YouVersion Logo
Search Icon

ယေရမိ 26

26
ယေ​ရ​မိ​ကို​ခြိမ်း​ခြောက်​ခြင်း
1ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​သား​ယော​ယ​ကိမ် နန်း​ထိုင်​စ​က၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ရောက်​လာ၍၊#၄​ရာ၊ ၂၃:၃၆-၂၄:၆။ ၆​ရာ၊ ၃၆:၅-၇။ 2ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗိ​မာန်​တော်၌ ကိုး​ကွယ်​အံ့​သော​ငှာ ရောက်​လာ​သော ယု​ဒ​မြို့​သူ ရွာ​သား​အ​ပေါင်း​တို့​အား ဆင့်​ဆို​စေ​ခြင်း​ငှာ၊ ငါ​သည်​သင်၌ မှာ​ထား​သ​မျှ​သော စ​ကား​တို့​ကို ဗိ​မာန်​တော် တံ​တိုင်း​ထဲ​မှာ ရပ်​လျက်၊ သူ​တို့​အား ပြန်​ပြော​လော့။ တစ်​ခွန်း​ကို​မျှ မ​ထိမ်​မ​ဝှက်​နှင့်။ 3သူ​တို့​သည် နား​ထောင်၍၊ အ​သီး​အ​သီး မိ​မိ​တို့ အ​ဓ​မ္မ​လမ်း​မှ လွှဲ​ရှောင်​ကောင်း လွှဲ​ရှောင်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့​ပြု​သော ဒု​စ​ရိုက်​ကြောင့် အ​ပြစ်​ပေး​မည်​ဟု ကြံ​စည်​ခြင်း​ကို နောင်​တ​ရ​မည်။ 4သို့​ဖြစ်၍၊ သင်​သည် ဆင့်​ဆို​ရ​မည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်၊ သင်​တို့၌ ငါ​ထား​သော ပ​ညတ်​တ​ရား​လမ်း​သို့​မ​လိုက်၊ 5ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​သော ငါ၏​ကျွန် ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သ​ကဲ့​သို့၊ ယ​ခု​လည်း နား​မ​ထောင်​ဘဲ​နေ​လျှင်၊ 6ဤ​အိမ်​ကို ရှိ​လော​ရွာ​ကဲ့​သို့ ငါ​ဖြစ်​စေ​မည်။ ဤ​မြို့​ကို​လည်း၊ မြေ​ပေါ်​မှာ လူ​အ​မျိုး​မျိုး ကျိန်​ဆဲ​သော​မြို့ ဖြစ်​စေ​မည်​ဟု မိန့်​တော်​မူ၏။#ယော​ရှု၊ ၁၈:၁။ ဆာ၊ ၇၈:၆၀။ ယေ၊ ၇:၁၂-၁၄။
7ထို​စ​ကား​ကို ဗိ​မာန်​တော်၌ ယေ​ရ​မိ​ဟော​ပြော​သည်​ကို ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ၊ လူ​များ​အ​ပေါင်း​တို့​သည် ကြား​ကြ၏။ 8လူ​များ​အ​ပေါင်း​တို့​အား ဆင့်​ဆို​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သ​မျှ​သော စ​ကား​တော်​ကို အ​ကုန်​အ​စင် ဟော​ပြော​ပြီး​မှ၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ လူ​များ​အ​ပေါင်း​တို့​သည် ယေ​ရ​မိ​ကို​ဖမ်း​ဆီး၍၊ သင်​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ 9ဤ​အိမ်​တော်​သည် ရှိ​လော​ရွာ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ ဤ​မြို့​သည် လူ​မ​ရှိ၊ ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်​ဟု သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို အ​မှီ​ပြု၍ အ​ဘယ်​ကြောင့် ဟော​သ​နည်း​ဟု ပြော​ဆို​လျက်၊ လူ​များ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်​တွင် ယေ​ရ​မိ​တစ်​ဖက်၌ စု​ဝေး​ကြ၏။ 10ယု​ဒ​မှူး​မတ်​တို့​သည် ထို​အ​မှု​ကို ကြား​သိ​သော​အ​ခါ၊ နန်း​တော်​မှ ဗိ​မာန်​တော်​သို့​လာ၍၊ ဗိ​မာန်​တော် တံ​ခါး​သစ်​အ​တွင်း၌ ထိုင်​ကြ၏။ 11ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​က၊ ဤ​သူ​သည် အ​သေ​ခံ​ထိုက်​ပေ၏။ သင်​တို့​သည် ကိုယ်​နား​နှင့် ကြား​သည်​အ​တိုင်း၊ ဤ​မြို့​ကို ဆန့်​ကျင်​ဘက်​ပြု၍ ဟော​ပြော​ပါ​ပြီ​တ​ကား​ဟု မှူး​မတ်​အ​စ​ရှိ​သော လူ​များ​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ၏။ 12ယေ​ရ​မိ​က​လည်း၊ သင်​တို့​ကြား​သ​မျှ​အ​တိုင်း၊ ဤ​အိမ်​တော်​နှင့် ဤ​မြို့​တော်​ကို ဆန့်​ကျင်​ဘက်​ပြု၍ ဟော​ပြော​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​ပြီ။ 13ယ​ခု​မှာ သင်​တို့၏​ကျင့်​ကြံ​ပြု​မူ​ခြင်း​တို့​ကို ပြောင်း​လဲ​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ ဘေး​ဥ​ပဒ်​ရောက်​စေ​မည်​ဟု ခြိမ်း​တော်​မူ​သော်​လည်း၊ တစ်​ဖန် နောင်​တ​ရ​တော်​မူ​လိမ့်​မည်။ 