တရားသူကြီး 4
4
ဒေဗောရနှင့်ဗာရက်
1ဧဟုဒသေသောနောက်၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ တစ်ဖန် ဒုစရိုက်ကိုပြုသောကြောင့်၊ 2ထာဝရဘုရားသည် ဟာဇော်မြို့၌ မင်းပြုသော ခါနာန်ရှင်ဘုရင် ယာဘိန်၌ ရောင်းတော်မူ၏။ သူခန့်ထားသော ဗိုလ်ချုပ်မင်းကား၊ ဂေါအိမ်ပြည် ဟာရောရှက်မြို့၌ နေသောသိသရတည်း။ 3ထိုမင်း၌ သံရထားကိုးရာရှိ၏။ ဣသရေလအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး အလွန်ညှဉ်းဆဲသောကြောင့်၊ သူတို့သည် ထာဝရဘုရားကို အော်ဟစ်ကြ၏။
4ထိုကာလအခါ လပိဒုတ်မယား ပရောဖက်မဒေဗောရသည် ဣသရေလအမျိုးကိုအုပ်စိုး၏။ 5သူသည် ဧဖရိမ်တောင်ပေါ်၊ ရာမမြို့နှင့် ဗေသလမြို့စပ်ကြား၊ ဒေဗောရ စွန်ပလွံပင်အောက်မှာနေ၍၊ ဣသရေလအမျိုးသားတို့သည် ထိုပရောဖက်မ၏ စီရင်ခြင်းကိုခံအံ့သောငှာ ရောက်လာတတ်ကြ၏။ 6တစ်ဖန် ဒေဗောရသည် လူကိုစေလွှတ်၍၊ နဿလိခရိုင် ကေဒေရှမြို့မှာနေသော အဘိနောင်၏သား ဗာရက်ကို ခေါ်ပြီးလျှင်၊ သင်သည် နဿလိအမျိုး၊ ဇာဗုလုန်အမျိုးထဲက လူတစ်သောင်းကိုသွေးဆောင်၍ တာဗော်တောင်သို့ သွားလော့။ 7ငါသည်လည်း ယာဘိန်မင်း၏ဗိုလ်ချုပ် သိသရနှင့် ရထားဗိုလ်ပါများကို သင်ရှိရာကိရှုန်မြစ်သို့ သွေးဆောင်၍ သင့်လက်၌အပ်မည်ဟု ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်ဟု ဆင့်ဆိုလေ၏။ 8ဗာရက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူကြွလျှင် အကျွန်ုပ်သွားပါမည်။ ကြွတော်မမူလျှင်မူကား မသွားပါဟု လျှောက်သော်၊ 9ဒေဗောရက၊ ငါသည် သင်နှင့်အတူ အမှန်သွားမည်။ သို့သော်လည်း သင်သွားရာလမ်း၌ ဂုဏ်အသရေကို မရရာ။ ထာဝရဘုရားသည် သိသရကို မိန်းမ၌ ရောင်းတော်မူမည်ဟုဆိုပြီးမှ ထ၍ ဗာရက်နှင့်အတူ ကေဒေရှမြို့သို့ သွားလေ၏။
10ဗာရက်သည် နဿလိအမျိုးသား၊ ဇာဗုလုန်အမျိုးသားတို့ကို ကေဒေရှမြို့သို့ခေါ်၍ လိုက်သောသူ တစ်သောင်းနှင့်တကွ ဒေဗောရပါလျက် တက်လေ၏။ 11မောရှေ၏ယောက္ခမ ဟောဗတ်၏သားမြေးအဝင်၊ ကေနိအမျိုးသားဟေဗာသည်၊ ကေနိလူတို့နှင့်ခွာ၍ ကေဒေရှမြို့အနား၊ ဇာနိမ်သပိတ်ပင်ခြေရင်း၌ တဲကိုဆောက်လျက် နေနှင့်သတည်း။ 12အဘိနောင်၏သား ဗာရက်သည် တာဗော်တောင်ပေါ်သို့ တက်ကြောင်းကို သိသရအား ကြားပြောလျှင်၊ 13သိသရသည် မိမိရထားရှိသမျှတည်းဟူသော သံရထားကိုးရာနှင့် ဂေါအိမ်ပြည် ဟာရောရှက်မြို့မှစ၍ ကိရှုန်မြစ်တိုင်အောင် မိမိလူအပေါင်းတို့ကို စုဝေးစေ၏။ 14ဒေဗောရကလည်း ထလော့။ ယနေ့ကား ထာဝရဘုရားသည် သိသရကို သင့်လက်၌ အပ်တော်မူသောနေ့ ဖြစ်၏။ ထာဝရဘုရားသည် သင့်ရှေ့မှာ ကြွတော်မူပြီ မဟုတ်လောဟု ဆိုလေသော်၊ ဗာရက်သည် လူတစ်သောင်းနှင့်တကွ တာဗော်တောင်ပေါ်က ဆင်းလေ၏။ 15ထာဝရဘုရားသည် သိသရမှစ၍ သူ၏ရထားများနှင့် ဗိုလ်ပါစစ်သည်များ အပေါင်းတို့ကို ဗာရက်ရှေ့မှာ ဓားဖြင့် ရှုံးစေတော်မူသောကြောင့်၊ သိသရသည် မိမိရထားမှဆင်း၍ ခြေဖြင့်ပြေးလေ၏။ 16ဗာရက်သည် ရထားများ၊ ဗိုလ်ပါစစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက်မြို့တိုင်အောင် လိုက်၍၊ သိသရစစ်သူရဲအပေါင်းတို့သည် တစ်ယောက်မျှ မကျန်ကြွင်း ဓားနှင့် သေကြကုန်၏။
17သိသရသည် ကေနိအမျိုးသား ဟေဗာ၏မယား ယေလ၏တဲသို့ ခြေဖြင့်ပြေး၏။ ထိုကာလ၌ ဟာဇော်ရှင်ဘုရင်ယာဘိန်သည် ဟေဗာအမျိုးသားချင်း ကေနိလူတို့နှင့် မိတ်သဟာယဖွဲ့လျက် ရှိသတည်း။ 18ယေလသည် သိသရကို ခရီးဦးကြိုပြုခြင်းငှာ ထွက်၍၊ သခင်ဝင်ပါ၊ ကျွန်မဆီသို့ ဝင်ပါ။ စိုးရိမ်တော်မမူပါနှင့်ဟု ခေါ်သည်အတိုင်း၊ သူသည် ယေလနေရာတဲထဲသို့ဝင်၍ ယေလသည် သူ့ကို စောင်နှင့်ခြုံလေ၏။ 19သူကလည်း၊ ငါရေငတ်သည်၊ ရေအနည်းငယ်ကိုပေးပါဟု တောင်းလျှင်၊ မိန်းမသည် နွားနို့ဘူးကိုဖွင့်၍ သောက်စေပြီးမှ တစ်ဖန် ခြုံလေ၏။ 20သူကလည်း၊ တဲတံခါးဝ၌ နေပါ။ လူတစ်စုံတစ်ယောက်က ယောက်ျားရှိသလောဟု လာ၍မေးလျှင် မရှိကြောင်းကို ပြောလော့ဟု မှာထားလေ၏။ 21ထိုအခါ ဟေဗာမယားယေလသည် သိသရမောလျက် အိပ်ပျော်စဉ်တွင်၊ တဲတံသင်တစ်ချောင်းနှင့် လက်ရိုက်ကိုကိုင်လျက် သူ့ထံသို့ တိတ်ဆိတ်စွာသွား၍ တံသင်ကို မြေ၌စွဲစေသည်တိုင်အောင် သူ၏နားပန်းထဲသို့ ရိုက်သွင်းသဖြင့် သိသရသည် သေ၏။ 22ဗာရက်သည် သိသရကို လိုက်ရှာသောအခါ၊ ယေလထွက်၍ ကျွန်မဆီသို့ ဝင်ပါ။ ရှာသောသူကို ပြပါမည်ဟု ကြိုဆိုလျှင်၊ ဗာရက်သည် တဲထဲသို့ဝင်၍ သိသရသေလျက်၊ နားပန်း၌ တံသင်စူးလျက်ရှိသည်ကို မြင်လေ၏။ 23ထိုနေ့၌ ထာဝရဘုရားသည် ခါနာန်ရှင်ဘုရင်ယာဘိန်ကို၊ ဣသရေလအမျိုးသားတို့ရှေ့မှာ နှိမ့်ချတော်မူသဖြင့်၊ 24သူတို့သည် ထိုရှင်ဘုရင်ကို မဖျက်ဆီးမီတိုင်အောင် အစဉ်အောင်လျက်နေကြ၏။
Currently Selected:
တရားသူကြီး 4: JBMLE
Highlight
Share
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.