ယောဘ 20
20
ဆိုးသွမ်းမှုအတွက်ပေးဆပ်ခြင်း
1တစ်ဖန် နေမတ်အမျိုးသား ဇောဖာမြွက်ဆိုသည်ကား၊ 2ငါပြန်ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော်သောကြောင့်၊ ပြောချင်သောစိတ်အားကြီး၏။ 3ငါသည်ကိုယ်ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်းစကားကိုကြား၍၊ ငါ့ဉာဏ်သဘော နှိုးဆော်သဖြင့် ငါပြန်ပြောရ၏။
4ရှေ့ဦးစွာသောကာလ၊ လူကို မြေကြီးပေါ်မှာ နေရာချစကာလမှစ၍၊ 5ဆိုးသောသူသည် ကြာမြင့်စွာကာလ မဝါကြွားရကြောင်းကိုလည်းကောင်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက်ကြောင်းကိုလည်းကောင်း မသိသလော။ 6သူ၏ဘုန်းသည် မိုးပေါ်သို့တက်၍၊ သူ၏ခေါင်းသည် မိုးတိမ်တိုင်အောင် မီသော်လည်း၊ 7မိမိမစင်ကဲ့သို့ အစဉ်ပျက်ရလိမ့်မည်။ သူ့ကိုမြင်ဖူးသော သူတို့က၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည်။ 8သူသည် အိပ်မက်ကဲ့သို့လွင့်ပြား၍ နောက်တစ်ဖန် မတွေ့ရ။ ညရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။ 9သူ့ကိုမြင်ဖူးသောမျက်စိသည် နောက်တစ်ဖန် သူ့ကိုမကြည့်မရှုရ။ သူ၏နေရာအရပ်သည် နောက်တစ်ဖန် သူ့ကိုမမြင်ရ။ 10သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေးရကြ၏။ 11သူ၏အရိုးတို့သည် ပျိုသောအရွယ်၏ အရှိန်နှင့်ပြည့်စုံသော်လည်း၊ သူနှင့်တကွ မြေမှုန့်၌ အိပ်ရကြလိမ့်မည်။ 12သူသည်မိမိပါးစပ်၌ ဒုစရိုက်ကိုချိုနိုးထင်၍၊ မိမိလျှာအောက်မှာ ဝှက်ထားလျက်၊ 13နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပါးစပ်၌ ငုံသော်လည်း၊ 14စားပြီးလျှင် သူ၏ဝမ်းထဲမှာ သဘောပြောင်း၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည်။ 15သူမျိုသောစည်းစိမ်ဥစ္စာကို တစ်ဖန်အန်ရလိမ့်မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနုတ်တော်မူမည်။ 16သူသည် မြွေဆိုးအဆိပ်အတောက်ကိုစို့၍ မြွေဟောက်ကိုက်သဖြင့် သေရလိမ့်မည်။ 17အသွယ်သွယ်သောမြစ်၊ နို့နှင့် ပျားရည်စီးသောမြစ်တို့ကို မမြင်ရ။ 18မိမိလုပ်၍ရသောဥစ္စာကို မိမိမသုံးဘဲ ပြန်ပေးရ၏။ ပြန်ပေးရသော ဥစ္စာဖြစ်သောကြောင့် အားရခြင်းမရှိရ။ 19ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်၍၊ မိမိ မဆောက်သောအိမ်ကို လုယူသောကြောင့်လည်းကောင်း၊ 20လောဘ မပြေနိုင်သောကြောင့်လည်းကောင်း၊ အလိုရှိသောဥစ္စာ တစ်စုံတစ်ခုမျှမကြွင်း ဆုံးရှုံးရလိမ့်မည်။ 21သူလုယူချင်သော လောဘလက်နှင့် အဘယ်အရာမျှ မလွတ်သောကြောင့်၊ သူ၏စည်းစိမ်မတည်ရ။ 22ဥစ္စာကြွယ်ဝစဉ်တွင်ပင် ဆင်းရဲခြင်းနှင့်တွေ့၍၊ အမျိုးမျိုးသော အမှုတို့သည် ရောက်ကြလိမ့်မည်။ 23သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကိုလွှတ်၍ သူစားစရာဖို့ အမျက်တော်မိုးကို ရွာစေတော်မူမည်။ 24သံလက်နက်ကို ရှောင်၍ပြေးသော်လည်း၊ ကြေးဝါလေးဖြင့် ထုတ်ချင်းခွင်းလိမ့်မည်။ 25မြားကိုနုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ၏။ အရောင်တောက်သောဓားသည် သူ၏သည်းခြေထဲက ထွက်လာ၍၊ သူသည် မိန်းမောတွေဝေလျက် နေရ၏။ 26ခပ်သိမ်းသောဘေးတို့သည် သူ့အဖို့ သိုထားလျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့်မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင်လိမ့်မည်။ 27မိုးကောင်းကင်သည် သူ၏အပြစ်ကို ဖော်ပြ၍၊ မြေကြီးသည်လည်း သူ့တစ်ဖက်၌ထလိမ့်မည်။ 28သူ၏အိမ်၌ရှိသော ဥစ္စာသည် ကွယ်ပျောက်၍၊ အမျက်တော် ထွက်သောနေ့၌ ရေကဲ့သို့စီးသွားလိမ့်မည်။ 29ထိုသို့သောဆုလာဘ်ကို ဘုရားသခင်သည် လူဆိုးအားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရားသခင်ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။
Currently Selected:
ယောဘ 20: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.