YouVersion Logo
Search Icon

ယေရမိ 2

2
ဣ​သ​ရေ​လ​တို့​နောင်​တ​ရ​ရန်
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ပြီး​လျှင်၊ 2အော်​ဟစ်​ရ​မည်​အ​ရာ​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​က၊ လယ်​မ​လုပ်​သော​တော​အ​ရပ်၌ သင်​သည် ငါ့​နောက်​သို့ လိုက်​သော​အ​ခါ၊ အ​သက်​အ​ရွယ်​နု​ငယ်၍ ခံ​ရ​သော​ကျေး​ဇူး​ကို​လည်း​ကောင်း၊ ထိမ်း​မြား​ပေး​စား​ခြင်း​နှင့် ယှဉ်​သော ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း ငါ​အောက်​မေ့၏။ 3ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း၏။ စီး​ပွား​တော်​အ​ဖို့ အ​ဦး​သီး​သော အ​သီး​ဖြစ်၏။ သူ​တို့​ကို လု​ယူ​သော​သူ အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​ကြ၏။ ထို​သူ​တို့​အ​ပေါ်​မှာ ဘေး​ဥ​ပဒ်​ရောက်​ရ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ဘိုး​ဘေး​များ​လွန်​ကျူး​သည့်​အ​ပြစ်
4အို ယာ​ကုပ်​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။ 5ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့၏​ဘိုး​ဘေး​တို့​သည် ငါ့​ထံ​မှ​ဝေး​စွာ​ထွက်​သွား၍၊ အ​န​တ္တ​လမ်း​သို့​လိုက်​လျက်၊ အ​န​တ္တ​သက်​သက် ဖြစ်​ရ​မည်​အ​ကြောင်း၊ ငါ၌​အ​ဘယ်​မည်​သော​အ​ပြစ်​ကို တွေ့​ကြ​သ​နည်း။ 6သူ​တို့​က၊ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​ကယ်​နုတ်၍၊ တော​တစ်​လျှောက်​လုံး၊ လွင်​ပြင်၊ မြေ​တွင်း​နှင့် ပြည့်​စုံ​သော​ပြည်၊ သွေ့​ခြောက်၍ သေ​မင်း​အ​ရိပ် လွှမ်း​မိုး​သော​ပြည်၊ ခ​ရီး​သွား​သော​သူ၊ နေ​ရာ​ကျ​သော​သူ မ​ရှိ​သော ပြည်​တစ်​လျှောက်​လုံး​သို့ ပို့​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟု မ​မေး​ကြ။ 7ဝ​ပြော​သော​ပြည်၏​အ​သီး​အ​နှံ ဆီ​ဥ​ဆီ​ကြည်​ကို​စား​စေ​ခြင်း​ငှာ သင်​တို့​ကို ငါ​ဆောင်​သွင်း၍၊ သင်​တို့​သည် ဝင်​စား​သော​အ​ခါ၊ ငါ့​ပြည်​ကို ညစ်​ညူး​စေ၍၊ ငါ၏​အ​မွေ​ကို ရွံ​ရှာ​ဖွယ်​ဖြစ်​စေ​ကြ​သည်​တ​ကား။ 8ယဇ်​ပု​ရော​ဟိတ်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟု မ​မေး​ကြ။ ကျမ်း​တတ်​တို့​သည် ငါ့​ကို​မ​သိ​ကြ။ သင်း​အုပ်​တို့ သည် ငါ့​ကို​ပြစ်​မှား​ကြ၏။ ပ​ရော​ဖက်​တို့​သည် ဗာ​လ​ကို​အ​မှီ​ပြု၍ ဟော​ပြော​လျက်၊ ကျေး​ဇူး​မဲ့​သော​လမ်း​သို့ လိုက်​ကြ၏။
လူ​မျိုး​တော်​အား​စွဲ​ဆို​သည့်​အ​မှု
