ယောဘ 24
24
ကြောက်မက်ဖွယ်သောလောက
1အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့်ကာလအချိန်တို့ကို သိုထားတော်မမူသနည်း။ နားလည်သောသူတို့သည် တရားစီရင်တော်မူရာနေ့ရက်ကို အဘယ်ကြောင့် မမြင်ရသနည်း။ 2အချို့သောသူတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့တတ်ကြ၏။ သူတစ်ပါး၏သိုးဆိတ်တို့ကို လုယူ၍ ကိုယ်အဖို့ ထိန်းကျောင်းကြ၏။ 3မိဘမရှိသောသူငယ်၏မြည်းကို မောင်းသွား၍၊ မုဆိုးမ၏နွားကို အပေါင်ယူကြ၏။ 4ငတ်မွတ်သောသူတို့ကို လမ်းလွဲစေကြ၏။ ဆင်းရဲသောပြည်သားတို့သည် စုဝေး၍ ပုန်းရှောင်လျက်နေရကြ၏။ 5သူတို့သည် အလုပ်လုပ်ခြင်းငှာ တော၌ရိုင်းသောမြည်းကဲ့သို့ ထွက်ရကြ၏။ စားစရာကိုရှာခြင်းငှာ နံနက်စောစောသွား၍၊ ကိုယ်အဖို့နှင့် သားသမီးတို့အဖို့ကို တော၌တွေ့ရကြ၏။ 6လယ်ပြင်၌ကား၊ ညှဉ်းဆဲသောသူ၏စပါးကို ရိတ်၍၊ သူ၏စပျစ်သီးကို သိမ်းရကြ၏။ 7ချမ်းသောကာလ၌ ကိုယ်ကိုဖုံးလွှမ်းစရာ အဝတ်မရှိ။ အချည်းစည်း အိပ်ရကြ၏။ 8တည်းခိုစရာ တဲမရှိသောကြောင့်၊ တောင်ပေါ်၌ မိုးရေစိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ၏။ 9အဘမရှိသောသူငယ်သည် အမိနို့နှင့်ကွာရ၏။ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ၏။ 10အဝတ်မရှိ အချည်းစည်းလှည့်လည်၍ မွတ်သိပ်လျက်၊ သူတစ်ပါးကောက်လှိုင်းကို ထမ်းရ၏။ 11သူတစ်ပါးအိမ်မှာ ဆီကိုကြိတ်လျက်၊ စပျစ်သီးကိုနင်းနယ်လျက် အငတ်ခံရ၏။ 12လူတို့သည် မြို့ထဲမှာ ညည်းတွားကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသောစကားကို ဘုရားသခင်သည် ပမာဏပြုတော်မမူ။
13အချို့သောသူတို့သည် အလင်းကိုဆန့်ကျင်ဘက်ပြု၍ အလင်းသဘောကိုမသိ။ လင်းသောလမ်းသို့ မလိုက်တတ်ကြ။ 14လူသတ်သည်စောစောထ၍ ဆင်းရဲငတ်မွတ်သော သူတို့ကို သတ်တတ်၏။ ညအခါ သူခိုးလုပ်တတ်၏။ 15သူ့မယားကို ခိုးသောသူသည် ညဉ့်ဦးယံအချိန်ကိုမျှော်လင့်၍၊ မိမိမျက်နှာကိုဖုံးလျက် အဘယ်သူမျှမမြင်ရဟု ဆိုတတ်၏။ 16လူဆိုးတို့သည် ညအချိန်၌ သူတစ်ပါး၏အိမ်ကို ဖောက်ထွင်းတတ်ကြ၏။ နေ့အချိန်၌ ပုန်းလျက်နေ၍ အလင်းကိုရှောင်တတ်ကြ၏။ 17နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ်၍၊ သေမင်းအရိပ်ကြောက်မက်ဖွယ်သော ဘေးတို့ကို သိရကြ၏။ 18ရေပေါ်မှာ ပေါ့ပါးကြ၏။ မြေပေါ်မှာ ကျိန်ဆဲသောအဖို့ကို ခံရ၍၊ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ။ 19မိုးရေသည် ခန်းခြောက်ခြင်းအားဖြင့်လည်းကောင်း၊ နေပူအရှိန်အားဖြင့်လည်းကောင်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ်၏။ 20သူ၏အမိသည် သူ့ကိုမေ့လျော့၍၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်။ နောက်တစ်ဖန် အဘယ်သူမျှ မအောက်မေ့ရ။ မတရားသောသူသည် သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။
21မတရားသောသူသည် သားမဖွားသောမိန်းမကို ညှဉ်းဆဲတတ်၏။ မုဆိုးမကိုလည်း ကျေးဇူးမပြုတတ်။ 22အားကြီးသောသူကိုပင် မိမိတန်ခိုးကြောင့် ပယ်ရှင်းတတ်၏။ ထသောအခါ လူတိုင်း ကိုယ်အသက်အဖို့ စိုးရိမ်တတ်၏။ 23သို့ရာတွင် ရဲရင့်စွာ ခိုလှုံရာအခွင့်ကို သူ့အားပေး၍၊ ထိုသို့သော သူတို့၏အမှုများကို ပမာဏပြုတော်မူ၏။ 24ခဏချီးမြှောက်ခြင်းသို့ရောက်၍ တစ်ဖန် ကွယ်ပျောက်ကြ၏။ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ အခြားသောသူကဲ့သို့ အသက်ချုပ်ခြင်းကိုလည်းကောင်း၊ စပါးနှံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကိုလည်းကောင်း ခံရကြ၏။ 25သို့မဟုတ်လျှင်၊ ငါ၏မုသားအပြစ်ကို အဘယ်သူပြမည်နည်း။ ငါ၏စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။
Currently Selected:
ယောဘ 24: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.