YouVersion Logo
Search Icon

ထွက်မြောက်ရာ 17

17
ကျောက်​ဆောင်​မှ​ရေ​စီး​ထွက်​ခြင်း
(တော၊ ၂၀:၁-၁၃)
1ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ သိန်​တော​ထဲ​က​ထွက်၍​ခ​ရီး​သွား​သ​ဖြင့်၊ ရေ​ဖိ​ဒိမ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်၌ လူ​များ​သောက်​ဖို့​ရာ​ရေ​မ​ရှိ။#တော၊ ၂၀:၂-၁၃။ 2ထို​ကြောင့်​လူ​များ​တို့​က၊ သောက်​ဖို့​ရေ​ပေး​ပါ​ဟု​ဆို၍ မော​ရှေ​ကို​ရန်​တွေ့​ကြ၏။ မော​ရှေ​က​လည်း၊ ငါ့​ကို အ​ဘယ်​ကြောင့်​ရန်​တွေ့​ကြ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ကို အ​ဘယ်​ကြောင့် စုံ​စမ်း​ကြ​သ​နည်း​ဟု​ဆို​လေ​၏။ 3လူ​များ​တို့​သည်​ရေ​ငတ်၍ မော​ရှေ​ကို အ​ပြစ်​တင်​မြည်​တမ်း​လျက်၊ ငါ​တို့​မှ​စ၍ သား​သ​မီး​တိ​ရ​စ္ဆာန်​တို့​ကို အ​ငတ်​ထား၍ သတ်​ခြင်း​အ​လို​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း​ဟု ဆို​ကြ​၏။ 4ထို​အ​ခါ မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်၍၊ ဤ​လူ​တို့​အား အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​ကို ခဲ​နှင့်​ပစ်​လု​ကြ​ပါ​ပြီ​ဟု လျှောက်​လေ၏။ 5ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ​များ​ရှေ့​သို့​သွား၍ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ကို​ခေါ်​လော့။ မြစ်​ကို​ရိုက်​သော သင်၏​လှံ​တံ​ကို​ကိုင်​လျက်၊ ဟော​ရပ်​အ​ရပ်​သို့​သွား​လော့။ 6ထို​အ​ရပ်၌​ရှိ​သော​ကျောက်​ပေါ်​တွင် သင့်​ရှေ့​မှာ​ငါ​ရပ်​နေ​မည်။ သင်​သည် ထို​ကျောက်​ကို​ရိုက်​ရ​မည်။ လူ​များ​သောက်​ဖို့ ထို​ကျောက်​ထဲ​က ရေ​ထွက်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ မော​ရှေ​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ရှေ့​မှာ ထို​သို့​ပြု​လေ၏။ 7ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​တွင်​ရှိ​သ​လော၊ မ​ရှိ​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​စုံ​စမ်း၍ ရန်​တွေ့​သော​အ​ကြောင်း​ကြောင့်၊ ထို​အ​ရပ်​ကို မဿာ​နှင့်​မေ​ရိ​ဘ​ဟု သ​မုတ်​သ​တည်း။
အာ​မ​လက်​တို့​နှင့်​စစ်​ဖြစ်​ခြင်း
8ထို​အ​ခါ အာ​မ​လက်​လူ​တို့​သည်​လာ၍၊ ရေ​ဖိ​ဒိမ်​အ​ရပ်၌ ဣ​သ​ရေ​လ​လူ​တို့​ကို စစ်​တိုက်​ကြ၏။ 9မော​ရှေ​က​လည်း၊ လူ​တို့​ကို​ရွေး၍ အာ​မ​လက်​လူ​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ထွက်​လော့။ နက်​ဖြန်​နေ့၌ ဘု​ရား​သ​ခင်၏​လှံ​တံ​ကို​ကိုင်​လျက်၊ တောင်​ထိပ်​ပေါ်​မှာ ငါ​ရပ်​နေ​မည်​ဟု ယော​ရှု​အား​ဆို​၏။ 10မော​ရှေ​မှာ​လိုက်​သည်​အ​တိုင်း ယော​ရှု​ပြု၍၊ အာ​မ​လက်​လူ​တို့​ကို စစ်​တိုက်​လေ၏။ မော​ရှေ၊ အာ​ရုန်၊ ဟု​ရ​တို့​သည် တောင်​ထိပ်​ပေါ်​သို့​တက်​ကြ​၏။ 11မော​ရှေ​သည် လက်​ကို​ချီ​သော​အ​ခါ၊ ဣ​သ​ရေ​လ​လူ​တို့​သည် နိုင်​ကြ၏။ လက်​ကို​ချ​သော​အ​ခါ၊ အာ​မ​လက်​လူ​တို့​သည်​နိုင်​ကြ​၏။ 12သို့​ရာ​တွင် မော​ရှေ၏​လက်​သည်​ညောင်း​သော​ကြောင့်၊ သူ​တို့​သည် ကျောက်​ကို​ယူ၍ မော​ရှေ​ကို​ထိုင်​စေ​ပြီး​လျှင်၊ အာ​ရုန်​နှင့် ဟု​ရ​တို့​သည် တစ်​ယောက်​တစ်​ဖက်​နေ၍ သူ၏​လက်​ကို​မ​ကြ၏။ သို့​ဖြစ်၍ နေ​ဝင်​သည်​တိုင်​အောင် သူ၏​လက်​တို့​သည် အ​မြဲ​နေ​လေ​၏။ 13ယော​ရှု​သည်​လည်း အာ​မ​လက်​မင်း​နှင့် လူ​များ​တို့​ကို​ဓား​လက်​နက်​ဖြင့် လုပ်​ကြံ​လေ၏။ 14ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​အ​မှု​ကို​အောက်​မေ့​စ​ရာ​ဖို့ စာ​ရေး​ထား၍ ယော​ရှု​အား​ဖတ်​ရွတ်​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​အောက်၌ အာ​မ​လက်၏​အ​မှတ်​ရှိ​သ​မျှ​ကို ငါ​ပယ်​ရှင်း​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။#တ​ရား၊ ၂၅:၁၇-၁၉။ ၁​ရာ၊ ၁၅:၂-၉။ 15မော​ရှေ​သည်​လည်း ယဇ်​ပ​လ္လင်​ကို​တည်၍၊ ယေ​ဟော​ဝါ​နိဿိ​ဟု သ​မုတ်​လေ၏။ 16အ​ကြောင်း​မူ​ကား၊ အာ​မ​လက်​လူ​မျိုး၏​လက်​သည် ထာ​ဝ​ရ​ဘု​ရား၏ ရာ​ဇ​ပ​လ္လင်​တော်၏​ရန်​ဘက်​ဖြစ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကာ​လ​အ​စဉ်​အ​ဆက် အာ​မ​လက်​အ​မျိုး​ကို​စစ်​တိုက်​တော်​မူ​လိမ့်​မည်​ဟု ဆို​သ​တည်း။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in