9ထို​ကြောင့်၊ သင်​တို့​နှင့် သင်​တို့​သား​သ​မီး​များ​ကို ငါ​စစ်​ကြော​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 10ခိ​တ္တိမ်​ကျွန်း​တို့​သို့ ကူး၍ ကြည့်​ရှု​ကြ​လော့။ ကေ​ဒါ​ပြည်​သို့ လူ​ကို​စေ​လွှတ်၍၊ ထို​သို့​ဖြစ်​ဖူး​ပြီ​လော​ဟု စေ့​စေ့​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ 11အ​ခြား​တစ်​ပါး​သော​လူ​မျိုး ကိုး​ကွယ်​သော​ဘု​ရား​သည် ဘု​ရား​မ​ဟုတ်​သော်​လည်း၊ ပြောင်း​လဲ​ဖူး​ပြီ​လော။ ငါ၏​လူ​မျိုး​သည် ကျေး​ဇူး​မ​ပြု​နိုင်​သော အ​ရာ​ဖို့ မိ​မိ​တို့​ဘုန်း​ကို ပြောင်း​လဲ​ကြ​ပြီ​တ​ကား။ 12ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို မိုး​ကောင်း​ကင်​တို့၊ ထို​အ​မှု​ကို မိန်း​မော​တွေ​ဝေ၍၊ ကြက်​သီး​မွေး​ညင်း ထ​သည်​တိုင်​အောင် ထိတ်​လန့်​လျက်​နေ​ကြ​လော့။ 13ငါ၏​လူ​တို့​သည် အ​သက်​စမ်း​ရေ​တွင်း​တည်း​ဟူ​သော၊ ငါ့​ကို​စွန့်​ပစ်၍၊ ရေ​မ​လုံ၊ ပဲ့​ပျက်​သော​ရေ​ကျင်း​တို့​ကို တူး​သော​အား​ဖြင့် ဒု​စ​ရိုက်​နှစ်​ပါး​ကို ပြု​ကြ​ပြီ။
သ​စ္စာ​ဖောက်​မှု​၏​အ​ကျိုး​ဆက်​များ
14ဣ​သ​ရေ​လ​သည် ကျွန်​ဖြစ်​သ​လော။ ကျွန်​သား​ပေါက် ဖြစ်​သ​လော။ အ​ဘယ်​ကြောင့် လု​ယူ​ခြင်း​ကို ခံ​ရ​သ​နည်း။ 15ခြင်္သေ့​တို့​သည် သူ့​ကို​ဟောက်၍ အ​သံ​မြည်​ကြ​ပြီ။ သူ၏​ပြည်​ကို ဖျက်​ဆီး​ကြ​ပြီ။ သူ၏​မြို့​တို့​သည် မီး​လောင်​သော​ကြောင့်၊ အ​ဘယ်​သူ​မျှ မ​နေ​ရ။ 16နော​ဖ​မြို့​သား​နှင့် တာ​ပ​နက်​မြို့​သား​တို့​သည် သင်၏​ဦး​ထိပ်​ကို စား​ကြ​ပြီ။ 17သင့်​ကို ပို့​ဆောင်​တော်​မူ​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည်​စွန့်​သော​ကြောင့်၊ ထို​သို့​သော​အ​ပြစ် ရောက်​သည် မ​ဟုတ်​လော။ 18ယ​ခု​မှာ သင်​သည် ရှိ​ဟော​ရ​မြစ်​ရေ​ကို သောက်​အံ့​သော​ငှာ၊ အဲ​ဂု​တ္တု​လမ်း​သို့ အ​ဘယ်​ကြောင့် လိုက်​သ​နည်း။ ဥ​ဖ​ရတ်​မြစ်​ရေ​ကို သောက်​အံ့​သော​ငှာ၊ အာ​ရှု​ရိ​လမ်း​သို့ အ​ဘယ်​ကြောင့် လိုက်​သ​နည်း။ 19သင်၏ ဒု​စ​ရိုက်​သည် သင့်​ကို​ဆုံး​မ​မည်။ သင်၏​ဖောက်​ပြန်​ခြင်း​သည် သင့်​ကို အ​ပြစ်​ပေး​မည်။ သို့​ဖြစ်၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​သော​အ​မှု၊ ငါ့​ကို​မ​ကြောက်​ဘဲ နေ​သော​အ​မှု​သည်၊ မ​ကောင်း​သော​အ​မှု၊ ခါး​သော​အ​မှု​ဖြစ်​သည်​ကို သိ​မြင်​ရ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ထာ​ဝ​ရ​ဘု​ရားကို၀တ်ပြုရန်ငြင်းဆန်ခြင်း
20ရှေး​ကာ​လ၌ သင်​ထမ်း​ရ​သော​ထမ်း​ပိုး၊ သင်၌​ချည်​သော နှောင်​ဖွဲ့​ခြင်း​ကို ငါ​ချိုး​ချွတ်၍ သင်​က၊ အ​ကျွန်ုပ်​သည် မ​မှား​ယွင်း​ဘဲ​နေ​ပါ​မည်​ဟု က​တိ​ထား​သော်​လည်း၊ မြင့်​သော​တောင်​ရှိ​သ​မျှ အ​ပေါ်၌​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​လည်း​ကောင်း၊ ကိုယ်​ကို​ချ၍ ပြည့်​တန်​ဆာ​လုပ်​လေ၏။ 21အ​ကောင်း​ဆုံး​သော စ​ပျစ်​နွယ်​ပင်​အ​မျိုး​စစ်​ဖြစ်​သော