14ငါ​မူ​ကား၊ သင်​တို့​လက်၌​ရှိ​ပါ၏။ သင်​တို့​စိတ်၌ ဖြောင့်​မတ်​လျောက်​ပတ်​သည်​ဟု ထင်​သည်​အ​တိုင်း၊ ငါ့​ကို ပြု​ကြ​လော့။ 15သို့​ရာ​တွင်၊ ငါ့​ကို​သတ်​လျှင် အ​ပြစ်​မ​ရှိ​သော​အ​သွေး​ကို သင်​တို့​သည် ကိုယ်​အ​ပေါ်​သို့​လည်း​ကောင်း၊ ဤ​မြို့​နှင့် မြို့​သား​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ စင်​စစ်​ရောက်​စေ​လိမ့်​မည်​ဟု ဧ​ကန်​အ​မှန် သိ​မှတ်​ကြ​လော့။ ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို သင်​တို့​အား ကြား​ပြော​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စင်​စစ်​စေ​လွှတ်​တော်​မူ​ပြီ​ဟု မှူး​မတ်​အ​စ​ရှိ​သော လူ​များ​အ​ပေါင်း​တို့​အား ပြော​ဆို​လေ၏။ 16ထို​အ​ခါ မှူး​မတ်​အ​စ​ရှိ​သော လူ​များ​အ​ပေါင်း​တို့​က၊ ဤ​သူ​သည် အ​သေ​ခံ​ထိုက်​သည် မ​ဟုတ်။ ငါ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို အ​မှီ​ပြု၍၊ ငါ​တို့​အား​ဟော​ပြော​လေ​ပြီ​ဟု ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​အား ပြော​ဆို​ကြ၏။ 17ပြည်​သား​အ​သက်​ကြီး​သူ အ​ချို့​က​လည်း၊ 18ယု​ဒ​ရှင်​ဘု​ရင် ဟေ​ဇ​ကိ​လက်​ထက်၊ မော​ရ​ရှ​ရွာ​သား မိ​က္ခာ​သည် ပ​ရော​ဖက်​ပြု​လျက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​တောင်​သည် လယ်​ကဲ့​သို့ ထွန်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း၊ မြေ​ပုံ​များ​ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တောင်​သည်​လည်း၊ တော​တောင်​ကဲ့​သို့​ဖြစ်​လိမ့်​မည်​ဟု ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​အား ဟော​ပြော၏။#မိ၊ ၃:၁၂။ 19ထို​အ​ခါ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​သည် ထို​ပ​ရော​ဖက်​ကို သတ်​သ​လော။ ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သည် မ​ဟုတ်​လော။ ရှေ့​တော်၌ တောင်း​ပန်​သည် မ​ဟုတ်​လော။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့၌ ဘေး​ဥ​ပဒ်​ကို ရောက်​စေ​မည်​ဟု ခြိမ်း​တော်​မူ​သော်​လည်း၊ တစ်​ဖန် နောင်​တ​ရ​တော်​မူ​သည် မ​ဟုတ်​လော။ ငါ​တို့​မူ​ကား၊ ကိုယ်​အ​ကျိုး​ကို ဖျက်​ဆီး​ခြင်း​ငှာ ပြု​ကြ​သည်​တ​ကား​ဟု စည်း​ဝေး​သော​သူ​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ၏။
20ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​နေ၊ ရှေ​မာ​ယ၏​သား ဥ​ရိ​ယ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို အ​မှီ​ပြု၍၊ ထို​မြို့​နှင့် ထို​ပြည်​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍၊ ယေ​ရ​မိ​ဟော​ပြော​သော​စ​ကား​နှင့် တ ညီ​တည်း​ဟော​ပြော၏။ 21ယော​ယ​ကိမ်​မင်း​ကြီး​နှင့် မင်း​များ၊ မှူး​မတ်​များ​အ​ပေါင်း​တို့​သည် ထို​ပ​ရော​ဖက်၏ စ​ကား​ကို​ကြား​သော​အ​ခါ၊ သူ့​ကို သတ်​အံ့​သော​ငှာ မင်း​ကြီး​သည် ရှာ​ကြံ၏။ ထို​သ​တင်း​ကို​ကြား​လျှင်၊ ဥ​ရိ​ယ​သည်​ကြောက်၍၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြေး​သွား​လေ၏။ 22ယော​ယ​ကိမ်​မင်း​ကြီး​သည် အာ​ခ​ဗော်​သား ဧ​လ​နာ​သန်​နှင့်​တ​ကွ လူ​အ​ချို့​တို့​ကို အဲ​ဂု​တ္တု​ပြည်​သို့ စေ​လွှတ်၍၊ 23ထို​သူ​တို့​သည် ဥ​ရိ​ယ​ကို အဲ​ဂု​တ္တု​ပြည်​မှ ယော​ယ​ကိမ်​မင်း​ထံ​သို့ ပို့​ဆောင်​သ​ဖြင့်၊ မင်း​ကြီး​သည် ဥ​ရိ​ယ​ကို ဓား​နှင့်​သတ်၍၊ အ​သေ​ကောင်​ကို ဆင်း​ရဲ​သား​တို့၏​သင်္ချိုင်း၌ ပစ်​ထား​လေ၏။ 24သို့​သော်​လည်း၊ ရှာ​ဖန်​သား​အ​ဟိ​ကံ​သည် ယေ​ရ​မိ​ကို​မ​စ​သော​ကြောင့်၊ အ​သေ​ခံ​စေ​ခြင်း​ငှာ လူ​များ​တို့​လက်​သို့ မ​အပ်​ရ။

Currently Selected:

ယေရမိ 26: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in