ယောလ 1
1
1ပေသွေလ၏သား ယောလသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
ပျက်စီးမှုအတွက်မြည်တမ်းခြင်း
2အသက်ကြီးသောသူတို့၊ ကြားကြလော့။ ပြည်သူပြည်သား အပေါင်းတို့၊ နားထောင်ကြလော့။ ဤသို့သောအမှုသည် သင်တို့ လက်ထက်၌ ဖြစ်ဖူးသလော။ ဘိုးဘေးတို့လက်ထက်၌ ဖြစ်ဖူးသလော။ 3ကိုယ်သားတို့အား ပြောကြလော့။ သူတို့သည် သူတို့သားတို့အား ပြောကြစေ။ သူတို့သားတို့သည်လည်း ဆက်နွယ်သော အခြားသူတို့အား ပြောကြစေ။ 4ဂါဇံကျိုင်း ခြွင်းထားသောအရာကို အရာဘကျိုင်းစား၏။ အရာဘကျိုင်း ခြွင်းထားသောအရာကို ယာလက်ကျိုင်းစား၏။ ယာလက်ကျိုင်း ခြွင်းထားသောအရာကို ခါသိလကျိုင်း စား၏။ 5သေသောက်ကြူးတို့၊ နိုး၍ ငိုကြွေးကြလော့။ စပျစ်ရည်ကို သောက်ကြူးသောသူတို့၊ သင်တို့သောက်ရန် ချိုသောစပျစ်ရည် ပြတ်သောကြောင့် ငိုကြွေးမြည်တမ်းကြလော့။ 6အကြောင်းမူကား၊ အားကြီး၍ မရေတွက်နိုင်အောင် များပြားသော အမျိုးသည် ငါ့ပြည်ပေါ်သို့ တက်လာပြီ။ ထိုအမျိုး၏ သွားသည် ခြင်္သေ့သွားကဲ့သို့လည်းကောင်း၊ အံသွားသည်လည်း ခြင်္သေ့မ အံသွားကဲ့သို့လည်းကောင်းဖြစ်၏။#ဗျာ၊ ၉:၈။ 7ငါ့စပျစ်နွယ်ပင်ကို ဖျက်ဆီး၍ ငါ့သင်္ဘောသဖန်းပင်ကို ကျိုးပဲ့စေပြီ။ သုတ်သင်ပယ်ရှင်း၍ ပစ်လိုက်လေပြီ။ အခက်အလက်တို့သည် ဖြူကြ၏။
8အသက်ငယ်စဉ် လက်ထပ်သော ခင်ပွန်းအတွက် လျှော်တေအဝတ်ကိုဝတ်သော သတို့သမီးကဲ့သို့ ငိုကြွေး မြည်တမ်းလော့။ 9ဘောဇဉ်ပူဇော်သကာနှင့် သွန်းလောင်းရာ ပူဇော်သကာသည် ထာဝရဘုရား၏အိမ်တော်၌ ပြတ်၏။ ထာဝရဘုရား၏ အမှုတော်စောင့် ယဇ်ပုရောဟိတ်တို့သည် ငိုကြွေးမြည်တမ်းကြ၏။ 10လယ်သည် ပျက်၏။ မြေသည် ညှိုးငယ်၏။ စပါးလည်း ပျက်၏။ ချိုသော စပျစ်ရည် ကုန်ပြီ။ ဆီလည်း လျော့ပြီ။ 11လယ်လုပ်သောသူတို့၊ လယ်၌ ရိတ်ရသော အသီးအနှံပျက်သောကြောင့်၊ ဂျုံစပါးနှင့် မုယောစပါးအတွက် ရှက်ကြောက်ခြင်း ရှိကြလော့။ ဥယျာဉ်ကို ပြုစုသောသူတို့၊ မြည်တမ်းကြလော့။ 12စပျစ်နွယ်ပင်သည် ညှိုးနွမ်း၏။ သင်္ဘောသဖန်းပင်လည်း သွေ့ခြောက်၏။ သလဲပင်၊ စွန်ပလွံပင်၊ ရှောက်ချိုပင်မှစ၍ တောသစ်ပင်ရှိသမျှတို့သည် ညှိုးနွမ်းကြ၏။ အကယ်စင်စစ် လူသားတို့၌ ဝမ်းမြောက်စရာအကြောင်းသည် သွေ့ခြောက်၏။
နောင်တရရန်ဖိတ်ခေါ်ခြင်း
13အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကို ဝတ်၍ ငိုကြွေးကြလော့။ ယဇ်ပလ္လင်တော် အမှုစောင့်တို့၊ မြည်တမ်းကြလော့။ ငါ၏ ဘုရားသခင့်အမှုတော်စောင့်တို့၊ လာကြ။ လျှော်တေအဝတ်ကို ဝတ်လျက် တစ်ညလုံးအိပ်ကြလော့။ အကြောင်းမူကား၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကို သင်တို့ဘုရားသခင်၏ အိမ်တော်၌ မဆက်ကပ်ဘဲ နေကြပါပြီတကား။ 14အစာရှောင်ရသော အချိန်ကို ခန့်ထားကြလော့။ ခြိုးခြံစွာ ကျင့်ရသောအချိန်ကို ကြော်ငြာကြလော့။ အသက်ကြီးသူမှစ၍ ပြည်သူပြည်သား အပေါင်းတို့ကို သင်တို့ဘုရားသခင် ထာဝရဘုရား၏အိမ်တော်၌ စည်းဝေး၍ ထာဝရဘုရားအား ဟစ်ကြော်ကြလော့။ 15ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရဘုရား၏နေ့ရက်နီးပြီ။ အနန္တတန်ခိုးရှင် ဖျက်ဆီးခြင်း ဘေးကဲ့သို့ ရောက်လာလိမ့်မည်။#ဟေရှာ၊ ၁၃:၆။ 16ငါတို့စားစရာသည် ငါတို့မျက်မှောက်၌ ပြတ်သည်မဟုတ်လော။ ငါတို့ဘုရားသခင်၏အိမ်တော်၌ ဝမ်းမြောက်ရွှင်လန်းခြင်း အကြောင်းလည်း ပြတ်သည် မဟုတ်လော။ 17မျိုးစေ့တို့သည် မြေစိုင်အောက်မှာ ပုပ်ကြ၏။ စပါးပြတ်သောကြောင့် စပါးကျီတို့သည် ပျက်ကြ၏။ ဘဏ္ဍာတိုက်တို့သည် ပြိုကြ၏။ 18တိရစ္ဆာန်တို့သည် အလွန်မြည်တမ်းကြ၏။ နွားစုတို့သည် ကျက်စားရာအရပ်မရှိသောကြောင့် ပင်ပန်းကြ၏။ သိုးစုတို့သည်လည်း သေကြ၏။ 19အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ဟစ်ကြော်ပါ၏။ တော၌ ကျက်စားရာအရပ်တို့ကို မီးရှို့ပါပြီ။ တောသစ်ပင်ရှိသမျှတို့ကို မီးလျှံလောင်ပါပြီ။ 20တောသားရဲတို့သည်လည်း ကိုယ်တော်ကို ဟစ်ကြော်ကြပါ၏။ မြစ်ရေ ခန်းခြောက်ပါပြီ။ တော၌ ကျက်စားရာအရပ်တို့ကိုလည်း မီးလောင်ပါပြီ။
Currently Selected:
ယောလ 1: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.