သင့်​ကို ငါ​စိုက်​ပျိုး​သော်​လည်း၊ သင်​သည် ငါ့​ရှေ့​မှာ အ​ဘယ်​မျှ​လောက် ဖောက်​ပြန်၍၊ အ​မျိုး​မ​စစ်​သော စ​ပျစ်​နွယ်​ပင် ဖြစ်​ပါ​သည်​တ​ကား။ 22သင်​သည် ပေါက်​ဆပ်​ပြာ​နှင့် ရေ​ချိုး၍၊ ချက်​သော ဆပ်​ပြာ​အ​များ​ကို သုံး​သော်​လည်း၊ သင်၏​အ​ပြစ်​သည် ငါ့​ရှေ့​မှာ​ထင်​ရှား​သည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 23သင်​က​လည်း၊ ငါ​သည် ညစ်​ညူး​ခြင်း​မ​ရှိ၊ ဗာ​လ​ဘု​ရား​တို့​နောက်​သို့ မ​လိုက်​ဟု အ​ဘယ်​သို့ ဆို​နိုင်​သ​နည်း။ ချိုင့်၌ သင်​လိုက်​သော​လမ်း​ကို ကြည့်​ရှု​လော့။ သင်​ပြု​သော​အ​မှု​တို့​ကို ဝန်​ခံ​လော့။ လျင်​မြန်​စွာ​ပြေး၍ လှည့်​လည်​တတ်​သော ကု​လား​အုတ်​မ ပါ​တ​ကား။ 24တော၌ လှည့်​လည်၍ ကိ​လေ​သာ​ရာ​ဂ​စိတ်​နှင့် လေ​ကို​ရှူ​တတ်​သော မြည်း​ရိုင်း​မ​ပါ​တ​ကား။ အ​ချိန်​ရောက်​သော​အ​ခါ အ​ဘယ်​သူ ဆီး​တား​နိုင်​သ​နည်း။ သူ့​ကို​ရှာ​အံ့​သော​ငှာ အ​ဘယ်​သူ​မျှ ပင်​ပန်း​ခြင်း​ကို မ​ခံ​ရ။ အ​ချိန်​စေ့​သော​အ​ခါ သူ့​ကို​တွေ့​လိမ့်​မည်။ 25သင်၏​ခြေ​နင်း​ကို မ​ပျက်​စေ​နှင့်။ ရေ​ငတ်​ခြင်း​အ​ကြောင်း​ကို မ​ပြု​နှင့်​ဟု ဆို​သော်​လည်း၊ သင်​က မျှော်​လင့်​စ​ရာ​မ​ရှိ၊ အ​လျှင်း​မ​ရှိ။ သူ​တစ်​ပါး​တို့​ကို ငါ​ချစ်၍၊ သူ​တို့​နောက်​သို့ လိုက်​မည်​ဟု ပြန်​ပြော၏။
ဣ​သ​ရေ​လ​အ​ပြစ်​ဒဏ်​ခံ​သင့်​ခြင်း
26ဖမ်း​မိ​သော​သူ​ခိုး​သည် ရှက်​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး၏ ရှင်​ဘု​ရင်၊ မင်း​သား၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်​နှင့်​တ​ကွ အ​မျိုး​သား​များ​တို့​သည် ရှက်​ကြ​၏။ 27သစ်​တုံး​အား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​ဘ​ဖြစ်​တော်​မူ၏ ဟူ​၍​လည်း​ကောင်း၊ ကျောက်​အား​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဖွား​မြင်​တော်​မူ​ပြီ ဟူ၍​လည်း​ကောင်း​ဆို​လျက်၊ စင်​စစ် ငါ့​ကို မျက်​နှာ​မ​ပြု၊ ကျော​ခိုင်း​ကြ​သော်​လည်း၊ အ​မှု​ရောက်​လျှင်​မူ​ကား၊ ထ​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တို့​ကို ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​တတ်​ကြ​၏။ 28ကိုယ်​အ​ဖို့ သင်​လုပ်​သော​ဘု​ရား​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ အ​မှု​ရောက်​သော​အ​ခါ သူ​တို့​သည် တတ်​နိုင်​လျှင် ထ၍ ကယ်​ကြ​ပါ​လေ​စေ။ အို ယု​ဒ​ပြည်၊ သင်​သည် မြို့​များ​အ​ရေ​အ​တွက်​ရှိ​သည်​အ​တိုင်း၊ သင်၏​ဘု​ရား​များ ရှိ​ပါ​သည်​တ​ကား။ 29ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​ဘယ်​အ​ကျိုး​အ​လို​ငှာ ငါ​နှင့် တ​ရား​တွေ့​ကြ​မည်​နည်း။ သင်​တို့​ရှိ​သ​မျှ​သည် ငါ့​ကို ပြစ်​မှား​ကြ​ပြီ။ 30ငါ​သည် သင်​တို့​သား​များ​ကို အ​ချည်း​နှီး​ဒဏ်​ပေး​ပြီ။ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို မ​ခံ​ကြ။ သင်​တို့၏​ဓား​သည် လု​ယူ​ဖျက်​ဆီး​တတ်​သော ခြင်္သေ့​ကဲ့​သို့၊ သင်​တို့၏ ပ​ရော​ဖက်​များ​ကို​ဖျက်​ဆီး​လေ​ပြီ။
