YouVersion Logo
Search Icon

ယေဇကျေလ 38

38
ဂေါ​ဂ​မင်းစစ်ချီလာခြင်း
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 2အ​ချင်း​လူ​သား၊ ရော​ရှ​ပြည်၊ မေ​ရှက်​ပြည်၊ တု​ဗ​လ​ပြည်​ကို အ​စိုး​ရ​သော မာ​ဂေါ​ဂ​ပြည်​သား ဂေါ​ဂ​မင်း​တစ်​ဖက်၌ မျက်​နှာ​ထား၍ ပ​ရော​ဖက်​ပြု​လျက်၊#ဗျာ၊ ၂၀:၈။ 3အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ရော​ရှ၊ မေ​ရှက်၊ တု​ဗ​လ​ပြည်​တို့​ကို အ​စိုး​ရ​သော အို ဂေါ​ဂ​မင်း၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ 4သင့်​ကို ငါ​ပြန်​လာ​စေ​မည်။ သင့်​ပါး​ရိုး​ကို သံ​ချိတ်​နှင့်​ချိတ်​ပြီး​လျှင်၊ သင်​မှ​စ၍ ထူး​ဆန်း​သော လက်​နက်​စုံ အ​မျိုး​မျိုး​ကို​ဆောင်​သော​သူ၊ ဒိုင်း​လွှား​ပါ၍ ဓား​ကို လက်​စွဲ​သော​လူ အ​လုံး​အ​ရင်း​များ​နှင့် မြင်း၊ မြင်း​စီး​သူ​ရဲ ဗိုလ်​ခြေ​အ​ပေါင်း​တို့​ကို ငါ​ဆောင်​ခဲ့​မည်။ 5အ​သီး​အ​သီး ဒိုင်း​လွှား​ကိုင်၍ သံ​ခ​မောက်​လုံး​ကို ဆောင်း​သော ပေ​ရ​သိ​ပြည်​သား၊ ကု​ရှ​ပြည်​သား၊ ဖု​တ​ပြည်​သား၊ 6ဂေါ​မာ​နှင့် သူ၏​တပ်​များ၊ မြောက်​ပြည်​သား တော​ဂါ​မ​အ​မျိုး​နှင့် သူ၏​တပ်​များ အ​လုံး​အ​ရင်း အ​ပေါင်း​တို့​သည် သင်​နှင့်​အ​တူ လိုက်​လာ​ကြ​လိမ့်​မည်။ 7သင်​သည် မိ​မိ၌​စု​ဝေး​သော လူ​အ​လုံး​အ​ရင်း​များ​နှင့်​တ​ကွ ကိုယ်​ကို​ပြင်​ဆင်​လော့။ ပြင်​ဆင်​လျက်​နေ​လော့။ သူ​တို့​ကို စောင့်​လျက်​နေ​လော့။ 8ကြာ​မြင့်​စွာ ကာ​လ​လွန်​ပြီး​မှ သင်​သည် အုပ်​ချုပ်​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ ဓား​ဘေး​နှင့်​လွတ်၍ လူ​အ​မျိုး​မျိုး​ထဲ​က နုတ်​သော​ပြည်​သား၊ ကြာ​မြင့်​စွာ ဆိတ်​ညံ​လျက်​နေ​သော ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​သို့၊ တစ်​ဖန်​ဆောင်​ခဲ့​သော ပြည်​သား​တို့​ရှိ​ရာ​သို့ နောင်​ကာ​လ၌ သင်​သည် စစ်​ချီ၍​လာ​လိမ့်​မည်။ ထို​ပြည်​သား​တို့​သည် လူ​အ​မျိုး​မျိုး​ထဲ​က နုတ်​ဆောင်​သော​သူ​ဖြစ်၍၊ တစ်​ပြည်​လုံး ငြိမ်​ဝပ်​လျက်​ရှိ​နေ​သော​အ​ခါ၊ 9သင်​သည် မိုး​သက်​မုန်​တိုင်း​ကဲ့​သို့ တက်​လာ၍၊ သင်၌​ပါ​သ​မျှ​သော တပ်​သား​အ​လုံး​အ​ရင်း​နှင့်​တ​ကွ၊ ထို​ပြည်​ကို မိုး​အုံ့​သ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ 10အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​အ​ခါ သင်​သည် အ​ရာ​ရာ​တို့​ကို အောက်​မေ့၍ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​လျက်၊ 11ရွာ​ဇ​န​ပုဒ်​များ​သော​ပြည်၊ မြို့​ရိုး​မ​ရှိ၊ တံ​ခါး​ကျင်​နှင့် တံ​ခါး​မ​ရှိ၊ စိုး​ရိမ်​စ​ရာ​အ​ကြောင်း​အ​လျှင်း​မ​ရှိ၊ ငြိမ်​ဝပ်​သော​ပြည်​သား​တို့​ရှိ​ရာ​သို့ ငါ​ချီ​သွား၍၊ 12သူ​တို့​ဥ​စ္စာ​ကို လု​ယက်​သိမ်း​ယူ​မည်။ အ​ရင်​ဆိတ်​ညံ၍ ယ​ခု​လူ​နေ​သော အ​ရပ်​တို့​ကို​လည်း​ကောင်း၊ လူ​အ​မျိုး​မျိုး​ထဲ​က စု​ဝေး​သ​ဖြင့် တိ​ရ​စ္ဆာန်​များ​နှင့် ဥ​စ္စာ​များ​ကို​ရ​တတ်၍၊ ပြည်​အ​လယ်၌​နေ​သော သူ​တို့​ကို​လည်း​ကောင်း​တိုက်​မည်​ဟု ကြံ​စည်​လိမ့်​မည်။ 13ရှေ​ဘ​ပြည်​သား၊ ဒေ​ဒန်​ပြည်​သား၊ တာ​ရှု​ကုန်​သည်​များ၊ ခြင်္သေ့​ပျို​အ​ပေါင်း​တို့​က၊ ကိုယ်​တော်​သည် သူ့​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ လာ​သ​လော။ သူ့​ဥ​စ္စာ​ကို​ဝေ​ငှ၍ ရွှေ​ငွေ​ကို​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​များ​နှင့် ဥ​စ္စာ​များ​ကို​လည်း​ကောင်း သိမ်း​သွား​လျက်၊ များ​စွာ လု​ယက်​ဖျက်​ဆီး​ခြင်း​ငှာ အ​ပေါင်း​အ​သင်း​ကို စု​ဝေး​စေ​ပြီ​လော​ဟု မေး​မြန်း​ကြ​လိမ့်​မည်။
14သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ပ​ရော​ဖက်​ပြု၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဂေါ​ဂ​အား ဆင့်​ဆို​ရ​မည်​မှာ၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​သော​အ​ခါ သင်​သည်​သိ၍၊ 15မြင်း​စီး​သော​သူ အ​လုံး​အ​ရင်း​အ​ပေါင်း၊ အား​ကြီး​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​နှင့်​တ​ကွ မြောက်​မျက်​နှာ​မှ​ချီ​လာ​မည်။ 16ပြည်​ကို မိုး​အုံ့​သ​ကဲ့​သို့ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တက်၍​တိုက်​လာ​မည်။ နောင်​ကာ​လ​တွင် ငါ၏​ပြည်​တစ်​ဖက်၌ သင့်​ကို ငါ​ဆောင်​ခဲ့​မည် မ​ဟုတ်​လော။ အ​ကြောင်း​မူ​ကား၊ အို ဂေါ​ဂ၊ လူ​အ​မျိုး​မျိုး​တို့​မျက်​မှောက်၌ သင့်​အား​ဖြင့် ငါ​သည်​ချီး​မြှောက်​ရာ​သို့ ရောက်​သော​အ​ခါ၊ သူ​တို့​သည် ငါ့​ကို​သိ​ရ​ကြ​မည် အ​ကြောင်း​တည်း။ 17အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် စစ်​ချီ​စေ​မည်​ဟု၊ လွန်​လေ​ပြီး​သော​ရှေး​ကာ​လ၌ ပ​ရော​ဖက်​ပြု​သော​ငါ၏​ကျွန် ဣ​သ​ရေ​လ​ပ​ရော​ဖက်​တို့​အား ငါ​သည် ဗျာ​ဒိတ်​ပေး​သော​အ​ခါ၊ သင့်​ကို​ရည်​မှတ်​သည်​မ​ဟုတ်​လော။
ဂေါ​ဂ​မင်း​ကို​ပြစ်​ဒဏ်​ပေး​ခြင်း
18အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ​တွင် ဂေါ​ဂ​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​လာ​သော​ကာ​လ​အ​ခါ၊ ငါ​သည် ဒေါ​သ​အ​ရှိန်​ထ၍ အ​မျက်​ထွက်​လိမ့်​မည်။ 19အ​ကယ်​စင်​စစ် ထို​အ​ခါ ဣ​သ​ရေ​လ​ပြည်၌ ကြီး​စွာ​သော လှုပ်​ရှား​ခြင်း​ဖြစ်​လိမ့်​မည်​ဟု ငါ၏​ဒေါ​သ​မီး​လောင်​လျက် ငါ​ပြော​ပြီ။ 20ပင်​လယ်​ငါး၊ မိုး​ကောင်း​ကင်​ငှက်၊ တော​တိ​ရ​စ္ဆာန်​နှင့် မြေ၌​တွား​တတ်​သော​တိ​ရ​စ္ဆာန်၊ မြေ​ပေါ်​မှာ​ရှိ​သော လူ​အ​ပေါင်း​တို့​သည် ငါ့​ရှေ့​မှာ တုန်​လှုပ်​ကြ​လိမ့်​မည်။ တောင်​တို့​သည်​ပြို​လျက်၊ အ​ဇောက်​မြင့်​သော အ​ရပ်​တို့​သည် လဲ​လျက်၊ အ​လုံး​စုံ​သော​အုတ်​ရိုး ပြုတ်​လျက် ရှိ​ကြ​လိမ့်​မည်။ 21အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ့​တောင်​များ အ​ရပ်​ရပ်​တို့​တွင် သူ့​တစ်​ဖက်၌ ဓား​ကို ငါ​မှာ​လိုက်​သ​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် ဓား​နှင့် ခုတ်​ကြ​လိမ့်​မည်။ 22ငါ​သည် ကာ​လ​နာ​ဘေး၊ အ​သေ​သတ်​ခြင်း​ဘေး​အား​ဖြင့် သူ့​ကို​ဒဏ်​ပေး​မည်။ သူ​နှင့် သူ၌​ပါ​သော​တပ်​များ၊ အ​လုံး​အ​ရင်း​များ​အ​ပေါ်​မှာ လွှမ်း​မိုး​သော​မိုး​ရေ၊ ကြီး​သော​မိုး​သီး၊ ကန့်​နှင့်​ရော​သော မီး​မိုး​ကို​ရွာ​စေ​မည်။ 23ထို​သို့​ငါ​သည် ကိုယ်​ကို​ချီး​မြှောက်၍ ရို​သေ​ဖွယ်​သော ဂုဏ်​လ​က္ခ​ဏာ​တို့​ကို​ပြ​လျက်၊ များ​စွာ​သော လူ​မျိုး​တို့​ရှေ့​မှာ ထင်​ရှား​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in