို့​သည် မြို့​တော်​ကဲ့​သို့ ကြီး​စွာ​သော​မြို့၊ အာ​ဣ​မြို့​ထက်​ကြီး၍ မြို့​သား​ယောက်ျား​အ​ပေါင်း​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ​သော​ကြောင့် အ​လွန်​ကြောက်​ရွံ့​ကြ၏။ 3ထို​အ​ခါ ယေ​ရု​ရှ​လင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည်၊ ဟေ​ဗြုန်​မင်း​ကြီး​ဟော​ဟံ၊ ယာ​မုတ်​မင်း​ကြီး​ပိ​ရံ၊ လာ​ခိ​ရှ​မင်း​ကြီး​ယာ​ဖျာ၊ ဧ​ဂ​လုန်​မင်း​ကြီး​ဒေ​ပိ​ရ​တို့​ထံ​သို့ စေ​လွှတ်၍၊ 4ဂိ​ဗောင်​မြို့​သည် ယော​ရှု​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော​ကြောင့်၊ ထို​မြို့​ကို လုပ်​ကြံ​ခြင်း​ငှာ ငါ့​ထံ​သို့​လာ၍ ငါ​နှင့်​အ​တူ​ကူ​ညီ​ကြ​ပါ​ဟု နှိုး​ဆော်​သည်​အ​တိုင်း၊ 5ယေ​ရု​ရှ​လင်​မင်း​ကြီး၊ ဟေ​ဗြုန်​မင်း​ကြီး၊ ယာ​မုတ်​မင်း​ကြီး၊ လာ​ခိ​ရှ​မင်း​ကြီး၊ ဧ​ဂ​လုန်​မင်း​ကြီး​တည်း​ဟူ​သော အာ​မော​ရိ​မင်း​ကြီး​ငါး​ပါး​တို့​သည် စည်း​ဝေး၍ မိ​မိ​တို့​ဗိုလ်​ပါ​စစ်​သည် အ​ပေါင်း​တို့​နှင့်​တ​ကွ စစ်​ချီ၍၊ ဂိ​ဗောင်​မြို့​ရှေ့​မှာ​တပ်​ချ​လျက် စစ်​တိုက်​ကြ၏။ 6ဂိ​ဗောင်​မြို့​သား​တို့​သည် ယော​ရှု​ရှိ​ရာ ဂိ​လ​ဂါ​လ​မြို့​သို့ စေ​လွှတ်၍၊ ကိုယ်​တော်၏​ကျွန်​တို့​ကို​ကြည့်​ရှု​လျက် နေ​တော်​မ​မူ​ပါ​နှင့်။ အ​လျင်​အ​မြန်​ကြွ၍ မ​စ​ကယ်​တင်​တော်​မူ​ပါ။ တောင်​ပေါ်​မှာ​နေ​သော အာ​မော​ရိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် ကျွန်​တော်​တို့​ကို​တိုက်​ခြင်း​ငှာ စည်း​ဝေး​ကြ​ပါ​ပြီ​ဟု လျှောက်​ကြ၏။ 7ယော​ရှု​သည်​လည်း၊ စစ်​မှု၌​ကျင်​လည်​သော​သူ၊ ခွန်​အား​ကြီး​သော သူ​ရဲ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဂိ​လ​ဂါ​လ​မြို့​မှ တက်​သွား​လေ၏။ 8ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​တို့​ကို မ​ကြောက်​နှင့်။ သင်၏​လက်၌ ငါ​အပ်​မည်။ သင့်​ရှေ့​မှာ လူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ခံ​မ​ရပ်​နိုင်​ရာ​ဟု ယော​ရှု​အား​မိန့်​တော်​မူ၏။ 9ယော​ရှု​သည် ဂိ​လ​ဂါ​လ​မြို့​မှ တစ်​ည​လုံး​ချီ​သွား၍၊ ရန်​သူ​တို့​ကို အ​မှတ်​တ​မဲ့​တိုက်​လာ​သ​ဖြင့်၊ 10ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ​ရှုံး​စေ၍၊ ဂိ​ဗောင်​မြို့​အ​နား​မှာ ကြီး​စွာ​သော​လုပ်​ကြံ​ခြင်း​အား​ဖြင့်​သတ်၍၊ ဗေ​သော​ရုံ​မြို့​သို့​သွား​သော​လမ်း၌ လိုက်​လျက်၊ အ​ဇေ​ကာ​မြို့၊ မ​က္က​ဒါ​မြို့​တိုင်​အောင် လုပ်​ကြံ​တော်​မူ၏။ 11ထို​သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ရှေ့​မှာ​ပြေး၍ ဗေ​သော​ရုန်​မြို့​သို့ ဆင်း​သွား​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​မှ ကြီး​စွာ​သော မိုး​သီး​ကို အ​ဇေ​ကာ​မြို့​တိုင်​အောင် သူ​တို့​အ​ပေါ်၌ ချ​တော်​မူ၍၊ သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့၏ ဓား​ကြောင့်​သေ​သည်​ထက် မိုး​သီး​ကြောင့် သာ၍​သေ​ကြ၏။ 12ထို​သို့ အာ​မော​ရိ​လူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ အပ်​တော်​မူ​သော​နေ့​မှာ၊ ယော​ရှု​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​ပြီး​လျှင်၊ အို နေ သင်​သည်​ဂိ​ဗောင်​မြို့၌​လည်း​ကောင်း၊ အို လ သင်​သည်​အာ​ယ​လုန်​ချိုင့်၌​လည်း​ကောင်း ငြိမ်​ဝပ်​စွာ​နေ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ရှေ့​တွင် မြွက်​ဆို​သည်​အ​တိုင်း၊ 13ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​တို့​အား အ​ပြစ်​ဒဏ်​မ​ပေး​မီ​တိုင်​အောင် နေ​သည် ငြိမ်​ဝပ်​စွာ​နေ၍ လ​သည်​ရပ်​လေ၏။ ယာ​ရှာ၏​စာ၌​ပါ​သည်​ကား၊ မိုး​ကောင်း​ကင်​အ​လယ်၌ နေ​သည်​ရပ်​နေ၏။ ဝင်​မြဲ​ဝင်​အံ့​သော​ငှာ တစ်​နေ့​လုံး​အ​လျှင်း​မ​ပြု​ဟု ပါ​သည်​မ​ဟုတ်​လော။#၂​ရာ၊ ၁:၁၈။ 14ထာ​ဝ​ရ​ဘု​ရား​သည် လူ​စ​ကား​ကို နား​ထောင်၍၊ ထို​သို့​သော​နေ့​တစ်​နေ့​မျှ မ​ဖြစ်​စ​ဖူး။ နောက်​တစ်​ဖန်​လည်း​မ​ဖြစ်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ဘက်​မှာ စစ်​တိုက်​တော်​မူ၏။ 15ထို​နောက်၊ ယော​ရှု​သည်၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဂိ​လ​ဂါ​လ​တပ်​သို့ ပြန်​သွား၏။
16မင်း​ကြီး​ငါး​ပါး​တို့​သည် ပြေး၍ မ​က္က​ဒါ​လိုဏ်​ခေါင်း၌ ပုန်း​လျက်​နေ​ကြ၏။ 17မ​က္က​ဒါ​လိုဏ်​ခေါင်း၌ ပုန်း​လျက်​နေ​သော မင်း​ကြီး​ငါး​ပါး​ကို တွေ့​ပါ​ပြီ​ဟု ယော​ရှု​အား​ကြား​လျှောက်​လျှင်၊ 18ယော​ရှု​က၊ လိုဏ်​ခေါင်း​ဝ​ပေါ်​မှာ ကြီး​စွာ​သော​ကျောက်​တို့​ကို လှိမ့်​ပုံ၍ လူ​စောင့်​တို့​ကို ထား​ကြ​လော့။ 19သင်​တို့​မူ​ကား မ​ဆိုင်း​မ​လင့်။ ရန်​သူ​တို့​ကို​လိုက်၍ မီ​သ​မျှ​သော​သူ​တို့​ကို ကွပ်​မျက်​ကြ။ မြို့​ထဲ​သို့ မ​ဝင်​စေ​ကြ​နှင့်။ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင်​တို့​လက်၌​အပ်​တော်​မူ​ပြီ​ဟု မှာ​ထား​လေ၏။ 20ယော​ရှု​နှင့် ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​တို့​ကို ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ပြီး​မှ၊ ကျန်​ကြွင်း​သော​သူ​အ​ချို့​တို့​သည် ခိုင်​ခံ့​သော​မြို့​သို့​ဝင်၍ နေ​ကြ၏။ 21လူ​အ​ပေါင်း​တို့​သည် ယော​ရှု​ရှိ​ရာ မ​က္က​ဒါ​တပ်​သို့ ငြိမ်​ဝပ်​စွာ​ပြန်​လာ​ကြ၏။ ဣ​သ​ရေ​လ​လူ တစ်​စုံ​တစ်​ယောက်​ကို အ​ဘယ်​သူ​မျှ အ​ပြစ်​မ​တင်​ရ။ 22ယော​ရှု​က​လည်း၊ လိုဏ်​ခေါင်း​ကို​ဖွင့်​ပြီး​လျှင်၊ ထို​မင်း​ကြီး​ငါး​ပါး​တို့​ကို လိုဏ်​ခေါင်း​ထဲ​က​ထုတ်၍ ငါ့​ထံ​သို့ ဆောင်​ခဲ့​ကြ​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ 23သူ​တို့​သည် ပြု၍၊ ယေ​ရု​ရှ​လင်​မင်း​ကြီး၊ ဟေ​ဗြုန်​မင်း​ကြီး၊ ယာ​မုတ်​မင်း​ကြီး၊ လာ​ခိ​ရှ​မင်း​ကြီး၊ ဧ​ဂ​လုန်​မင်း​ကြီး​ငါး​ပါး​တို့​ကို