31ယ​ခု​ဖြစ်​သော အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင်​ခြင်​ကြ​လော့။ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ တော​ကဲ့​သို့​လည်း​ကောင်း၊ မှောင်​မိုက်​နိုင်​ငံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ဖူး​သ​လော။ ငါ၏​လူ​တို့​က၊ ငါ​တို့​သည် အ​ရပ်​ရပ်​သို့ လည်​မည်။ ကိုယ်​တော်​ထံ​သို့ နောက်​တစ်​ဖန် မ​ချဉ်း​ကပ်​ဟု အ​ဘယ်​ကြောင့် ဆို​ကြ​သ​နည်း။ 32အ​ပျို​မ​သည် မိ​မိ၌​ဆင်​သော တန်​ဆာ​ကို​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​သည် မိ​မိ​ခါး​ပန်း​ကို​လည်း​ကောင်း မေ့​လျော့​နိုင်​သ​လော။ သို့​သော်​လည်း၊ ငါ၏​လူ​တို့​သည် မ​ရေ​တွက်​နိုင်​အောင် များ​စွာ​သော​ကာ​လ​ပတ်​လုံး ငါ့​ကို မေ့​လျော့​ကြ​ပြီ။ 33သင်​သည် ရည်း​စား​ကို​ရှာ​ခြင်း​ငှာ သင်​တို့ ဘာ​သာ​ဓ​လေ့​တို့​ကို အ​ဘယ်​ကြောင့်​ပြု​ပြင်​သ​နည်း။ သင်၏​အ​သိ​အ​ကျွမ်း​တို့​ကို သွေး​ဆောင်​လေ​ပြီ​တ​ကား။ 34ထို​မှ​တစ်​ပါး၊ အ​နိုင်​အ​ထက်​ပြု​သည်​ကို သင်​မ​တွေ့။ အ​ပြစ်​မ​ရှိ​သော ဆင်း​ရဲ​သား​တို့​ကို အ​သေ​သတ်၍၊ သွန်း​သော အ​သွေး​သည် သင်၏​အ​ဝတ်​စွန်း၌ ထင်​ရှား၏။ 35ထို​သို့​သော အ​ပြစ်​များ​ရှိ​သော်​လည်း သင်​က၊ ငါ၌​အ​ပြစ်​မ​ရှိ​သော​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​မျက်​တော်​သည် ငါ​မှ​လွဲ​သွား​လိမ့်​မည်​ဟု ဆို​ပါ​သည်​တ​ကား။ ငါ၌​အ​ပြစ်​မ​ရှိ​ဟု​ဆို​သော​ကြောင့်၊ သင့်​ကို ငါ​စစ်​ကြော​စီ​ရင်​မည်။ 36သင်​သည် အ​ရပ်​ရပ်​သို့ ပြောင်း​လဲ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့် ဤ​မျှ​လောက်​လှည့်​လည်​သ​နည်း။ အာ​ရှု​ရိ​ပြည်​ကို ရှက်​ကြောက်​သည်​နည်း​တူ၊ အဲ​ဂု​တ္တု​ပြည်​ကို ရှက်​ကြောက်​လိမ့်​မည်။ 37သင်​သည် မိ​မိ​လက်​ကို မိ​မိ​ခေါင်း​ပေါ်​မှာ​တင်​လျက်၊ ထို​ပြည်​မှ အ​မှန်​ထွက်​သွား​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​ခို​လှုံ​သော​အ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည်​ပယ်​တော်​မူ​သော​ကြောင့်၊ ခို​လှုံ၍ အ​ကျိုး​ကို မ​ရ​နိုင်​ရာ။

Currently Selected:

ယေရမိ 2: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in