ဟောရှေ 5
5
ဣသရေလတို့ကိုတရားစီရင်ခြင်း
1အို ယဇ်ပုရောဟိတ်တို့၊ ကြားကြလော့။ အို ဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ အို နန်းတော်သားတို့၊ မှတ်မိကြလော့။ သင်တို့သည် စစ်ကြောစီရင်ခြင်းကို ခံရကြမည်။ အကြောင်းမူကား၊ သင်တို့သည် မိဇပါတောင်ပေါ်မှာ ကျော့ကွင်း၊ တာဗော်တောင်ပေါ်မှာ ထောင်သောပိုက်ဖြစ်ကြပြီ။ 2ယဇ်ကောင်တို့ကို သတ်သောအားဖြင့် မိမိတို့အပြစ်ကို များပြားစေကြ၏။ ထိုကြောင့်၊ ငါသည် ထိုသူအပေါင်းတို့၌ အပြစ်ဒဏ်ပေးမည်။ 3ဧဖရိမ်ကိုငါသိ၏။ ဣသရေလသည်လည်း ငါ့ရှေ့မှ ပုန်းရှောင်၍မနေနိုင်။ ယခုပင် အို ဧဖရိမ်၊ သင်သည်မှားယွင်း၍ ဣသရေလသည် ညစ်ညူးခြင်းရှိ၏။
ရုပ်တုကိုးကွယ်မှုကိုသတိပေးခြင်း
4သူတို့သည် ပြုမြဲပြုသောကြောင့်၊ သူတို့၏ဘုရားသခင့်ထံတော်သို့ ပြန်၍မလာနိုင်ကြ။ မှားယွင်းသောသဘော စွဲလမ်းသည်ဖြစ်၍၊ ထာဝရဘုရားကို မသိကြ။ 5ဣသရေလအမျိုး၏မာနသည် သူ့မျက်မှောက်၌ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ ဣသရေလနှင့် ဧဖရိမ်သည် မိမိတို့အပြစ်၌လဲ၍၊ သူတို့နှင့်အတူ ယုဒအမျိုးသည်လည်း လဲလိမ့်မည်။ 6သိုးစုနွားစုပါလျက်၊ ထာဝရဘုရားကိုရှာခြင်းငှာ သွားကြသော်လည်း မတွေ့ရကြ။ သူတို့နှင့် ကွာတော်မူပြီ။ 7သူတို့သည် ထာဝရဘုရားထံတော်၌ ခံသောသစ္စာကို ဖျက်ကြပြီ။ အကြောင်းမူကား၊ တစ်ပါးအမျိုးသားတို့ကို ဖွားမြင်ကြပြီ။ လဆန်းနေ့ရောက်မှ သူတို့နှင့် သူတို့ဥစ္စာသည် ပျက်စီးလိမ့်မည်။
ယုဒနှင့်ဣသရေလတို့စစ်ခင်းခြင်း
8ဂိဗာမြို့၌ နှဲခရာကိုလည်းကောင်း၊ ရာမမြို့၌ တံပိုးကိုလည်းကောင်း မှုတ်ကြလော့။ ဗေသဝင်မြို့၌ ကြွေးကြော်ကြလော့။ အို ဗင်္ယာမိန်အမျိုး၊ နောက်သို့ ကြည့်ကြလော့။ 9ဣသရေလအမျိုးအနွယ်တို့ကို ဆုံးမသတိပေးသောနေ့၌ ဧဖရိမ်သည် ပျက်စီးရလိမ့်မည်။ ဆက်ဆက် ဖြစ်လတ္တံ့သောအမှုကို ငါဖော်ပြ၏။ 10ယုဒမင်းတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့သောသူကဲ့သို့ ဖြစ်ကြ၏။ ငါသည် သူတို့အပေါ်သို့ ငါ့အမျက်ကို ရေကဲ့သို့ သွန်းလောင်းမည်။ 11ဧဖရိမ်သည် ညှဉ်းဆဲခြင်းကိုခံရ၏။ တရားစီရင်ခြင်းနှင့် တွေ့၍ ဆုံးရှုံးရ၏။ အကြောင်းမူကား၊ အမိန့်တော်အတိုင်း ကျင့်လေပြီ။ 12ထိုကြောင့်၊ ငါသည် ဧဖရိမ်၌ ကိုက်တတ်သော ပိုးကောင်၊ ယုဒအမျိုး၌ စားတတ်သောအနာကဲ့သို့ ဖြစ်မည်။ 13ဧဖရိမ်သည် မိမိအပေါက်တို့ကိုလည်းကောင်း၊ ယုဒသည် မိမိအနာကိုလည်းကောင်း မြင်သောအခါ၊ ဧဖရိမ်သည် အာရှုရိမင်းထံသို့ သွား၍၊ ယုဒသည် ရှင်ဘုရင်ယာရက်ထံသို့ စေလွှတ်သော်လည်း၊ ထိုမင်းတို့သည် သင်တို့အပေါက်ကို မဖာနိုင်၊ အနာကိုလည်း မပျောက်စေနိုင်ကြ။ 14အကြောင်းမူကား၊ ငါသည် ဧဖရိမ်၌ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ယုဒအမျိုး၌ ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း ဖြစ်မည်။ ငါသည် ကိုယ်တိုင်ကိုက်ဖြတ်၍ သွားမည်။ ချီသွား၍ အဘယ်သူမျှ မနုတ်ရ။ 15သူတို့သည် ကိုယ်အပြစ်ကို ဝန်မချ။ ငါ့မျက်နှာကို မရှာမီတိုင်အောင် ငါသည် ကိုယ်နေရာသို့ ပြန်သွား၍ နေမည်။ အမှုရောက်သောအခါ သူတို့သည် ငါ့ကိုကြိုးစား၍ ရှာကြလိမ့်မည်။
Currently Selected:
ဟောရှေ 5: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.