လိုဏ်​ခေါင်း​ထဲ​က ဆောင်​ခဲ့၍၊ 24ယော​ရှု​ထံ​သို့​ရောက်​ပြီး​မှ၊ ယော​ရှု​သည် မိ​မိ​နှင့်​အ​တူ စစ်​ချီ​သော ဗိုလ်​မင်း​တို့​နှင့် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​ကို​ခေါ်​လျှင်၊ ချဉ်း​လာ​ကြ။ ဤ​မင်း​ကြီး​တို့၏ လည်​ကုပ်​အ​ပေါ်၌ ခြေ​ကို​တင်​ကြ​ဟု ဗိုလ်​မင်း​တို့​အား​ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် ချဉ်း​လာ၍ ထို​မင်း​ကြီး​တို့၏ လည်​ကုပ်​အ​ပေါ်၌ ခြေ​ကို​တင်​ကြ၏။ 25ယော​ရှု​က​လည်း သင်​တို့​တိုက်​ရ​သော ရန်​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ကဲ့​သို့​ပြု​တော်​မူ​မည်​ဖြစ်၍ မ​ကြောက်​ကြ​နှင့်၊ စိတ်​မ​ပျက်​ကြ​နှင့်။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့​ဟု ဆို​ပြီး​မှ၊ 26ထို​မင်း​ကြီး​တို့​ကို ဓား​နှင့်​ကွပ်​မျက်၍ သစ်​ပင်​ငါး​ပင်​တို့၌ ဆွဲ​ထား​လေ၏။ ညဉ့်​ဦး​တိုင်​အောင် သစ်​ပင်၌​ဆွဲ​ထား​ပြီး​မှ၊ 27နေ​ဝင်​ချိန်​ရောက်​သော​အ​ခါ၊ ယော​ရှု​စီ​ရင်​သည်​အ​တိုင်း သစ်​ပင်​မှ​ချ​ပြီး​လျှင်၊ သူ​တို့​ပုန်း​လျက်​နေ​ရာ လိုဏ်​ခေါင်း၌​ပစ်​ထား၍၊ လိုဏ်​ခေါင်း​ဝ​ပေါ်​မှာ ကြီး​စွာ​သော ကျောက်​တို့​ကို စု​ပုံ​ကြ၏။ ထို​ကျောက်​ပုံ​သည် ယ​နေ့​တိုင်​အောင်​ရှိ၏။
28ထို​နေ့၌ ယော​ရှု​သည် မ​က္က​ဒါ​မြို့​ကို​တိုက်​ယူ၍ မြို့​နှင့် မင်း​ကြီး​ကို ဓား​နှင့်​လုပ်​ကြံ​ပြီး​လျှင်၊ မင်း​ကြီး​နှင့်​တ​ကွ မြို့​သား​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ဘဲ ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။ ယေ​ရိ​ခေါ​မင်း​ကြီး​ကို ပြု​သ​ကဲ့​သို့ မ​က္က​ဒါ​မင်း​ကြီး​ကို ပြု​သ​တည်း။ 29ထို​နောက် ယော​ရှု​သည်၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ မ​က္က​ဒါ​မြို့​မှ လိ​ဗ​န​မြို့​သို့​ချီ​သွား၍ တိုက်​သ​ဖြင့်၊ 30ထာ​ဝ​ရ​ဘု​ရား​သည် ထို​မြို့​နှင့်​မင်း​ကြီး​ကို ဣ​သ​ရေ​လ​လူ​တို့​လက်၌ အပ်​တော်​မူ၍၊ မြို့​နှင့် မြို့​သား​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ဘဲ ဓား​နှင့်​လုပ်​ကြံ၍၊ ယေ​ရိ​ခေါ​မင်း​ကြီး​ကို ပြု​သ​ကဲ့​သို့ ထို​မင်း​ကြီး​ကို ပြု​ကြ၏။ 31ယော​ရှု​သည် ဣ​သ​ရေ​လ လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ လိ​ဗ​န​မြို့​မှ လာ​ခိ​ရှ​မြို့​သို့​ချီ​သွား၍ တပ်​ချ​လျက်​တိုက်​ကြ၏။ 32ထာ​ဝ​ရ​ဘု​ရား​သည် ထို​မြို့​ကို ဣ​သ​ရေ​လ​လူ​တို့ လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ ဒု​တိ​ယ​နေ့၌​ရ၍ လိ​ဗ​န​မြို့​ကို​ပြု​သ​ကဲ့​သို့ ထို​မြို့​နှင့် မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ဓား​နှင့်​လုပ်​ကြံ​ကြ၏။ 33ထို​အ​ခါ ဂေ​ဇာ​မင်း​ကြီး​ဟော​ရံ​သည်၊ လာ​ခိ​ရှ​မြို့​ကို ကူ​ညီ​မည်​ဟု လာ​သော​ကြောင့်၊ ယော​ရှု​သည် ထို​မင်း​ကြီး​နှင့် သူ၏​လူ​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ​မ​ကျန်​ကြွင်း​ရ​ဘဲ ရှင်း​ရှင်း​လုပ်​ကြံ​လေ၏။ 34တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ လာ​ခိ​ရှ​မြို့​မှ ဧ​ဂ​လုန်​မြို့​သို့​ချီ​သွား၍ တပ်​ချ​လျက်​တိုက်​ကြ၏။ 35ထို​နေ့​ချင်း​တွင်​ရ၍ လာ​ခိ​ရှ​မြို့​ကို ပြု​သ​ကဲ့​သို့၊ ထို​မြို့​နှင့် မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ဓား​နှင့်​လုပ်​ကြံ၍ တစ်​နေ့​ချင်း​တွင် ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။ 36တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဧ​ဂ​လုန်​မြို့​မှ ဟေ​ဗြုန်​မြို့​သို့ ချီ​သွား၍ တိုက်​ကြ၏။ 37ရ​သော​အ​ခါ၊ ဧ​ဂ​လုန်​မြို့​ကို ပြု​သ​ကဲ့​သို့ ထို​မြို့​နှင့် မင်း​ကြီး​ကို​လည်း​ကောင်း၊ ထို​မြို့​နှင့်​ဆိုင်​သော မြို့​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ဘဲ ဓား​နှင့်​လုပ်​ကြံ၍ မြို့​နှင့်​မြို့​သား​အ​ပေါင်း​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။ 38တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဒေ​ဗိ​ရ​မြို့​သို့ ပြန်​လာ၍ တိုက်​ကြ၏။ 39ထို​မြို့​နှင့် မင်း​ကြီး​ကို​လည်း​ကောင်း၊ ထို​မြို့​နှင့်​ဆိုင်​သော မြို့​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း​ရ၍၊ ဓား​နှင့်​လုပ်​ကြံ​သ​ဖြင့် မြို့​သား​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ​မ​ကျန်​ကြွင်း​ရ​ဘဲ ရှင်း​ရှင်း ဖျက်​ဆီး​လေ၏။ ဟေ​ဗြုန်​မြို့၊ လိ​ဗ​န​မြို့​နှင့် မင်း​ကြီး​ကို​ပြု​သ​ကဲ့​သို့ ဒေ​ဗိ​ရ​မြို့​နှင့်​မင်း​ကြီး​ကို ပြု​သ​တည်း။ 40ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် တောင်​ပေါ်​အ​ရပ်၊ တောင်​မျက်​နှာ​အ​ရပ်၊ ချိုင့်​ထဲ​အ​ရပ်၊ စမ်း​ရေ​တွင်း​အ​ရပ် ရှိ​သ​မျှ​တို့​နှင့်​တ​ကွ မင်း​ကြီး​အ​ပေါင်း​တို့​ကို လုပ်​ကြံ၍၊ အ​သက်​ရှင်​သော​သူ​တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ဘဲ ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။ 41ကာ​ဒေ​ရှ​ဗာ​နာ​မြို့​မှ​စ၍ ဂါ​ဇ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ ဂေါ​ရှင်​ပြည်​တစ်​လျှောက်​လုံး​နှင့်​တ​ကွ၊ ဂိ​ဗောင်​မြို့​တိုင်​အောင်​လည်း​ကောင်း လုပ်​ကြံ၍၊ 42ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ဘက်​မှာ စစ်​တိုက်​တော်​မူ​သော​ကြောင့်၊ ထို​ပြည်​များ​နှင့်​တ​ကွ မင်း​ကြီး​အ​ပေါင်း​တို့​ကို တစ်​ခါ​တည်း​အောင်​လေ၏။ 43ထို​နောက် ယော​ရှု​သည်၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဂိ​လ​ဂါ​လ​တပ်​သို့​ပြန်​သွား၏။

Currently Selected:

ယောရှု 10: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in